ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှု၊ မြေပြိုမှုတို့ဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

ဇွန် ၁၁

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်ထူထပ်သောသောဒေသတွင် လွန်ခဲ့သောရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သုံးဦးသေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးကာကွယ်ထိန်းချုပ်ရေးကော်မတီက ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါရေကြီးမှုနှင့်မြေပြိုမှုများကြောင့် Ha Giang ပြည်နယ်တွင် နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ထိုဒေသရှိ နေအိမ်အလုံးပေါင်း ၂၄၀၀ ကျော် ရေလွှမ်းမိုးခြင်းခံရသည်။ Ha Giang ပြည်နယ်သည် ရေဘေးသင့်မှုအခံရဆုံးဖြစ်ပြီး မိုးရေချိန် မီလီမီတာ ၁၀၀ မှ ၄၀၀ အထိရှိကြောင်း ခန့်မှန်းရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ရေကြီးမှုအဆိုးရွားဆုံးခံရသောဒေသဖြစ်ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ဇန်နဝါရီလမှမေလအထိ ၃၉ ဦး ထက်မနည်း သေဆုံး၊ ပျောက်ဆုံးလျက်ရှိကြောင်းဗဟိုစာရင်းအင်းရုံးကဖော်ပြထားသည်။ ထိုကာလအတွင်းဖြစ်ပွားခဲ့သောသဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးဆုံးရှုံးမှု  အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၂ သန်းရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလကဆုံးရှုံးမှုထက် ၂ ဒသမ ၃ ဆ ပိုမိုမြင့်မားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို