ဘဝသစ်ဖန်တီးပေးသော ရန်ကုန်တက္ကသိုလ်


ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

လွတ်လပ်ရေးရပြီးခါစ ၁၉၅၂ ခုနှစ် ဩဂုတ်လ ၄ - ၁၇ ရက်အတွင်း တိုင်းပြုပြည်ပြုလွှတ်တော် ပြည်တော်သာ ညီလာခံကျင်းပရာမှာ     ဘဝသစ်ဖန်တီးမှု   ပညာရေး စီမံကိန်းတစ်ရပ် တင်သွင်းခဲ့တယ်လို့  မှတ်တမ်းတစ်ခု အရ    သိရပါတယ်။     အဓိကရည်ရွယ်ချက်(၃)ရပ်ကို အောက်ပါအတိုင်း ဖတ်ရှုရပါတယ် - 
 (က) ပြည်ထောင်စုသားမှန်သမျှ   အရေး၊   အဖတ်၊  အတွက်အချက် နားလည်သူများဖြစ်စေရန်၊
 (ခ) လိုအပ်သော          စက်မှုလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်လာစေရန်၊
 (ဂ) ပြည်ထောင်စုအတွင်း      စာမတတ်သူဦးရေ နည်းပါးသွား၍   ဗလငါးတန်နှင့်   ပြည့်စုံသူ ပြည်ထောင်စုသားများ ပေါများလာစေရန်တို့ ဖြစ်ပါတယ်။
ငွေရတုကို ကျော်လွန်ခဲ့
ဘဝသစ်ဖန်တီးမှု ဒီစီမံကိန်းဟာ ရိုးရိုးနဲ့ ရှင်းရှင်း လေးပဲ ဖြစ်ပါတယ်။   ၁၉၅၂   ခုနှစ်ဆိုတော့  ရန်ကုန် တက္ကသိုလ်ဟာ ငွေရတုကို ကျော်လွန်ခဲ့ပြီး ၃၂ နှစ်အရွယ်  ရင့်ကျက်နေပြီ    ဖြစ်ပါတယ်။   သမိုင်းကိုလေ့လာရင် တိုင်းပြည်တိုးတက်ဖို့၊ လွတ်လပ်ရေးရဖို့ ပညာတတ်တွေ ရှိမှ ဖြစ်မယ်၊    တိုင်းပြည်မှာလည်း   ပညာတတ်တွေ အများကြီးလိုတယ်ဆိုပြီး     မြန်မာ့ခေါင်းဆောင်တွေက ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်က ကင်းလွတ် တဲ့ သီးခြားတက္ကသိုလ် တည်ထောင်ပေးဖို့  ၁၈၉၂  ခုနှစ် ကတည်းက တောင်းဆိုခဲ့ကြောင်း တွေ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်ရောက်တော့       ရန်ကုန်တက္ကသိုလ်ရယ်လို့ ပေါ်ပေါက်လာတဲ့အခါ     ကျောင်းသား    ၈၂၉   ဦး တက်ရောက်ခဲ့ပြီး “နတ္ထိဝိဇ္ဇာ သမံမိတ္တံ” ပညာသင်ယူ ခြင်းနှင့်တူသော မိတ်ဆွေသည်မရှိဆိုတဲ့  စကားနဲ့အညီ တာထွက်ခဲ့ပါတယ်။
ငယ်စဉ်အခါက    ရန်ကုန်ဆိုတာ   ဘယ်မှာရှိမှန်း မသိတာ    မဆန်းပါဘူး။    ရန်ကုန်တက္ကသိုလ်ဆိုတာလည်း မကြားဖူးဘူး။     ရန်ကုန်တက္ကသိုလ်သို့    ကျွန်တော် ရောက်လာမယ်ဆိုတာ သိနိုင်ဖို့ဝေးစွ။ သို့သော် ဒီစီမံကိန်း ဟာ    ဘုန်းတော်ကြီးကျောင်း   ဆရာတော်  ဦးဒီပအထိ သက်ရောက်ခဲ့ပါတယ်။ ဆရာတော်နဲ့  ဆရာဦးညီပုတို့က ကိုရင်ကျော်လို့ အမည်ရတဲ့   ကျွန်တော့်ကို   ဒေါင်းဖတ် စာအုပ်ထဲက မြန်မာစာကို ရေးတတ်၊ ဖတ်တတ်၊ နားလည် သဘောပေါက်သည်အထိ အရှိန်မြှင့် သင်ပေးခဲ့ပါတယ်။  မူလတန်းပြဆရာအသစ်ရောက်လာတော့ သင်္ကန်းဝတ် ကိုရင်ကျော်ကို အရေး၊ အဖတ်၊ အတွက်၊ အချက်တော်တာ ကို အကြောင်းပြုပြီး  အစိုးရစစ် ၄  တန်း  စာမေးပွဲဖြေမယ့် စာရင်းထဲထည့်ပေးခဲ့တဲ့    ဆရာဦးကြည်တင်၊ ဆရာ့ ကြောင့်   အလယ်တန်းကို   မြန်မြန်ရောက်ခဲ့ပါတယ်။ အစိုးရအထက်တန်းကျောင်းရောက်တော့   ကျွန်တော် တို့ရဲ့ ဆရာတွေဟာ ပညာရေးကောလိပ်ဆင်း၊  ရန်ကုန် တက္ကသိုလ်ဆင်း ဆရာတွေဆိုတာ သိရပါတယ်။
ဘုန်းကြီးကျောင်းသား       ကိုရင်ကျော်ဘဝမှာ ဆွမ်းဟင်းချိုင့်နှုတ်ခမ်းနဲ့   အဖုံးမှာ   U.S.B   ဆိုပြီး အတိုကောက်ရေးတာ   ကျွန်တော့်အဖေ   (U San Ba) ဦးစံဘလို့ စဉ်းစားတတ်ပေမယ့် U.S.A လို့  အတိုကောက် ရေးတာတွေတွေ့တော့ ဘာအဓိပ္ပာယ်လဲပေါ့။ မြန်မာပြည် မြေပုံကိုဆွဲတတ်ဖို့ လေ့ကျင့်ခဲ့ရတာတွေ၊ သက်သေပြချက် တွေ ကောင်းတော့  ကမ္ဘာကြီးလုံးတယ်ဆိုတာ  လက်ခံ ခဲ့တဲ့    ကျောင်းသားဘဝ၊    မြန်မာပြည်အလယ်ပိုင်းဟာ သဲကန္တာရဖြစ်မယ့်   အလားအလာများကြောင်း   ပထဝီ ဆရာက သင်တော့ ကျွန်တော်တို့  အညာဒေသကို ဘယ်လို  ကာကွယ်နိုင်မလဲ၊  ကာကွယ်နိုင်မယ့်နည်းတွေ  ဘယ်မှာ သင်ယူနိုင်မလဲ   စဉ်းစားရင်း   ရန်ကုန်စာစစ်  မင်းကြီးရုံးက  ကျင်းပတဲ့  တက္ကသိုလ်ဝင်စာမေးပွဲကို မလှိုင်မြို့ စာစစ်ဌာနက သင်္ချာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ  ကျွန်တော့်အတွက်   မိခင် ရန်ကုန်တက္ကသိုလ်ကြီးက ပေါက်ဖွားလာတဲ့ တက္ကသိုလ်၊ မိဘတွေနေရပ်နဲ့အလှမ်းမဝေး တဲ့   မန္တလေးတက္ကသိုလ်မှာ   တက်ရောက်ခဲ့ပါတယ်။      ရန်ကုန်တက္ကသိုလ်ကိုတော့  ၁၉၆၈ ခုနှစ် နိုဝင်ဘာလထဲမှာ ဆရာ၊ ကျောင်းသား နှစ်ဘဝနဲ့ ရောက်ခဲ့ပါတယ်။
ပို၍အရေးကြီးလာမှန်း သိရ
“To every action,  there is an  equal and  opposite reaction” အစချီတဲ့ Newton’s Law ကို ရူပဗေဒ  ဆရာကထိက ဦးကျော်မြင့်ရဲ့  သင်ကြားပုံတွေဟာ  စွဲမက် စေခဲ့ပါတယ်။   ဓာတုဗေဒသင်ပေးတဲ့    ကျွန်တော့်ဆရာ ဒေါက်တာခင်မောင်၊ လက်ချာကို အင်္ဂလိပ်လို သင်တဲ့ခေတ်၊  တစ်နေရာရောက်တော့   “alam”   လို့  ပြောလိုက်ပြီး မြန်မာလို “ကျောက်ချဉ်”လို့ ထည့်ပြောလိုက်ပါတယ်။ တပည့်တွေဟာ   လောကဓာတ်ပညာနဲ့    ထိတွေ့စမို့ ကျောက်ချဉ်ကို ဘယ်လိုဒြပ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပါ လိမ့်ဆိုတာ သိချင်လာပါတယ်။ ဆရာဒေါက်တာ ခင်မောင်ရဲ့  Carbohydrate Chemistry လက်ချာတွေမှာ Amylose, Amylopectin ပါဝင်မှုတွေ ပြောင်းလဲတာနဲ့အမျှ ဆန်၊ ဂျုံ၊ ပြောင်းတို့ရဲ့  အရည်အသွေးတွေ   ပြောင်းလဲပုံတွေဟာ နောင်သောအခါမှ ပို၍အရေးကြီးလာမှန်း သိရပါတယ်။
လောကဓာတ်ပညာရပ်တွေကြောင့်ပဲဖြစ်
နေရောင်ခြည်ဟာ  လျှပ်စစ်သံလိုက်   ရောင်ခြည်၊ စွမ်းအင်အထုပ် (Energy Packets) လေးတွေနဲ့  ဖွဲ့စည်း  ထားကြောင်း၊ စွမ်းအင်ထုပ်တွေရဲ့ လှိုင်းအလျားမတူတာ နဲ့အမျှ ရောင်စဉ်ခုနစ်မျိုးဖြစ်လာကြောင်း စမ်းသပ်မှုတွေက  သိရတော့ ဒီလိုအရောင်မတူညီတာတွေ ပေါင်းစပ်သွားတဲ့ နေရဲ့ရောင်ခြည်ဟာ        အရောင်ကင်းစင်သွားတာကို ထူးဆန်းခဲ့ရပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ဆန်းကြယ်မှု တစ်ခုအဖြစ် သိရုံသက်သက်မဟုတ် ဒီကနေ WWW ဆိုတဲ့  သင်္ကေတကြီးနဲ့     ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်ကြီး ပေါ်ပေါက်လာတာ၊    ကမ္ဘာကြီးဟာ    ရွာကြီးဖြစ်လာတာ၊    တစ်ဦးနဲ့တစ်ဦး   အနေဝေးပေမယ့်  ခရီးနီးတာဟာ ဒီလို လောကဓာတ်ပညာရပ်တွေကြောင့်ပဲ ဖြစ်တယ်။  ရူပဗေဒ၊ ဓာတုဗေဒ၊     ဇီဝဗေဒစသဖြင့်    ဘာသာရပ်အသီးသီးရဲ့ ပညာရပ်တွေကို    တက္ကသိုလ်တွေမှာပဲ   စုစုစည်းစည်း လေ့လာနိုင်တာဖြစ်ပါတယ်။   ဓာတ်ခွဲခန်းအသီးသီးမှာပဲ ထဲထဲဝင်ဝင်    နှိုက်နှိုက်ချွတ်ချွတ်   လုံလုံခြုံခြုံလေ့လာမှု၊  သုတေသနပြုမှုတွေ  ပြုလုပ်နိုင်တာဖြစ်တာမို့ တက္ကသိုလ် ဟာ ပညာရပ်ပေါင်းစုံရဲ့ ဗိမာန်ပဲ ဖြစ်ပါတယ်။ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ပညာ၊   လူသားတွေရဲ့    ဉာဏ်ရည်ဉာဏ်သွေး နှလုံးရည်တိုးတက်ရေးအတွက်        ပညာရပ်တွေဟာ တက္ကသိုလ်မှာပဲ ရှိပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးဟာ   ရှေးယခင်ကတည်းက ယခုတိုင် နိုင်ငံရဲ့ဘဏ္ဍာ၊ ပြည်သူလူထုရဲ့ငွေနဲ့  ထူထောင် နေရဆဲ ဖြစ်ပါတယ်။    ရှိရင်းစွဲ   အမြင့်ဆုံးပညာရပ်တွေနဲ့  ၂၁  ရာစုမှာ   ပေါ်ထွန်းလာတဲ့ပညာရပ်တွေကို   တိုးချဲ့ သင်ကြားပို့ချခြင်းပြုလုပ်နိုင်တဲ့      ပြည်ထောင်စုရဲ့ တက္ကသိုလ်ကြီးအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံအတွက်  လိုအပ်တဲ့   အဆင့်မြင့်ပညာရှင်တွေ၊   သုတေသီတွေ    မွေးထုတ်ပေးလျက် ရှိပါတယ်။
ဘဝသစ် ဖန်တီးနိုင်ဖို့ တာစူခဲ့ကြ
ဓာတုဗေဒပညာရပ်ကို         စတင်မိတ်ဆက်ပို့ချ ပျိုးထောင်သူ၊ ကျွန်တော်တို့ တပည့်တွေ  လေးစားရသူ ကတော့ ဆရာ ဒေါက်တာမောင်ဒီ ဖြစ်ပါတယ်။ ဆရာဟာ  ၁၉၇၇  ခုနှစ် ဇူလိုင်၊ ဩဂုတ်လထဲမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဖြစ်လာခဲ့ပါတယ်။ ဆရာဟာ သိပ္ပံအရာမှာ ကြိုးပမ်းအားထုတ်လေ့လာဆည်းပူးခဲ့တဲ့ John  Dalton,  Periodic  Table  of  Elements ကို ရေးဆွဲခဲ့တဲ့ ရုရှား လူမျိုး   D.Mendeleev  နဲ့    အဏုမြူဒြပ်စင်တွေကို ထူးထူးခြားခြား လေ့လာဆည်းပူးတွေ့ရှိခဲ့သူ ပိုလန်လူမျိုး  အမျိုးသမီး Madam Curie တို့အကြောင်းကို ထည့်သွင်း  သင်ကြားပေးတော့ ကျွန်တော်တို့  လူငယ်ကျောင်းသား တွေဟာ ဒို့ကြိုးပမ်းအားထုတ်ကြရမယ်ဆိုတဲ့ အသိစိတ်တွေ ကိန်းအောင်းခဲ့ပါတယ်။ နိုင်ငံ့သားကောင်း  ရတနာတွေဖြစ်ဖို့၊   ဘဝသစ်ဖန်တီးနိုင်ဖို့  တာစူခဲ့ကြပါတယ်။ 
လူ့ဘဝမှာ  ဆရာစွဲ၊  ဝါဒစွဲ မရှိသင့်ဘူးလို့ ဆိုကြ သော်လည်း လောကဓာတ်ပညာတွေကို အတိမ်းအစောင်း မရှိ မျိုးစေ့ချပေးခဲ့တဲ့ ဆရာဒေါက်တာမောင်ဒီ၊ ဒေါက်တာ ခင်မောင်၊ ပါမောက္ခ  ဆရာကြီး  ဦးအောင်ခင်၊  ရူပဗေဒ ကထိက ဆရာဦးကျော်မြင့်၊ သင်္ချာပါမောက္ခ ဆရာကြီး  ဦးနက်တို့ရဲ့ ထူးခြားတဲ့အမြင်တွေ၊  ရင့်ကျက်တဲ့စိတ်နေ စိတ်ထားတွေနဲ့ သင်ကြားမှုကိုရယူခဲ့ရတာမို့   အခုလို အမည်နာမတပ်ရခြင်း ဖြစ်ပါတယ်။ 
၁၉၆၄  ခုနှစ်  ပညာရေးစနစ်သစ်မှာ အင်္ဂလိပ်လို သင်ခဲ့ရာမှ မြန်မာလိုသင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဓာတုဗေဒ ဆိုင်ရာ ဝေါဟာရတွေကို မြန်မာလိုပြန်ခဲ့ကြပြီး သင်ကြား ရတဲ့ ကာလမှာ ဆရာဒေါက်တာမောင်ဒီဟာ “Element  သည် ဒြပ်စင်လော” ဟူသည့်  ခေါင်းစဉ်နဲ့  တက္ကသိုလ် ပညာပဒေသာစာစောင်မှာ ရေးသားခဲ့ပါတယ်။ သိပ္ပံဆရာ တွေ မြန်မာလိုဘာသာပြန်ဖို့၊  ဝေါဟာရတွေ  ဖန်တီးဖို့ ခက်ခဲကြောင်း မီးမောင်းထိုးပြတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ဆရာရဲ့   လက်ချာတစ်ခုမှာ   “Entropy   is  increasing,  the  Universe  is  expanding ” အင်ထရိုပီ  ဟာ မြင့်တက်တဲ့သဘောရှိတယ်၊ စကြဝဠာကြီးဟာ ကျယ်ပြန့်နေတယ်၊   စကြဝဠာကြီးဟာ   ကျုံ့လာစရာ အကြောင်းမရှိ၊ စကြဝဠာတစ်ခုနဲ့တစ်ခုဟာ ဝေးကွာဖို့ပဲ ရှိတယ်။  စားပွဲပေါ်က  စက္ကူထုပ်ဟာ   ကြမ်းပြင်ပေါ် ကျသွားရင်   ဖွာဆန်ကြဲသွားတဲ့   စက္ကူစာရွက်တွေဟာ အလိုအလျောက် စားပွဲပေါ် ပြန်ရောက်လာစရာမရှိဆိုတဲ့ ဥပမာနဲ့  အင်ထရိုပီကို  ရှင်းပြတဲ့အခါ  ကျွန်တော်တို့ တပည့်တွေရဲ့    စူးစမ်းလိုစိတ်ဟာ   ဒီဂရီမြင့်တက် လာပါတယ်။    ရေမွှေးပုလင်းကို   အလှပြင်ခန်းထဲမှာ ဖွင့်ထားရင်   ရနံ့သင်းတဲ့    ရေမွှေးမော်လီကျူးတွေဟာ အလိုအလျောက် ထွက်လာပါတယ်။  အလှပြင်ခန်းအတွင်း ပျံ့လွင့်သွားတဲ့   ရေမွှေးမော်လီကျူးတွေဟာ   ရေမွှေး ပုလင်းထဲသို့  ပြန်လည်လာရိုးထုံးစံမရှိဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ 
စက်မှုထွန်းကားဖို့အထိ တွန်းပို့နိုင်ခဲ့
 ရုပ်ဝတ္ထုဒြပ်ပစ္စည်းတို့မည်သည်  အနှေးနှင့်အမြန်  မလွဲဧကန်    ဖောက်ပြန်လိမ့်မယ်ဆိုတဲ့   သဘောဟာ အင်ထရိုပီပါပဲ။    ဒြပ်ပစ္စည်းတို့သည်   ဓာတ်ပြောင်းလဲ ကြရာတွင်   ပုံမှန်နေသားတကျ   ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတဲ့    အနေအထားမှ   အပြောကျယ်စွာ ဖြန့်ကြက်ပြောင်းလဲလေ့ ရှိတယ်ဆိုတဲ့ သဘောပဲ။ ဒီလို နက်နဲတဲ့  သိပ္ပံဆိုင်ရာ  တွေ့ရှိချက်တွေဟာ  လူမှုရေး သိပ္ပံကိစ္စတွေကို    ထင်ဟပ်သလို   ဥရောပတစ်ခွင်မှာ စက်မှုထွန်းကားဖို့အထိ တွန်းပို့နိုင်ခဲ့ကြောင်း သိနားလည်  ခဲ့ရပါတယ်။ ဆရာဒေါက်တာမောင်ဒီဟာ  ချောက်ရေနံမြေ သယံဇာတကို အခြေပြုပြီး  (Petroleum and  Natural Gas  Industry) ရေနံနဲ့ ရေနံဓာတ်ငွေ့ စက်မှုလုပ်ငန်း ထူထောင်ဖို့ စိတ်ကူးစိတ်သန်းတွေရှိခဲ့ကြောင်း တပည့်  တစ်ယောက်အနေနဲ့    သိခဲ့ရပါတယ်။  အမိမြေက သယံဇာတတွေကို   တန်ဖိုးမြှင့်နိုင်အောင်  လူ့စွမ်းအား အရင်းအမြစ်တွေ   မွေးဖွားဖို့   စိတ်ကူးစိတ်သန်းပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဆရာဟာ  မကွေးဒီဂရီ ကောလိပ်ကျောင်းအုပ်၊     မော်လမြိုင်ဒီဂရီကောလိပ်  ကျောင်းအုပ်ကြီးဘဝမှာ    ရောက်တဲ့ဒေသဝန်းကျင်ရဲ့ ထူးခြားမှုတွေကို   ရှုတတ်၊  မြင်တတ်၊  သုံးသပ်နိုင်တဲ့  ဉာဏ်ရည်ဉာဏ်သွေး ခွန်အားတွေ ရှိခဲ့ပါတယ်။ ရန်ကုန်  တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာဖို့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ 
ဆရာဒေါက်တာမောင်ဒီဟာ  ရန်ကုန်တက္ကသိုလ်က ဘွဲ့ရထူးချွန်ထက်မြက်တဲ့  ပုဂ္ဂိုလ်တစ်ဦး  ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်   ပါမောက္ခချုပ်ဘဝနဲ့   တာဝန် ထမ်းဆောင်တဲ့အခါ ရံဖန်ရံခါ သူ့ရဲ့ကျောင်းသားကတ်ကို ထုတ်ပြလေ့ရှိပါတယ်။
ဘဝသစ်ဖန်တီးနိုင်ဖို့    ကျွန်တော့်ကို  ဆွဲတင်သူ ဆရာကြီးတစ်ဦးကတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ  ပါမောက္ခ ဆရာကြီးဦးအောင်ခင် ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်   ဓာတုဗေဒဌာနမှာ   အသေးစားအဏုမြူ ဓာတ်ခွဲခန်း တည်ဆောက်ရာမှာ အမျိုးသားလူငယ် ဆရာ တစ်ဦး လိုအပ်တာကြောင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ကုန်မှာ  ရန်ကုန်တက္ကသိုလ်ကို  ရောက်ရှိလာတာဖြစ်ပါ တယ်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ -၇၂ ခုနှစ်အထိ  International  Atomic  Energy  Agency  အကူအညီနဲ့  ရောက်လာတဲ့  Dr.  S.S  Krishnan,  Dr.  RW  Thiele တို့ရဲ့ ကြီးကြပ်မှုနဲ့ ရေဒီယိုအိုင်ဆိုတုပ် တချို့ကိုသုံးပြီး အဏုမြူဓာတ်ခွဲခန်း  ကို တည်ထောင်ခဲ့ရပါတယ်။ 
IAEA    အကူအညီနဲ့   အိန္ဒိယနိုင်ငံ   ဘဟာဘာ အက်တမ်မစ်စင်တာ  (Bahaba  Atomic   Research  Centre)နဲ့ပူးပေါင်းပြီး  သုတေသနဆောင်ရွက်ခွင့်   ရရှိခဲ့ပါ တယ်။  ဒီသုတေသနလုပ်ငန်းဟာ  ကျွန်တော့်  မဟာဘွဲ့ အတွက်  ကျမ်းတစ်ဆူဖြစ်ခဲ့ပြီး  ရေးဖြေအောင်မြင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်က ဘွဲ့ချီးမြှင့်ခဲ့တဲ့ကိစ္စဟာ အဆင့်မြင့် ပညာရေးမှာ   ကိုယ်ပိုင်စီမံခွင့်  (Academic Autonomy)  ရရှိခဲ့တာကြောင့်ပဲ    ဖြစ်ပါတယ်။    တက္ကသိုလ်  နှစ်ခုက ဆီးနိတ်တာ  ဆရာကြီး ဦးအောင်ခင်၊   ဆရာဒေါက်တာ မောင်ဒီတို့ရဲ့    အဆုံးအဖြတ်ပေးနိုင်တာကြောင့်   ဆရာ၊  ကျောင်းသားတပည့်တွေက လေးစားခံရတဲ့  ဆီးနိတ်တာ ကြီးတွေ  ဖြစ်ခဲ့ကြပါတယ်။    ဒီမဟာသိပ္ပံဘွဲ့ကို   ၁၉၇၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။  ၁၉၇၀ ပြည့်နှစ်   ရန်ကုန်တက္ကသိုလ်  ရွှေရတုအခမ်းအနားကို  ဒီဇင်ဘာလ ၁ ရက်၊ နှင်းမိုးဖွဲဖွဲ  အောက်မှာ ချမ်းစိမ့်စိမ့် ကျင်းပခဲ့ပါတယ်။ ပညာရေး ဝန်ကြီး၊ တက္ကသိုလ်များ ဗဟိုကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး လှဟန်က    ရန်ကုန်တက္ကသိုလ်     ရွှေရတုသဘင်     အခမ်းအနားကို       နိုင်ငံတော်အဆင့်နဲ့      သိုက်သိုက် ဝန်းဝန်း   ဖွင့်လှစ်ပေးခဲ့ပါတယ်။   ရန်ကုန်တက္ကသိုလ်ရဲ့   ပါမောက္ခချုပ်က    ရူပဗေဒပါမောက္ခ   ဒေါက်တာ မောင်မောင်ခ  ဖြစ်ပါတယ်။
n စာမျက်နှာ ၂၀ မှ
၁၉၇၀   ပြည့်နှစ်   ရွှေရတုသဘင်   အခမ်းအနား ကျင်းပတဲ့ရက်တွေမှာ ကျွန်တော်ကိုယ်တိုင် ကျောင်းသား  လူငယ်တပည့်တွေနဲ့အတူ    ဓာတုဗေဒပြခန်း၊   ပြခန်း ဆိုသော်လည်း   သိပ္ပံဆောင်  (Science    Building) မျက်နှာစာမှာ    ပါဝင်ခဲ့ပါတယ်။ အပန်းဖြေရိပ်သာ အပေါ်ထပ်  ဈေးရောင်းပွဲတွေမှာလည်း  တက်တက်ကြွကြွ   ပါဝင်ခဲ့ပါတယ်။  ကျောင်းသားဟောင်းကြီးတွေလည်း  ပါဝင်ဆင်နွှဲခဲ့ပါတယ်။      ရန်ကုန်တက္ကသိုလ်ဆိုတဲ့ သံယောဇဉ်က အဓိက သစ်ပုပ်ပင်ကြီးကိုလည်း သတိရ၊  သူငယ်ချင်း   အပေါင်းအဖော်တွေနဲ့လည်း တွေ့ချင်၊ ဆရာတွေကိုလည်း ကန်တော့ချင်ဆိုတဲ့  ဆန္ဒပေါင်း များစွာနဲ့  လာရောက်ကြတာပဲ ဖြစ်ပါတယ်။ 
ပညာရေးနဲ့ပတ်သက်လို့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နောက်ပိုင်းမှာ စက်မှုလက်မှုတိုးတက်မှုဟာ   လျင်မြန် ကြီးထွားလာခဲ့ပါတယ်။ ဥရောပတစ်ခွင်၊ အမေရိကန် ပြည်ထောင်စု၊   ဆိုဗီယက်ပြည်ထောင်စု     နိုင်ငံတွေမှာ တက္ကသိုလ်နဲ့    တက္ကသိုလ်ပညာရေး   အယူအဆတွေ   ပြောင်းလဲလာတာ   တွေ့ရပါတယ်။   တက္ကသိုလ်တွေဟာ  အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဖြစ်ဖို့       တာစူ  လာတာ တွေ့ရပါတယ်။  Ph. D ဘွဲ့အတွက်   ကျွန်တော် တက်ခဲ့တဲ့ Salford  University သည်ပင်  ၁၉၆၀ ပြည့်နှစ်  မတိုင်မီက  အင်္ဂလန်ရဲ့  အကောင်းဆုံး   ပေါ်လီတက်ကနိ (Polytechnic) ဖြစ်ခဲ့ပါတယ်။ စက်မှုလက်မှုနဲ့ နည်းပညာ အရာမှာ   ကျွမ်းကျင်သူတွေ   မွေးထုတ်ခဲ့တဲ့  အစဉ်အလာ ကောင်းတွေကို    အကြောင်းပြုပြီး   တက္ကသိုလ်အဆင့် တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ 
ဒေသကောလိပ်တွေ ပေါ်ပေါက်ခဲ့
အမေရိကန်ပြည်ထောင်စုမှာလည်း ၁၆၃၆ ခုနှစ်က တည်ထောင်ခဲ့တဲ့   ဟားဗတ်  (Harvard)   တက္ကသိုလ်၊ ထင်ရှားတဲ့  ဘေစတန်(Boston)  တက္ကသိုလ်ကြီးတွေ ရှိသကဲ့သို့ နိုင်ငံရဲ့ အရှေ့အနောက်က လူထုရဲ့ လိုအင်တွေ ဖြည့်ဆည်းနိုင်ဖို့  လူထုအခြေပြုကောလိပ်(Community College)တွေ ဖွင့်လှစ်ခဲ့တာကို ဖတ်ရှုရပါတယ်။ အင်္ဂလန်၊  အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ တက္ကသိုလ်နဲ့ တက္ကသိုလ်ပညာရေး အယူအဆတွေဟာ မြန်မာ့ပညာရေး ကို ထင်ဟပ်ခဲ့ပါလိမ့်မယ်။ ဒါကြောင့်  ၁၉၇၀  ပြည့်နှစ်တွေ မှာ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဟု အမည်နာမ ပြောင်းလဲခဲ့သော်လည်း  အနှစ်သာရကတော့     အောက် စဖို့ဒ်၊  ကင်းဘရစ်ချ်၊ လန်ဒန်တက္ကသိုလ်ကဲ့သို့ပါပဲ။ နောက်ပိုင်းမှာ    ဒေသကောလိပ်တွေ  ပေါ်ပေါက်ခဲ့ပါ တယ်။ 
၁၉၈၀   ပြည့်နှစ်တွေမှာ  ရန်ကုန်တက္ကသိုလ်ဆိုတဲ့ မူလအမည်နာမကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုနဲ့  ကျွန်တော်ဟာ  ၁၉၇၂  ခုနှစ်မှာ  နိုင်ငံခြားပညာသင်ဆုကို ရရှိခဲ့ပါတယ်။ ဘဝသစ်ဖန်တီးမှု စီမံကိန်းမှာ ထူးချွန်သူ အပေါင်းဟာ  အကျုံးဝင်ခဲ့ပါတယ်။ ဒီစီမံကိန်း အကောင်  အထည်ဖော်တဲ့ ပညာရေးအဖွဲ့အစည်းကတော့  ရန်ကုန် တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ အကဲဖြတ် အဆုံးအဖြတ် ပေးခဲ့တဲ့  ဆရာကြီးတွေကတော့      ပါမောက္ခချုပ်     ဒေါက်တာမောင်မောင်ခ၊  ဓာတုဗေဒပါမောက္ခ ဆရာကြီး ဦးအောင်ခင်၊ မန္တလေးတက္ကသိုလ် ရုက္ခဗေဒပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ ပညာရေးဝန်ကြီးဌာန  အုပ်ချုပ် ရေးမှူး   ဒေါက်တာညီညီတို့ပဲ ဖြစ်ပါတယ်။ 
အဓိပ္ပာယ်အပြည့် ရှိစေခဲ့
ကျွန်တော့်ဆရာ  ဒေါက်တာမောင်ဒီက  မော်လမြိုင် ဒီဂရီကောလိပ်မှာ အဏ္ဏဝါသိပ္ပံဌာနကို ဖွင့်လှစ်ဖို့ စိုင်းပြင်း နေတဲ့ကာလဖြစ်ပါတယ်။   မကြာခင်မှာပဲ     အဲဒီဌာန ဖွင့်လှစ်ခွင့်ရခဲ့ပါတယ်။    ပင်လယ်ကမ်းခြေတစ်ဝိုက်က သဘာဝရေသယံဇာတပစ္စည်းတွေကို       နည်းပညာ ပေါင်းထည့်ပြီး နက်နက်နဲနဲ  လေ့လာနိုင်တဲ့  မော်လမြိုင် တက္ကသိုလ်ရှိတာဟာ မွန်ပြည်နယ် လူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်အပြည့် ရှိစေခဲ့ပါတယ်။
ဆရာ  ဒေါက်တာမောင်ဒီဟာ   ပညာရေးလောကမှာ ဆရာဒီဆိုပြီး  နာမည်ကြီးခဲ့သူဖြစ်ပါတယ်။  ၁၉၇၇  ခုနှစ် အတွင်းမှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာပါတယ်။ ကျွန်တော်က အဲဒီနှစ်အစပိုင်းမှာ နိုင်ငံခြားပညာသင်က ရန်ကုန်တက္ကသိုလ်ကို ပြန်ရောက်နေပြီမို့  ဆရာနဲ့  တပည့် ပြန်လည်ဆုံခွင့်ရခဲ့ပါတယ်။   ဆရာကြီး    ဦးအောင်ခင် အနားယူတော့ ဓာတုဗေဒပါမောက္ခဆရာကြီးက ဒေါက်တာ ကိုကိုကြီး  ဖြစ်ပါတယ်။   ဆရာကြီး  ဦးအောင်ခင်ကဲ့သို့ ဩဇာတိက္ကမကြီးသူ ဆရာကြီးဖြစ်ပါတယ်။
ပါမောက္ခဆရာကြီး       ဒေါက်တာကိုကိုကြီးဟာ ဆရာကြီးဦးအောင်ခင်ကဲ့သို့     ပညာအရာမှာ    ထူးချွန် ထက်မြက်သူဖြစ်ပါတယ်။ ဆရာ့လက်အောက်မှာ သရုပ်ပြ၊ လက်ထောက်ကထိကနဲ့ ကထိကအဆင့် နှစ်ပေါင်း ၁၁ နှစ် နီးပါး ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ဆရာကြီးလက်ထက်က ဆရာကြီးတွေကတော့ ဒေါက်တာသိန်းအောင်၊ ဒေါက်တာ သန်းသန်းညိမ်း၊   ဒေါက်တာလှဝေ၊   ဆရာ  ဦးညွန့်ဝင်း၊ ဦးယုဌေး၊ ဒေါက်တာစိုးဝင်းတို့ရဲ့ သင်ကြားသင်ယူမှုတွေဟာ မြိုင်မြိုင်ဆိုင်ဆိုင်   ဖြစ်ခဲ့ပါတယ်။  ဘောလုံးအသင်းကဲ့သို့ နှိုင်းရရင် ရှေ့တန်းတိုက်စစ်မှူးတွေ ဖြစ်ပါတယ်။ အလယ် တန်းတိုက်စစ်မှူးတွေက ဒေါက်တာမြင့်ထွန်း၊ ဒေါက်တာ မြင့်ဦး၊  နောက်တန်းတိုက်စစ်မှူးတွေကတော့  ဒေါက်တာ ခင်မာထွန်း၊ ဒေါက်တာအောင်မြင့်၊  ဒေါက်တာဦးအောင်နဲ့  ကျွန်တော်ပဲ ဆိုပါတော့။ ဂိုးသမားတွေကတော့ ကျွန်တော် တို့ရဲ့ တပည့်တွေပဲ။  ရန်ကုန်တက္ကသိုလ်ရဲ့  ပါမောက္ခချုပ် တွေကတော့ ကပ္ပတိန်တွေကဲ့သို့ တင်စားလိုပါတယ်။ 
ဆရာဒေါက်တာမောင်ဒီဟာ  တက္ကသိုလ်ကောလိပ် တွေရဲ့  ဖွဲ့စည်းပုံကို   ပါမောက္ခချုပ်ဘဝမှာ   ရေးဆွဲခဲ့ပြီး ပညာရေး ဒုတိယဝန်ကြီးဖြစ်လာတဲ့အခါ အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဖွဲ့စည်းပုံသစ်အရ ရန်ကုန် တက္ကသိုလ်မှာ ကျွန်တော်ဟာ  ကထိကဖြစ်လာပါတယ်။ ဆရာတည်ထောင်ခဲ့တဲ့  တက္ကသိုလ်များ  သိပ္ပံသုတေသန ဌာနမှာ သိပ္ပံပညာရပ်ပေါင်းစုံပါဝင်တဲ့  သုတေသနတွေကို ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ ဖွဲ့စည်းပုံသစ်အရ  ဆရာ  ဆရာမတွေဟာ   ရာထူးတွေတိုးပြီး   နိုင်ငံတစ်နံတစ်လျားက ကျောင်းသား လူငယ်တို့ဘဝသစ် ထူထောင်နိုင်ဖို့ သမိုင်းပေး တာဝန်ကို ထမ်းရွက်ခဲ့ကြပါတယ်။
ပါမောက္ခချုပ်   ဒေါက်တာကျော်စိန်၊   ဒေါက်တာ ချစ်ဆွေနဲ့   ဆရာဦးတင်ဦးလှိုင်တို့ကာလအထိ   ရန်ကုန် တက္ကသိုလ်မှာ  ကျွန်တော်ဟာ   ကထိကတာဝန်နဲ့  ၁၉၉၁ ခုနှစ်အထိ ရှိနေခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် နှောင်းပိုင်းကစပြီး ၁၉၉၁ ခုနှစ် ဇူလိုင်လအထိ ၂၃ နှစ်တာကာလအတွင်းမှာ ဓာတုဗေဒပညာဆည်းပူးတဲ့     တပည့်ပေါင်း   တစ်သောင်း  နီးပါးနဲ့ ဘဝမှာ ရေစက်ဆုံခဲ့ရပါတယ်။
ရန်ကုန်တက္ကသိုလ်    ပါမောက္ခချုပ်   ဒေါက်တာ မောင်ဒီဟာ ၁၉၈၀ ပြည့်နှစ်အထိ   ရန်ကုန်ဝိဇ္ဇာနှင့်   သိပ္ပံ တက္ကသိုလ်ဘွဲ့ရတွေကို  ဘွဲ့အပ်နှင်းရသလို   ၁၉၈၁-၈၃ ခုနှစ်တွေမှာတော့    ရန်ကုန်တက္ကသိုလ်    ဘွဲ့ရတွေကို ဘွဲ့အပ်နှင်းခဲ့ပါတယ်။ လှိုင်၊ ကြည့်မြင်တိုင်နဲ့ ဗိုလ်တထောင် ဒေသကောလိပ်တွေဟာလည်း   ရန်ကုန်ပင်မ    မိခင် တက္ကသိုလ်ကြီးနဲ့ ပေါင်းစည်းဖွဲ့စည်းခဲ့ပါတယ်။  တစ်နိုင်ငံ လုံးမှာရှိတဲ့ ဒေသကောလိပ်တို့ဟာလည်း ထိုနည်းနှင်နှင်  ပေါင်းစည်းခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားကို  ၁၉၉၅  ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ အစဉ်အလာမပျက်   စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ငွေရတု၊ ရွှေရတု၊ စိန်ရတုအခမ်းအနားတို့မည်သည်  ၂၅   နှစ် ကြာတိုင်း   တက္ကသိုလ်ရဲ့ အမြင့်ဆုံးပညာရေး ဆောင်ရွက် ချက်တွေ၊  ပညာရေး   ပြုပြင်ပြောင်းလဲနိုင်မှုတွေ၊  စာပေ၊   ဂီတ၊    အနုပညာနဲ့    သုတေသနကဏ္ဍရလဒ်တွေကို   မျိုးဆက်သစ်ကျောင်းသားလူငယ်သာမက          ပြည်သူသို့ ချပြတဲ့  အခမ်းအနားသဘင်ပဲ ဖြစ်ပါတယ်။    နိုင်ငံတော်ရဲ့  အကြီးအကဲတွေ၊ ဝန်ကြီးချုပ်တွေ တက်ရောက်ချီးမြှင့်တဲ့   အစဉ်အလာမို့     နိုင်ငံတော်အဆင့်ပဲ   ဖြစ်ပါတယ်။  တစ်နိုင်ငံလုံးရဲ့      မိခင်တက္ကသိုလ်ဖြစ်တဲ့     ရန်ကုန် တက္ကသိုလ်ရဲ့      ရတုသဘင်ဟာ    နိုင်ငံတော်အဆင့်ပဲ ဖြစ်ပါတယ်။
ဆန္ဒပြုခဲ့
ပါမောက္ခချုပ်ဆရာ   ဦးတင်ဦးလှိုင်၊   ပါမောက္ခဆရာ ဦးညွန့်ဝင်းတို့ လက်ထက်မှာ  တွဲဖက်ပါမောက္ခ  ရာထူး တိုးဖို့ ကြုံလာတဲ့အခါ    နိုင်ငံရပ်ခြားကို    ပညာသင်ခွင့်ရတဲ့ ကျွန်တော်ဟာ ကချင်၊  ရခိုင်နဲ့  ရှမ်းပြည်နယ်တို့ဆိုသည်  ဝေးလံခေါင်ဖျားဟုယူဆရန် အကြောင်းမရှိ၊ အဲဒီဒေသမှာ ရှိတဲ့ ဒီဂရီကောလိပ်တွေမှာ လစ်လပ်တဲ့  တွဲဖက်ပါမောက္ခ ရာထူးအတွက်   ဆန္ဒပြုခဲ့ပါတယ်။   ဒီအကျိုးဆက်ဟာ ရာထူးတိုး  ရထားတွဲနောက်ဆုံးက   လိုက်ပါခွင့်ရပြီး  မြစ်ကြီးနားဒီဂရီကောလိပ်ကို  ရောက်သွားခဲ့ပါတယ်။
အဲဒီမှာပဲ ကျောင်းအုပ်ကြီးတာဝန်နဲ့ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလအထိ၊ ကျောင်းအုပ်ကြီးတာဝန်နဲ့ပဲ ပဲခူးဒီဂရီ ကောလိပ်မှာ  ၁၉၉၉  ခုနှစ်အထိ၊  တစ်ဆက်တည်းမှာပဲ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ယူခွင့် ရတာမို့ ဘဝသစ်ဖန်တီးမှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ  ဖြစ်ရသည်ကို ကျေနပ်အားရမိပါတယ်။ ဒီမျှ ရှည်လျားတဲ့ ဆောင်းပါးကို ဖတ်ရတာအိပ်ငိုက်လောက်ပါပြီ။ တက္ကသိုလ် ကျောင်းသားဘဝ  သင်္ချာပါမောက္ခ  ဆရာကြီး ဦးနက်က  ကျွန်တော်တို့   အိပ်ငိုက်နေတာကို    သတိထားမိတဲ့   ဆရာကြီးဟာ တိုက်ပုံအင်္ကျီအိတ်ကပ်ထဲက  လျက်ဆား ပုလင်းလေးထုတ် လျက်ဆားလျက်ရင်း၊ “One Plus Two’’ ဘယ်လောက်ပါလိမ့်ဆိုပြီး    စာသင်ခန်းမျက်နှာကြက် ကြည့်ပြီး   ခဏတာ  စဉ်းစားနေပါတယ်။ စာသင်ခန်းက   ဆိတ်ငြိမ်သွားတော့   တပည့်တွေ  ခေါင်းထောင်လာပါ တယ်။  “Oh Yes, Three,  Three”လို့  အဖြေပေးတဲ့   အငိုက်ပြေဆေးပေးတဲ့   ဆရာကြီးကို သတိရနေပါတယ်။
“There are Two Munis in Mandalay, One is Maha Myatmuni and The Other is Me” ဆိုပြီး မိမိကိုယ်ကိုမိမိ မိတ်ဆက်တဲ့ ပါမောက္ခဆရာ  Mr. Muni  ကိုလည်း သတိရပါတယ်။  ဆရာဟာ  အင်္ဂလိပ်စာသင်တဲ့  အခါ “Man  May  Come and  Man  May go, but   I go  on Forever” ဆိုတဲ့ စာသားလေးကို မကြာခဏပြောပြီး အင်္ဂလိပ်စာကို သင်ပေးလေ့ရှိပါတယ်။ ယနေ့အချိန်ကာလ နှစ်တစ်ရာပြည့်ပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ညွှန်းလေရော့သလားလို့ ထင်ယောင်နေပါတယ်။ အဓိပ္ပာယ် တွေ   လွန်စွာပြည့်ဝတဲ့   ဒီဝါကျလေးရဲ့ အတိမ်အနက်ကို လူတိုင်းနားလည်ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးဟာ  နှစ်တစ်ရာပြည့်ကာလ အတွင်းမှာ လောကီ၊ လောကုတ္တရာသာမက ဘဝသံသရာ ခရီးအတွက်ကိုပင် လှစ်ဟဖွင့်ပြနေသလိုပါပဲ။ ရှေးယခင်က တည်ထောင်ပေးခဲ့တဲ့ ဘိုးဘွား ဘီဘင်  မဟာဌာနမှူးကြီး တွေ၊ ပါမောက္ခတွေ၊ ဒုတိယအဓိပတိတွေ၊  ပါမောက္ခချုပ် တွေလည်း မရှိတော့ပြီ။ ကျွန်တော်တို့တစ်တွေရဲ့ နောင်တော် ကြီးတွေ၊ အထင်ကရပုဂ္ဂိုလ်ကြီးတွေဟာ တာဝန်ကျေခဲ့ပြီ။ ကျွန်တော်တို့လည်း    ကောင်းမွေတွေကို  သယ်ပိုးနိုင်သမျှ ထမ်းရွက်ဆောင်ရွက်ခဲ့ကြပြီမို့    ဒီဆောင်းပါးကို  ဒီလို နိဂုံးချုပ်ချင်ပါတယ်။ 
ကျွန်တော်တို့         ရန်ကုန်တက္ကသိုလ်ကြီးဟာ  ပြည်ထောင်စုကြီးရဲ့  အချိန်ကာလဒေသအရ  လိုအင် တွေနဲ့     ထင်ဟပ်မယ့်ခရီးကို    ဆက်ကြရဦးမယ်။   ယှဉ်ပြိုင်မှုတွေ ပြင်းထန်တဲ့ကမ္ဘာကြီးမှာ မည်သို့၊ မည်ပုံ မည်သို့သောနည်းနဲ့  နေထိုင်သင့်သလဲဆိုတဲ့ အဖြေ ကိုလည်း  ရှာဖွေကြရဦးမယ်။  နိုင်ငံတကာတက္ကသိုလ်တွေ ရဲ့  စံချိန်၊   စံညွှန်းတွေမီဖို့လည်း ကြိုးစားအားထုတ်နေရ ဦးမှာ   ဖြစ်ပါတယ်။    ဒါကြောင့် ဧရာဝတီ၊   သံလွင်၊   စစ်တောင်းမြစ်ဝှမ်းတစ်ဝိုက်က       တက္ကသိုလ်တွေ၊  ပင်လယ်ကမ်းရိုးတန်းတစ်ဝိုက် အနီးအနားက တက္ကသိုလ် တွေနဲ့  တောင်တန်းဒေသကြီးတွေမှာရှိတဲ့   တက္ကသိုလ် ကြီးတွေဟာ    မိမိဒေသရဲ့    သားကောင်း၊ သမီးကောင်း ရတနာတွေ များသည်ထက်များလာအောင်  အားထုတ် နေကြရဦးမယ်။
(၂၁) ရာစုရဲ့     အနာဂတ်ကို    ကျွန်တော်တို့ ရင်ဆိုင်ဖို့    ခေတ်အဆက်ဆက်က ပြည်သူတွေထက် ကျွန်တော်တို့ရဲ့ ပညာဉာဏ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ နှလုံးသား    အရည်အသွေးတွေ  အမြော်အမြင်တွေ ပို၍လိုအပ်ပါလိမ့်မယ်။ နောင် ၂၅ နှစ်ကြာတဲ့အခါ မဝေးတော့တဲ့   ၂၀၄၅    ခုနှစ်  ရန်ကုန်တက္ကသိုလ် ရတုသဘင်အခမ်းအနားကို  ကျင်းပကြရဦးမယ်။ အဲဒီအတွက်  အလွန်တရာလှပတဲ့  ပန်းချီ ကားချပ်ကြီးကို ယနေ့ကစပြီး   အတူတကွ   ရေးဆွဲကြဦးစို့လို့  မေတ္တာဖြင့် ဂုဏ်ပြုရေးသားတင်ပြအပ်ပါတယ်။  ။
ကြေးမုံ