ဘဝပဲ့ကိုင်  ဆီမီးတိုင်များသို့…

 

 

အောင်ကြည်ညွန့် (တက္ကသိုလ်)

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့သည် (၂၈) ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အခမ်းအနားများကျင်းပလျက်ရှိပါသည်။  ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု”ဟူ၍ဖြစ်သည်။ ဆရာ ဆရာမများသည် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ပညာပေးခြင်း၊ လမ်းညွှန်ပေးခြင်းတို့ကို နေ့စဉ်ကြိုးပမ်း လုပ်ဆောင်နေကြပါသည်။

 

ကမ္ဘာ့ဆရာများနေ့ နောက်ခံသမိုင်း

 

International  Teachers’  Day  (ထိုစဉ်က World Teachers’ Day ဟု မသုံးသေး) ကို ၁၉၆၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ စတင်ကျင်းပခဲ့ပါသည်။  သိပ္ပံပညာရှင်ကြီးလည်းဖြစ်၊   ဆရာကြီးလည်းဖြစ် သည့် အိန္ဒိယနိုင်ငံ ဒုတိယသမ္မတကြီး Dr. Swarva -palli Radha Krishnan၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ၅-၉-၁၉၆၂ ရက်နေ့တွင် စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။

 

UNESCO အဖွဲ့ကြီးက ကျောင်းဆရာများအား ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလ ၅ ရက်နေ့ ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။

 

၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅   ရက်နေ့တွင်   ယူနက်စကို ဗဟိုဌာနချုပ်တည်ရှိရာ ပြင်သစ်နိုင်ငံ ပါရီမြို့၌   ကမ္ဘာ့ပညာရေးညီလာခံကြီးတစ်ရပ် ကျင်းပခဲ့သည်။ ဆရာများ၏ဂုဏ်သိက္ခာကို ဂုဏ်ပြုသောအားဖြင့်  ကမ္ဘာ့ဆရာများနေ့ ကျင်းပခြင်းကို     ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကပါ ပူးပေါင်း ပါဝင်လာပါသည်။

 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အောက်တိုဘာ လ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည့်  ၁၉၉၄ ခုနှစ်သည် ကမ္ဘာ့ပညာရေးသမိုင်းတွင် ထူးခြားသော နှစ်တစ်နှစ်ဟု ဆိုလောက်ပါသည်။ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNESCO၊ UNICEF၊ ILO နှင့် UNDP တို့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ စုပေါင်းသဝဏ်လွှာပေးပို့ပြီး ဆရာများကို ဂုဏ်ပြုချီးကျူးရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးသော ကမ္ဘာ့ ဆရာများနေ့အခမ်းအနားကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်း စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့် အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆရာများကို ဂုဏ်ပြုခဲ့ပါသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိဆိုပါလျှင် ကမ္ဘာ့ဆရာများနေ့ကျင်းပမှု သည် အကြိမ် (၂၀) ပြည့်မြောက်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အလွန်မွန်မြတ်သော ရည်ရွယ်ချက်များချမှတ်ထားရှိကာ ကမ္ဘာ့ဆရာ များနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

 

ရည်ရွယ်ချက်များမှာ -

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မြတ်ဆရာများ အပေါ် အစဉ်လေးစား တန်ဖိုးထားလာစေရန်။

အာစရိယဆရာများနှင့် ဥပဇ္ဈာယ်ဆရာ အရည်အသွေးပြည့်ဝသည့်ဆရာများ ပိုမိုပေါ်ထွန်းလာစေရန်။

ဆရာများနေ့အခမ်းအနားများကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပ၍ ဆရာများ၏ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြု ရန် စသည့်အချက်များဖြစ်ပါသည်။

 

ကမ္ဘာ့ဆရာများနေ့ကျင်းပသည့် အခါသမယသည် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ ဆရာများအပေါ် အမိအဘသဖွယ် မြတ်နိုးလေးစားတတ်သည့် မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်နှင့်အညီ ဆရာများကို ပူဇော်သည့် သီတင်းကျွတ်ချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိပါသည်။ ထို့ပြင် ပညာရေးမြှင့်တင်မှု အစီအစဉ်အရ ကျောင်းလုပ်ငန်းဆိုင်ရာ ပညာရေး ပြက္ခဒိန်ရေးဆွဲထားသည့် အချိန်ဇယားတွင်လည်း ဆရာကန်တော့ပွဲများ၊ အာစရိယပူဇော်ပွဲများ ကျင်းပ ရန် စီစဉ်ထားရှိပြီး နှစ်စဉ်နှစ်တိုင်း ပူဇော်ကန်တော့ ကြသည်ကို တွေ့ရှိရပါသည်။

 

ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာတစ်ဝန်း ယခုကဲ့သို့ ကျင်းပကြခြင်းမှာ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်သည့် လူသား အရင်းအမြစ် ပြုစုပျိုးထောင်ပေးရာတွင် ပဓာနကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့် ဆရာ ဆရာမများ ၏ တန်ဖိုးကြီးမားမှုကို ပိုမိုထင်ရှားပေါ်လွင်အောင် ဖော်ဆောင်ပေးခြင်းဖြစ်သကဲ့သို့ ဆရာ ဆရာမများ ၏ ဂုဏ်ရည်၊ ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးဂုဏ်ပြုခြင်းလည်း ဖြစ်ပါသည်။

 

တစ်မျိုးသားလုံးပညာရည်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုအစီအစဉ်များ စနစ်တကျချမှတ်ပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် “ကမ္ဘာ့ဆရာများနေ့” သတ်မှတ်ပေါ်ထွန်းလာခြင်းမှာ နိုင်ငံတော်၏ လူမှုစီးပွားရေးဆိုင်ရာ ဗိသုကာများဟု ခေါ်ဆိုရမည့် ဆရာ ဆရာမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် ပြည်သူများက ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးရမည့် လုပ်ငန်းဆောင်တာများကို လေးလေးနက်နက် စဉ်းစားဆောင်ရွက်ပေးရန် လိုအပ်လာပြီဆိုသည့် အကြောင်းအချက်တစ်ရပ် ပေါ်ထွန်းလာသည် ဟု ဆိုရမည်ဖြစ်သည်။

 

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွင် ဆရာ၏ ဂုဏ်ကျေးဇူးကို အလွန်တန်ဖိုးထားပါသည်။ အမိအဘနှစ်ပါးကဲ့သို့ ဆရာဆိုသည်မှာလည်း မလွဲမသွေရှိရမည်ဟု ခံယူထားကြပါသည်။ ကျွန်ုပ်တို့သည် မွေးဖွားလာခြင်း၌ပင် ဆရာနှင့်တွေ့ကြရသည်။ ထိုဆရာမှာ “လက်ဦးဆရာ” ပင်ဖြစ်သည်။ လက်ဦး ဆရာမှာ “မိဘ” ဖြစ်သည်။ မြန်မာမှုတွင် “လက်ဦး ဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟုဆိုထား သည်။ လက်ဦးဆရာကောင်းလျှင် သားသမီးများ ထွန်းပေါက်အောင်မြင် ယဉ်ကျေးလိမ္မာကြပါသည်။

 

မြတ်စွာဘုရားမှတစ်ပါး လူသားမှန်သမျှဆရာကူမှ လူဖြစ်ကြရပါသည်။ ဆရာမကူလျှင် လူမဖြစ်နိုင်ကြပါ။ ဘုရားရှင်သည် ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အလိုလိုသိတော်မူတတ်သောဆိုသည့်ဂုဏ်နှင့် ပြည့်စုံ ပြီးဖြစ်သောကြောင့် ဆရာမလိုအပ်ခြင်းဖြစ်ပါသည်။

 

မဃဒေဝလင်္ကာသစ်၌လည်း “အတတ်ပညာ” ဟူသည်မှာကား-

 

ဆရာတို့ထံ

နည်းခံတိုးဝင်

မသင်မမေး

အရေးမထား

မတတ်ငြားဘူး

 

ဟူ၍ ပညာသင်ကြားရေးတွင် ဆရာထံ၌ နည်းနာ ခံသင့်ပုံကို ဖော်ပြထားသည်ကိုတွေ့ရ၏။

 

တပည့်တို့သည် ဆရာရှိသောကြောင့် သက်သာ လွယ်ကူစွာ ပညာတတ်မြောက်ကြရပါသည်။ ဆရာ၏ အဆုံးအမခံယူခွင့်ရရှိသည့်အတွက် ထူးခြား လိမ္မာဖြစ်လာရပါသည်။ ဆရာကောင်းထံ နည်းခံသဖြင့် ပန်းကောင်းပန်ကာ တင့်တယ်ခြင်းဖြစ်ရပါသည်။ ဘဝတစ်ခုတင့်တယ်ခြင်းသည် ဆရာများ၏ ကျေးဇူးအများအပြားပ ါဝင်သည်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ဉာဏ်ရှိမှုတို့သည် အရေးပါသော်လည်း ဆရာ၏ပဲ့ကိုင်မှုက အလွန်အရေးပါလှ ပါသည်။

 

ဆရာကို ရိုသေမြတ်နိုးတန်ဖိုးထားတတ်သော မြန်မာတို့သည် မိမိအား ကိုယ်ထိလက်ရောက် သင်ကြားပေးသော ဆရာသာမက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ မိမိအားပညာတစ်စုံ တစ်ရာပေးနိုင်သူတိုင်းကို ကျေးဇူးရှင်ဆရာအဖြစ် အသိအမှတ်ပြုကြသည့် ဓလေ့တစ်ရပ်လည်းရှိပါသည်။

 

ဆရာဆိုသည့်ဝေါဟာရနှင့်ပတ်သက်၍ မြန်မာအယူအဆများနှင့် အနောက်တိုင်းအယူအဆ ကွာဟသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် “ဆရာ” ဟူသောစကားကို ကြားလိုက်ရလျှင် မိမိကိုယ်ကိုမိမိ မသိလိုက်ဘဲ စိတ်ထဲ၌ခံစားလိုက်မိသော စိတ်အစဉ်ကို ပြန်လည်သုံးသပ်ကြည့်မိသောအခါ “ဆရာ”သည် ကျေးဇူးတင်အပ်သော၊ ရိုသေအပ် သော၊ ကျိုးနွံအပ်သောပုဂ္ဂိုလ်မြတ်ဟု စိတ်အစဉ် တွင် ပေါ်ထွန်းလာပါသည်။

 

ဆရာနှင့်စပ်လျဉ်းပြီး ဤသို့အဓိပ္ပာယ်မျိုး ပေါ်ထွန်းနိုင်သည်ကို ပြန်လည်စဉ်းစားမိသောအခါ “ဆရာ” ကို ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ ရိုသေလေးစား မြတ်နိုးကြည်ညိုရသောကြောင့်ဟု မြင်လာပါသည်။ မိဘနှင့် ရတနာမြတ်သုံးပါးကို တစ်တန်းတည်းထားသည့် ယဉ်ကျေးမှုအယူအဆ သည် ကမ္ဘာပေါ်တွင် မြန်မာသာရှိလိမ့်မည်ဟု ထင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ ဆရာအပေါ် ထားရှိသော ရိုသေလေးစားမှုသည် အမြင့်မားဆုံး ဖြစ်ကြောင်း သက်သေသာဓကပြခြင်းဖြစ်သည်။ ထို့ကြောင့် -

 

            ဆရာ

“ဆရာ” ဟူသည်

တူညီနှိုင်းဆို

မြင်းမိုရ်တောင်ဦး

မကကျူးသည့်

ကျေးဇူးတရား

ဘုရားနှင့်နှိုင်း

တစ်ဂိုဏ်းတည်းပြ

အနန္တဂိုဏ်းဝင်

ကျေးဇူးရှင်

ဟု ပညာရှင်များက ဂုဏ်ပြုစပ်ဆိုကြပါသည်။

 

မြန်မာစာပေကို လေ့လာကြည့်လျှင် ပညာ၏ တန်ဖိုးနှင့်တကွ ဆရာ့ကျင့်ဝတ်၊ ဆရာ့ဝတ္တရား၊ ဆရာ့ဂုဏ်ရည်၊ ဆရာ့တန်ဖိုးတို့ကို ညွှန်ပြဆိုထားသည့် ကဗျာ၊ လင်္ကာ၊ ဆုံးမစာ စသောစာပေများစွာကို တွေ့ရှိရပြီး ယင်းသွန်သင်ဆုံးမမှုများကိုလည်း တပည့်များနှင့်တကွ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးကပါ ယနေ့တိုင် လက်ခံကျင့်သုံးလျက် ရှိပါသည်။

 

ဤကမ္ဘာတွင် ဆရာနှင့်ကင်းသောနိုင်ငံဟူ၍ မရှိသကဲ့သို့ ဆရာကင်းမဲ့ခဲ့သော ကမ္ဘာ့အကျော်အမော် ပုဂ္ဂိုလ်များလည်း ရှိမည်မဟုတ်ဟု ဆိုချင်ပါ သည်။ ဆရာ့တာဝန်မှာ ကြီးမားများပြားလှသည်ဟု ဆိုလျှင်လည်း ငြင်းဖွယ်ရာမရှိ၊ အနာဂတ်နိုင်ငံ့အကျိုးသယ်ပိုးနိုင်ကြမည့် နိုင်ငံ့သားကောင်းသမီးမွန်များ မွေးထုတ်ပေးရေးတာဝန်ယူရသူမှာ ဆရာ၊ မိမိနိုင်ငံပညာရည်မြင့်မားရေးနှင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ရေး အတွက် ခေတ်မီအတတ်ပညာများ၊ နည်းပညာသစ်များကို အစဉ် လေ့လာဆည်းပူးနေသူများမှာလည်း ဆရာ၊ ထိုအတတ်ပညာနည်းနာ အသစ်အဆန်းတို့ကို တပည့်တို့အား ပြန်လည်ဖြန့်ဖြူးရေး တာဝန်ယူ ရသူမှာလည်း ဆရာပင်ဖြစ်သည်။

 

ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဆရာများ နေ့ကပေးပို့သော ပထမဆုံး သဝဏ်လွှာတွင် ခေတ်မီပညာကိရိယာများ မည်မျှပင်ဆန်းသစ်ထွန်းကားနေစေကာမူ လူသားနှင့် ဆက်သွယ်ရေး၌ ဆရာလောက် မစွမ်းဆောင်နိုင်သေးပုံကို ဤသို့ဖော်ညွှန်းထားသည် ကို တွေ့ရှိရပါသည်။

 

ကျောင်းတွင်း(သို့မဟုတ်)ကျောင်းပြင်ပပညာရေးတွင် တစ်ဦး တစ်ယောက်တည်းက ထိရောက်စွာ မစွမ်းဆောင်နိုင်ပါ။ ဤလုပ်ငန်း တွင် မည်မျှခေတ်မီဆန်းပြားသောကိရိယာများ ပေါ်ထွန်းလာပါစေ လူသားနှင့် ဆက်သွယ်မှုကို အစားမထိုးနိုင်သေးပါ။ ဆရာအတတ်ပညာ လေ့ကျင့်သင်ယူထားသော နားလည်မှုဆုံးဖြတ်ချက်မျိုးကိုလည်း ထိုခေတ်မီကိရိယာများက မဆောင်ရွက်နိုင်သေးဟု ဆိုလိုပါသည်။

 

ကျောင်းသားလူငယ်များနှင့် မိဘများသည် ICT ခေတ်ကြီးတွင် အရာရာကို ကွန်ပျူတာက ဖြေရှင်းပေးနိုင်သည့်အတွက် ဆရာမလို ဟူသော အယူအဆသည် ရှေ့တန်းသို့ရောက်ရှိလာသည်။ TV Screen တစ်ခုရှိလျှင် ကျောင်းသား ၁၀၀၀ လောက် အခန်းထဲသွင်း၍ သင်နိုင် သည်။ Data Broadcastion System နှင့် အဝေးရောက်သင်ကြား နိုင်သည်။ အင်တာနက်မှာ ဆရာမလို၊ သိချင်တာမေး၍ရသည်ဟု ဆိုလာကြသည်။ Computer၊ Internet၊ TeachingMachine တို့နှင့် သင်၍ရသော်လည်း “ဆရာ” ထံမှ မေတ္တာကိုမရနိုင်တော့။ စက်ကိရိယာ များသည် ကျောင်းသားများကို မေတ္တာမပေးနိုင်ပါ။ စက်သည် ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့်အတွက် အချက်အလက်ကိုပေးပါသည်။ ဗဟုသုတကို ပေးနိုင်ပါသည်။ သို့သော် ဆရာ့ရင်တွင်း၌ တည်ရှိသော စေတနာနှင့် မေတ္တာတရားကိုမူ ကွန်ပျူတာက ထုတ်ပေးနိုင်မည်မဟုတ် ပါချေ။ စက်များသည် “စာ” ကိုတော့ သင်ပြနိုင်ကောင်းသင်ပြနိုင်မည် ဖြစ်သော်လည်း လူကိုပြင်နိုင်မည်မဟုတ်ပါ။ “ဆရာ” သည် အစားထိုး မရသော အနန္တကျေးဇူးရှင်ဖြစ်ပါသည်။

 

ကရုဏာတရား၊ အကြင်နာတရား၊ မေတ္တာတရားများကို လူသား ဖြစ်သည့် ဆရာကသာပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ဆရာသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးစလုံးမှာ ရှိနေမည်ဖြစ်ပြီး ထာဝရဟုဆိုနိုင်ပါသည်။ လူ့ဘဝတွင် မြင့်မြတ်သောဘဝကိုပိုင်ဆိုင်ပြီး ကောင်းမြတ်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်ကြသူများမှာ ဆရာများပင် ဖြစ်ကြပါသည်။ ဆရာအဖြစ် အသက်မွေးမှုကိုပင် မွန်မြတ်သော အသက်မွေးမှုဟု ရှေးဆရာတို့က ဆိုပါသည်။ ဆရာဘဝသည် ကြီးကျယ်မွန်မြတ်လှပြီး ခံ့ညားထည်ဝါလှ၏။ ဆရာဘဝကို “ဂုဏ်ရည်အမြင့်ဆုံးသော ဘဝသခင်ကျေးဇူးရှင် ဥယျာဉ်မှူး”၊ “ဘဝလမ်းကြောင်း မတိမ်းစောင်းရအောင် အမှောင်ခွင်းသည့် အလင်းရှင်”၊ “ဘဝပဲ့ကိုင် ဆီမီးတိုင်”၊ “ပန်းကိုမြတ်နိုး ပန်းပျိုးသောလက်” စသည်ဖြင့် တင်စားခေါ်ဆိုကြပါသည်။ ဆရာ့ဂုဏ်၊ ဆရာ့ကျေးဇူး များကို ဖော်ကျူးမကုန်နိုင်ပါ။

 

မိမိဝါသနာအလျောက် ဆရာလောကသို့ဝင်လာပြီး တပည့်များအပေါ် မေတ္တာစေတနာထားလျက် ကိုယ်ကျိုးမဖက် တပည့်တို့အတွက် အနစ်နာခံကာ တပည့်တို့ တတ်သိလိမ္မာသည့်တိုင် သွန်သင်ပြီး ကြီးလေးသည့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသော ဆရာကောင်း၊ ဆရာမွန်၊ “မြတ်ဆရာ” တို့၏ အရှိန်အဝါကား မည်သည့်အခါမျှမမှိန်၊ ကမ္ဘာတည်သရွေ့၊ လူ့လောကကြီးတည်ရှိနေသရွေ့ ဆရာ့ဂုဏ်ရောင် တောက်ပြောင်နေမည်သာ ဖြစ်ကြောင်းနှင့် ဆရာ့ဆရာအပေါင်းတို့အား ဂါရဝရှေ့ထားပြီး ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။