ဘတ္ထရီရှော့တိုက်ခြင်း၊ အဆိပ်ချ ငါးဖမ်းခြင်းများ ပြုလုပ်ပါက မွန်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေအရ ထိရောက်စွာအရေးယူမည်

ပေါင်  ၁၃ ဇွန်


မိုးဦးကျ မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင်အနှံ့အပြား၌ ဥများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများ ဥချရန်နေရာရှာ၍ ငါးရစ်တက်ချိန် မိုးရာသီအချိန်တွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချ၊ သားပေါက်နိုင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များ ဖမ်းဆီးခြင်းမပြုကြစေဖို့ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဇွန်လ ၁၂ ရက်နေ့၌ ပေါင်မြို့၊ ကဒါရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူပြည်သူများအား ရေချိုငါးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းနှင့် တရားမဝင်ကျားပိုက်များ ဖမ်းဆီးအရေးယူခြင်းများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

 

1

 


"မျိုးသုဉ်းရှားပါးရေနေ နို့တိုက်သတ္တဝါများအား ကာကွယ်ထိန်းသိမ်းရေး အနေဖြင့် လိပ်၊ လင်းရှူး၊ ရေဝက်၊ ဧရာဝတီလင်းပိုင်၊ လင်းပိုင်မျိုးစိတ်များ၊ ဝေလငါးများဟာ သဘာဝဘေးအန္တရာယ်ကြောင့် သောင်တင်တာမျိုး၊ လူသားတို့၏ပယောဂကြောင့် သောင်တင်တာမျိုး၊ ရေလုပ်ငန်းများတွင် အသုံးပြုသော ငါးဖမ်းပိုက်များတွင် မတော်တဆ ငြိတွယ်တာမျိုးကြောင့် သေဆုံးခဲ့ရင်ဖြစ်ဖြစ် အရှင်မိတာပဲဖြစ်ဖြစ် ဒဏ်ရာအနာတရကြောင့်ပဲဖြစ်ဖြစ် အကြောင်းတမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့ရင် မျိုးသုဉ်းသတ္တဝါများဖြစ်တဲ့အတွက် အဲ့ဒီရေနေသတ္တဝါများကို တစ်ကောင်လုံးဖြစ်စေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်စေ၊ ဖမ်းဆီးသတ်ဖြတ် ဒဏ်ရာဖြစ်အောင်ပြုလုပ်တာဖြစ်စေ၊ ဒါမှမဟုတ် လက်ဝယ်ထားရှိပြီးလွှဲပြောင်းသယ်ယူရောင်းချတာဖြစ်စေ၊ ထောက်ခံချက်မရှိဘဲ ပြည်ပကိုတင်ပို့ခြင်းများမပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။ တားမြစ်ထားတဲ့ ရေနေသတ္တဝါများ မတော်တဆ ဖမ်းဆီးရမိခဲ့ပါက အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ လိုက်နာမှုမရှိခဲ့ရင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ငါးရစ်တက်ချိန်ခုလိုကာလမှာ ဘတ္ထရီရှော့တိုက်ဖမ်းခြင်း၊ ကျင်စက်တွေနဲ့အဆိပ်ချငါးဖမ်းတာမျိုးတွေ့ရှိခဲ့ရင် မွန်ပြည်နယ်ငါးလုပ်ငန်းရေချိုငါးလုပ်ငန်းဥပဒအရ အရေးယူသွားမှာဖြစ်ပါတယ်"ဟု သထုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လှလှဝေက ပြောသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအမိန့်ကြော်ငြာစာအမှတ်-၂/၉၂ ဖြင့် ငါးရစ်ငါးသန်ရာသီချိန်များတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတပါး ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားကြောင်းသိရသည်။ ၂၀၁၉ ခုနှစ် မေလတွင် ပေါင်မြို့နယ်၊ ရင်းငြိမ်ချောင်းအတွင်း ကျားပိုက်သေး ၃ ဖုံကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် ပေါင်မြို့နယ်၊ ရင်းငြိမ်ချောင်း ရေတံခါးအပြင်ဘက်တွင် ထိပ်ဝ ၁၂ တောင်နှင့် ထိပ်ဝ ၁၀ တောင် ကျားပိုက် ၂ ဖုံကို ထပ်မံဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း သိရသည်။


ဇင်မျိုးသူ