ရန်ကုန် ၂ သြဂုတ်
၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အထူးကိစ္စရပ်အဖြစ် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် တင်ပြသည့် YBS ယာဉ်အစီးရေ ၇၀ဝ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
"၁၉၉၉ ကနေ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားအစီးရေကို လူစီးစလစ်နဲ့ အပ်နှံခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြတယ်၊ ပို့ဆောင်ရေး ဝန်ကြီးဌာနကနေပြီးတော့ ရန်ကုန်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှာ ကျွန်တော်တို့ YBS ထဲမှာ ၁၉၉၉ နဲ့ ၂၀ဝ၃ ခုနှစ်အတွင်းထုတ် ကားတွေ ပြေးဆွဲနေတဲ့အင်အား ဘယ်လောက်ရှိလဲလို့ ကျွန်တော်တို့ကို ညှိနှိုင်းတာရှိပါတယ်၊ အဲတော့ ကျွန်တော်တို့အပိုင်းက တင်ပြထားတာ အစီးရေ ၇၀ဝ ကျော် ရှိပါတယ်"ဟု ဦးလှအောင်က ပြောသည်။
အဆိုပါ ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အထူးကိစ္စရပ်အဖြစ် ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။
"ဒီ အစီးရေ ၇၀ဝ ကျော်နဲ့ ပတ်သက်လို့ အပ်နှံခွင့်က ဘယ်လိုခွင့်ပြုမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး၊ ဒါ့ကြောင့်မလို့ ကျွန်တော်တို့ဘက်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို YBS ထဲမှာ ရှိနေတဲ့ ၁၉၉၉ မှ ၂၀ဝ၃ အထိ ကားအစီးရေ ဘယ်လောက်ရှိတယ်ဆိုတာ ပေးပြီးပါပြီ၊ အဲဒီအတွက်လည်း ကညန က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ပြန်လည်တင်ပြပြီး ဖြစ်ပါတယ်၊ မကြာမတင်မှာ အဲဒီဆုံးဖြတ်ချက် သိမှာပါ" ဟု ဦးလှအောင်က ပြောသည်။
ပြည်ထောင်စုအစိုးရ အနေဖြင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစ၍ အပ်နှံခွင့် ပြုထားသော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ် ကားများသာ အပ်နှံခွင့်ရရှိသေးကြောင်း သိရသည်။
"ပြည်ထောင်စုအစိုးရက ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းစနစ်က ၂၀၁၁ ခုနှစ်မှာ စပါတယ်၊ အဲတော့ စတုန်းက ၁၉၉၅ ကနေပြီး တဖြည်းဖြည်းတက်လာတာ အခုဒီနှစ်ဆိုရင် လက်ရှိရောက်လာတဲ့နှစ်မှာ ၁၉၉၉ ခုနှစ်ကားတွေ အပ်ခွင့်ရပါတယ်၊ အဲတော့ ၁၉၉၉ ခုနှစ် ကားဆိုရင် ပြည်ထောင်စုက ထုတ်ပြန်ထားတဲ့ မူအရ ဘတ်စ်ကားအပ်ပြီး ဘတ်စ်ကားထုတ်ချင်ရင် ဒီနေ့သွားအပ် လက်ခံတယ်"ဟု ဦးလှအောင်က ပြောသည်။
သို့ဖြစ်၍ လက်ရှိ YBS ယာဉ်ထဲတွင် စက်စွမ်းအားကျခြင်း၊ အဲကွင်းမနိုင်ခြင်းတို့ကြောင့် ပြင်၍ မရတော့သည့် ၁၉၉၉ မှ ၂၀ဝ၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အထူးကိစ္စရပ်အဖြစ် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
Nyein Nyein


