ဘဏ္ဍာရေးအကျပ်အတည်းများကြားတွင် ဆေးဝါးပြတ်တောက်မှုနှင့်ပါ ရင်ဆိုင်လာရသည့် လက်ဘနွန်နိုင်ငံ

 

--- နှင်းမိုးအိမ် ---

လက်ဘနွန်နိုင်ငံသားတစ်ဦးဖြစ်သည့် တရစ်နော်ရီသည် အဘိုးဖြစ်သူအတွက် ကျောက်ကပ်ဆေး ရှာဖွေနေကြောင်းကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ၎င်း၏ အဘိုးဖြစ်သူမှာ ကျောက်ကပ်တစ်လုံးတည်းသာ အလုပ် လုပ်တော့သည်။ နောက်ထပ် လက်ဘနွန်နိုင်ငံသားတစ်ဦး ဖြစ်သည့် အိုဒီအဘူချာကရာ ကလည်း ၎င်း၏ မိသားစုဝင်တစ်ဦး ဆီးချိုရောဂါ ဖြစ်ပွားနေသည့်အတွက် လိုအပ်သည့်ဆေးဝါးကို ရှာမရဖြစ်နေကြောင်း လူမှုကွန်ရက်ပေါ်တွင် တင်ထားသည်။

မကြာခဏတွေ့ရသည့်ပြဿနာ

ယင်းကဲ့သို့ ဆေးရှာဖွေမရသည့် ပြဿနာများမှာ လွန်ခဲ့သည့် နှစ်လနီးပါးကတည်းက လူမှုကွန်ရက်ပေါ်တွင် မကြာမခဏဆိုသလို တွေ့နေရသည့် ပြဿနာများပင်ဖြစ်သည်။ လက်ဘနွန်နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းများ ပိုမိုဆိုးရွားလာပြီးနောက် ယခုလို ပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ပြင် ဆေးဆိုင်များတွင် လူတန်းရှည်ကြီးဖြစ်အောင် စောင့်ဆိုင်းနေရသည့် ဈေးဝယ်သူများကိုလည်း မကြာခဏတွေ့မြင်လာရသည်။

ပို၍ဆိုးရွားလာ

၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် ပြည်ပမှတင်သွင်းရသည့် ကုန်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ပြတ်တောက်မှုကြောင့် ဆေးဘက်ထောက်ပံ့ငွေများကို ဖျက်သိမ်းလိုက်သည်ဟု ဗဟိုဘဏ်မှ ကြေညာပြီးနောက် အဆိုပါပြဿနာများ ပို၍ဆိုးရွားလာခြင်းဖြစ်သည်။ အာဏာပိုင်များနှင့် ပြည်သူများ ဖိအားများအောက် ရောက်နေရပြီး နောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။ သို့သော်လည်း လက်တွေ့ကျသည့် လှုပ်ရှားမှုမျိုးကိုမူ မလုပ်နိုင်သေးပေ။ ဗဟိုဘဏ် မှထောက်ပံ့ကြေးများကို ဒေါ်လာဖြင့်ပေးအပ်မည်ဟု မကမ်းလှမ်းမီကတည်းကပင် ဆေးဝါးတင်သွင်းသူများသည် စာရင်းများ ချက်ချင်းပြင်နေကြပြီဖြစ်သည်။

မသေချာဖြစ်နေ

ထောက်ပံ့ကြေးများ ဖျက်သိမ်းလိုက်ခြင်းကြောင့်လည်း ဆေးဝါးတင်သွင်းသူများက ပြန်လည်ဖြန့်ဖြူးသူများထံ ဆေးများကို ဈေးကြီးကြီးဖြင့် ရောင်းချနေရသည်။ လက်ဘနွန် နိုင်ငံသားများမှာ ကြားညပ်နေရသည်။ အစိုးရက ပြည်သူများ ဈေးသက်သက်သာသာဖြင့် ဆေးဝယ်ရောင်းချပေးနိုင်ရေးအတွက် ဆေးဘက်ပစ္စည်းများ ဝယ်ယူရန် ထောက်ပံ့ကြေးကို ဆက်လက်ပေးစေလိုသည်။ သို့သော်လည်း ဗဟိုဘဏ်ဘက်ကမူ ဆေးဘက်ပစ္စည်းများ ဝယ်ယူရေး ထောက်ပံ့ကြေး မူဝါဒကို ဆက်လက်ထိန်းသိမ်းထားနိုင်မှု ရှိမရှိ မသေချာဖြစ်နေသည်ဟု လက်ဘနွန်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ မိုဟာမက် ဂျာဘာက ဆင်ဟွာသို့ ပြောသည်။

မှောင်ခိုဈေးကွက်တွင် ပြန်လည်ရောင်းချ

ထို့ပြင် လက်ဘနွန်နိုင်ငံတွင် ဆေးဝါးများ ပြတ်တောက်လျက်ရှိပြီး မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ အချို့သောသူများသည် ဆေးဆိုင်များတွင် ဆေးများဝယ်ယူစုဆောင်းကြပြီး မှောင်ခိုဈေးကွက်တွင် ကုန်သည်များကို ပြန်လည်ရောင်းချကြသည်။ အဆိုပါကုန်သည်များသည် အီဂျစ်၊ ဂျော်ဒန်အစရှိသည့် နိုင်ငံများသို့ ပြန်လည်ရောင်းချသည် ဟု ၎င်းကဆက်ပြောသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများထက် ဈေးနိမ့်စွာ ရောင်းဝယ်ရန် မူဝါဒချမှတ်မှုကြောင့်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်လိုက်ရသည့် ဆေးဆိုင်ပေါင်း ၃၀၀ ကျော်ရှိ

ဆေးဝါးကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင် ဂါဆန်အယ်အမင်ကလည်း ပြီးခဲ့သည့်နှစ်လအတွင်း စီးပွားရေးကျဆင်းမှုကြောင့် ပိတ်လိုက်ရသည့်ဆေးဆိုင်ပေါင်း ၃၀၀ ကျော်ရှိသည်ဟု ပြောသည်။ ဆေးဝါးအမျိုးစုံအတွက် ထောက်ပံ့ကြေးငွေပေးသည်ထက် အချိုးကျ ထောက်ပံ့ကြေး ငွေပေးခြင်းကသာလျှင် လက်ရှိ အခက်အခဲကို လျင်လျင်မြန်မြန် ဖြေရှင်းပေးနိုင်မည်ဟု လက်ဘနွန် အာဏာပိုင်များကို ၎င်းက တိုက်တွန်းထားသည်။ ဆေးဝါးများအားလုံး ပြတ်တောက်သွားသည်ထက်စာလျှင် တချို့သောဆေးများကို ဈေးကြီးကြီးဖြင့် ပေးဝယ်ယူရခြင်းက ပြည်သူများအတွက် ပို၍ ကောင်းမွန်လိမ့်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

လာမည့်သီတင်းပတ်အတွင်း လက်ဘနွန်ရှိဆေးရုံများက ၎င်းတို့ အနေဖြင့် ကျောက်ကပ်ဆေးခြင်း လုပ်ငန်းများကို ယာယီရပ်ဆိုင်းရတော့မည့် အခြေအနေရှိသည်ဟု ဇွန် ၉ ရက်တွင် ကြေညာခဲ့ကြသည်။ လက်ရှိလက်ဘနွန်နိုင်ငံတွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအကျပ် အတည်းနှင့် ကျန်းမာရေးစနစ် ပြိုလဲမှုပင်ဖြစ်သည်။ လက်ဘနွန်နိုင်ငံ၌ လက်ရှိတွင် ဆေးဝါး၊ လောင်စာဆီနှင့် အခြားသော အခြေခံ ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

အပြစ်ဖို့ထား

ဓာတ်ဆီဆိုင်များတွင်လည်း လောင်စာဖြည့်ရန် စောင့်ဆိုင်းနေကြရသည့် လူများကို တွေ့မြင်နေရသည်။ ၎င်းတို့ထဲမှ ကျန်းမာရေးကဏ္ဍမှာ အဆိုးဆုံးဖြစ်နေရသည်။ ဆေးဝါး ပြတ်တောက်မှုများကြောင့် လာမည့်သီတင်းပတ်မှစတင်ကာ ကျောက်ကပ်ဆေးခြင်းလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားရတော့မည်ဟု ဆရာဝန်များက ပြောသည်။ ဆေးဝါးတင်သွင်းသူများနှင့် ဗဟိုဘဏ်၏ ငွေကြေးထောက်ပံ့မှု အငြင်းပွားမှုများကြောင့် ဆေးဝါးပြတ်တောက်မှုများ ဖြစ်ပေါ်လာရသည်ဟုလည်း အပြစ်ဖို့ထားသည်။

လူနာများ ဆက်လက်လက်ခံရန်မလွယ်

ဆေးရုံများနှင့် ဆေးဝါးကဏ္ဍမှာ ယင်းအခြေအနေတွင်ဆက်လက် ရှင်သန်ရန်မဖြစ်နိုင်ဟုလည်း လက်ဘနွန် အမေရိကန်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာစင်တာမှ အကြီးအကဲဖြစ်သူ ဂျော့ဂန်နာက ပြောသည်။ ခက်ခဲသည့်နေ့ရက်များနှင့် အလွန်အမင်း နီးကပ်လာပြီဖြစ်ပြီး  ယခုအခြေအနေအတိုင်းဆိုလျှင် လူနာများကို ဆက်လက်လက်ခံနိုင်တော့မည် မဟုတ်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ကြက်ခြေနီအသင်း သို့မဟုတ် ဆေးရုံများသို့ ဆေးဝါးအကူအညီများ ပေးရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကုလသမဂ္ဂထံ တောင်း ဆိုထားသည်။ ။

အဆိုးရွားဆုံး အခက်အခဲ

လက်ရှိတွင် ဆေးဝါးအမျိုးအစားပေါင်း ၃၅၀ ကျော် လက်ဘနွန် နိုင်ငံ၌ ပြတ်တောက်နေသည်ဟု သိရသည်။ လက်ဘနွန်နိုင်ငံတွင် ကြုံတွေ့နေရသည့်အခက်အခဲမှာ နိုင်ငံရေးအလွှာအတွင်း အမြစ်တွယ်နေသည့် စီမံခန့်ခွဲမှုမှားယွင်းမှုနှင့် အကျင့်ပျက်ခြစားမှုတို့ကြောင့်ဖြစ်ပြီး လူဦးရေထက်ဝက်ကျော်မှာလည်း ဆင်းရဲမွဲတေကြရသည်။ လက်ဘနွန်တွင် လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းမှာ နှစ်ပေါင်း ၁၅၀ အတွင်း အဆိုးရွားဆုံး အခက်အခဲဟုလည်း ကမ္ဘာ့ဘဏ် က ပြောသည်။

မေ့ဆေးပြတ်တောက်နိုင်

လောင်စာဆီအပါအဝင် အခြားသောကဏ္ဍများတွင်လည်း ခက်ခဲသည့် အခြေအနေများနှင့် ကြုံတွေ့နေရသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုမှာ ထိခိုက်မှုအများဆုံးဖြစ်နေသည်။ အချို့သော ဆေးရုံများတွင် ခွဲစိတ်ပေးမှုအချို့ကို ရပ်နားထားရသကဲ့သို့ ဓာတ်ခွဲခန်းများတွင်လည်း ပစ္စည်းမလုံလောက်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ပြင် မကြာမီရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုများအတွက် မေ့ဆေးပြတ်တောက်မှုနှင့်ပါ ကြုံတွေ့လာနိုင်ဖွယ်ရှိသည်ဟု ဆရာဝန်များက သတိပေးထားသည်။ ။ ။

ဆင်ဟွာ