ရန်ကုန် မတ် ၂၉

 

မန္တလေးငလျင်ကြီး ဖြစ်စဉ်ကြောင့် ဘဝနတ်ထံပျံလွန်/ အသက် ဆုံးရှုံးခဲ့ကြသည့် ဆရာတော် သံဃာတော်များနှင့် လူမျိုးမရွေး၊ ဘာသာမရွေး လူပုဂ္ဂိုလ်များအား ရည်စူး၍ ရှင်သာမဏေ အပါး ၁၈၀ တို့အား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် နဝကမ္မဝတ္ထုများ လောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီး (မြောက်) ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း၌ ပြုလုပ်သည်။

 

ဦးစွာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီး (မြောက်) ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယက ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ နိမလနှင့် ဒါယကာ ဒါယိကာမများ စုပေါင်း၍ လိပ်ပြာကန်ကျောင်းတိုက်အတွင်းရှိ ကျောင်းတိုက်များမှ ရှင်သာမဏေအပါး ၁၈၀ တို့အား နဝကမ္မဝတ္ထုများ လောင်းလှူကာ ဒေါက်တာ ဘဒ္ဒန္တနိမလက ဆုတောင်းအမျှပေးဝေခဲ့သည်။

 

ထို့ပြင် ဒေးဒရဲမြို့နယ် ဂုံမင်းကွင်း ကျေးရွာအုပ်စု ထိုင်ကူမြစ်တန်းကျေးရွာ၌ အသက် ၈၀ နှင့်အထက် အဘိုးအဘွား ၂၀၀ကျော် တို့အား မတ် ၂၂ ရက်က နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗလ