ရန်ကုန် ဧပြီ ၂၂
ဗဟန်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကွန်ပျူတာ ပညာရပ်ကို အခြေခံတက် မြောက်စေရန်ရည်ရွယ်ကာ၊ ဗဟန်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ခန်းမတွင် ယနေ့နေ့လည်(၁)နာရီက ဖွင့်လှစ်လျက်ရှိသည်။
အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဧပြီလ(၂၂) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတို့ တက်ရောက် သင်ကြားလျက်ရှိပြိး သင်တန်းကာလမှာ ဧပြီလ(၂၂)ရက်နေ့မှ မေလ(၂၂)ရက်နေ့ အထိ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့တိုင်း သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အခြေခံ စာစီစာရိုက်နည်းများနှင့် အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်းလည်း သိရသည်။
ကျော်ဆန်းမြင့်


