ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းရီမယ်(လ်)တိုက်ခတ်မှုကြောင့် ခုနစ်ဦးသေဆုံး

မေ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့ညပိုင်းက ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)တိုက်ခတ်မှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဒေသစံတော်ချိန် ည ၈ နာရီက ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏အနောက်ဘန်ဂေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခဲ့သည်ဟု မိုးလေဝသဌာနရှိဆိုင်ကလုန်းသတိပေးရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ကမ်းခြေခရိုင် တစ်ဒါဇင်ခန့်ရှိ  ကောက်ပဲသီးနှံများပျက်စီးခဲ့သည်။ မုန်တိုင်းအန္တရာယ်ရှိသော ခရိုင် ၁၀ ခုမှ လူပေါင်း ၈၀၀၀၀၀ ထက်မနည်းကို ဘေးလွတ်ရာနေရာများသို့ပြောင်းရွှေ့ပေးပြီးဖြစ်သည်ဟု သိရသည်။

လူဦးရေ ၁၅ သန်းမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ရင်ဆိုင်နေရကြောင်းနှင့် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် လုံလောက်သောစီမံချက်များပြုလုပ်ထားကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို