ဗဟန်း၊ ကွတ်ခိုင်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၃


  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရလမ်းတွင် နေလင်းအောင်(ခ)ဘိုဘိုအောင်(ခ)ဇိုဘိုင်း မောင်းနှင်ပြီး ဖြိုးဝေလင်း(ခ)ဟာနစ် လိုက်ပါလာသည့် Probox အမျိုးအစား အငှားယာဉ်ကို စစ်ဆေးရှာဖွေရာ အိုက်စ်  ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် စောဝီလျှံ(ခ)ဝီလျှံနှင့် မမေဇင်ထွန်း တို့ကိုလည်းကောင်း။

အလားတူ နိုဝင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ အမှတ်(၇)ရပ်ကွက်၊ အိမ်အမှတ်(၇/၂၈၁)နေ မလော်ကွယ်စို ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၄၄ ကီလိုကို လည်းကောင်း။

ထို့အတူ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်ခမ်းချို ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ရှီဘ နှင့် အာဇာနည် တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်ခမ်းချိုကျေးရွာနေ ကျာမူး နှင့် ရားလော် တို့ကို ၎င်းတို့၏နေအိမ်တွင်လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)