ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား ကျောင်းသူ (၂) ဦးအား ချောင်းဆုံမြို့နယ်တွင် ကြိုဆိုဂုဏ်ပြု

ချောင်းဆုံ ၇ မေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့နယ်ကိုယ်စားပြု ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား ကျောင်းသူ (၂) ဦးအား ကြိုဆိုဂုဏ်ပြုခြင်းကို မေလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုခံရသော ကျောင်းသား ကျောင်းသူ (၂) ဦးမှာ ဘက်စုံထူးချွန် လူရည်ချွန် (၃) ထပ်ကွမ်း ရရှိသော (အ.ထ.က)ချောင်းဆုံမှ (ဒသမတန်း) ကျောင်းသူ မထက်ထက်ဝတ်ရည် (ဘ)ဦးဇော်မင်းထွေးနှင့် ဘက်စုံထူးချွန် လူရည်ချွန် (၂) ထပ်ကွမ်းရရှိသော (အ.ထ.က)ချောင်းဆုံမှ (နဝမတန်း) ကျောင်းသား မောင်ပြည့်စုံဖြိုး (ဘ) ဦးဉာဏ်မြင့်တို့ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အနေဖြင့် ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား ကျောင်းသူ (၁၆) ဦးရှိပြီး ၄င်းတို့ကို ပြည်နယ်အစိုးရအဖွဲ့မှ အပန်းဖြေခရီးစဉ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ဒီလို ချောင်းဆုံတစ်မြို့နယ်လုံး ကြိုဆိုရတာက လူရည်ချွန် ကျောင်းသား ကျောင်းသူတွေကို မိမိတို့ မြို့နယ် က ကျောင်းသား ကျောင်းသူ လူငယ်တွေ အားကျ အတုယူပြီး နောက်နှစ်တွေမှာလည်း ဘက်စုံထူးချွန်တဲ့ လူရည်ချွန်တွေ ပိုပြီးပေါ်ပေါက်လာစေမယ်လို့” ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က ပြောသည်။

ဂုဏ်ပြုကြိုဆိုပွဲသို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ချောင်းဆုံမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)