ဘက်စုံဖြည့်ဆည်း တာဝန်ကျေပွန်ခဲ့သည့် မိုးဗြဲဆည်

နယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယင်းဒေသတွင်နေထိုင်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရန်မှာ ယင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံး ရေရရှိရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ အခြေခံအဆောက်အအုံများ ပြည့်စုံရေးတို့သည် မရှိမဖြစ်လိုအပ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သည်လည်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောကဏ္ဍတစ်ခုအဖြစ် နေရာယူလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူအများစုမှာ လောပိတဟူသော အမည်နာမနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြသည်။ ယင်းမှာ နိုင်ငံတစ်ဝန်းရှိ နေရာဒေသအတော်များများသို့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပို့ဆောင်ပေးနေသော ရေအားလျှပ်စစ် စက်ရုံကြီးပင်ဖြစ်သည်။ လောပိတ ရေအားလျှပ်စစ် စက်ရုံကြီး စွမ်းအားပြည့် လည်ပတ်နိုင်ရန်အတွက် များပြားလှသော ရေအရင်းအမြစ်များကို သိုလှောင်ထိန်းချုပ် ပို့လွှတ်ပေးနေသည်မှာကား မိုးဗြဲရေလှောင်တမံ သို့မဟုတ် မိုးဗြဲရေကာတာကြီးပင်ဖြစ်သည်။

 

ကယားပြည်နယ် လွိုင်ကော်မြို့၏မြောက်ဘက် ၁၈ မိုင်အကွာတွင် တည်ရှိသော မိုးဗြဲရေလှောင်တမံကြီးသည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းစားသုံးနိုင်သော ငါးသယံဇာတများထုတ်လုပ်ရေး စသည့်ကဏ္ဍ များကို တာဝန်ယူဆောင်ရွက်ပေးနေသည်မှာ နှစ်ပေါင်း ၄၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

 

၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်ပြီး ၁၉၇၁ ခုနှစ် စက်တင်ဘာ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ကာယ၊ ဉာဏလုပ်သား ၂၆၅၆ ဦးနှင့် ပုံစံထုတ်လုပ်သည့်အဖွဲ့ ORRJE & CO SWEDEN၊ တည်ဆောက်ရေးအကြံပေးအဖွဲ့ WIDMARK & PLATZER CO SWEDEN တို့ ပါဝင်တည်ဆောက်ခဲ့ကြောင်း မိုးဗြဲရေကာတာတည်ဆောက်ရေး ကမ္ပည်းမော်ကွန်း ကျောက်စာတွင် ရေးသားထားချက်များအရ သိရသည်။

 

“လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးတဲ့အခါကျတော့ ဘီလူးချောင်းကရေကို သဘာဝအတိုင်းရယူပြီးစွမ်းအင်ထုတ် ၂၈ မဂ္ဂါဝပ် တာဘိုင် သုံးခုကို လည်ပတ်ဓာတ်အားပေးနိုင်ခဲ့ပါတယ်၊ မိုးဗြဲရေကာတာ တည်ဆောက်ပြီးသွားတဲ့ အခါမှာတော့ ၂၈ မဂ္ဂါဝပ်တာဘိုင် သုံးလုံး ထပ်တိုးလည်ပတ်စေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လွှတ် ပေးနိုင်ခဲ့ပါတယ်၊ ၁၉၉၃ ခုနှစ်မှာ ဘီလူးချောင်း အမှတ်(၁)စက်ရုံ တည်ဆောက်ပြီးစီးသွားလို့ ၁၄ မဂ္ဂါဝပ်တာဘိုင်နှစ်လုံးနဲ့ ထပ်တိုးလည်ပတ်ပေးနိုင်ခဲ့ပါတယ်၊ ၂၀၁၄ ခုနှစ်မှာတော့ ဘီလူးချောင်း အမှတ်(၃)အဖြစ် ၂၆ မဂ္ဂါဝပ် စက်နှစ်လုံးနဲ့ ထပ်ပြီးလည်ပတ်နိုင်ခဲ့ပြီဖြစ်လို့ လောပိတ ရေအားလျှပ်စစ်ကနေ ဓာတ်အားထုတ်လွှတ်နိုင်မှုက ၂၄၈ မဂ္ဂါဝပ်ဖြစ်လာပြီး အဲဒီစက်တွေ စွမ်းအားပြည့်လည်ပတ်နိုင်ဖို့အတွက် ရေလိုအပ်ချက်ကိုမိုးဗြဲကနေ ထိန်းညှိ ပို့လွှတ်ပေးနေပါတယ်”ဟု မိုးဗြဲရေလှောင်တမံမှ အင်ဂျင်နီယာဦးလှအောင်က ရှင်းပြသည်။

 

 

မိုးဗြဲရေကာတာ၏ ထူးခြားချက်မှာ ရေစူးအနက်လေးပေရှိ ရေယာဉ်များကို ရေကာတာ အပေါ်မှအောက်သို့၊ အောက်မှအပေါ်သို့ ရေလှောင်တံခါးနှစ်ခုဖြင့် အတင်အချပြုလုပ်ပေးပြီး ဖယ်ခုံ၊ အင်းလေး၊ လွိုင်ကော်ထိ ၇၆မိုင်ခန့်ရှည်လျားသော ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ယင်းသည် ပနားမားတူးမြောင်း၏ လုပ်ဆောင်ချက်များကဲ့သို့ပင်ဖြစ်ပြီး အရွယ်အစား အကြီးအသေးပုံစံသာကွာခြားသည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ရေကာတာကြီးဖြစ်ကြောင်း။

 

သို့သော် လုံခြုံရေးအခြေအနေအရ ၁၉၉၉ ခုနှစ်မှစ၍ ရေလမ်းကို ပိတ်ထားခဲ့ကြောင်း၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ငါးသယံဇာတစသည်ဖြင့် ဘက်စုံဖြည့်ဆည်း တာဝန်ကျေပွန်ခဲ့သော မိုးဗြဲရေကာတာကြီးကို နိုင်ငံခြားပညာရှင်အဖွဲ့နှင့် ညှိနှိုင်း၍ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင် ရန် စီမံလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မိုးဗြဲရေလှောင်တမံ၏ ရေအရင်းအမြစ်ရရှိမှုမှာ အင်းလေးကန်မှရေသည် ဘီလူးချောင်းမှတစ်ဆင့် စီးဝင်ခြင်းဖြစ်ရာ အင်းလေးကန်သည် အထက်မိုးဗြဲဟုပင် တင်စားခေါ်ဆိုထိုက်သော ကန်ကြီးဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ခြင်းကြောင့် မိုးဗြဲရေလှောင်တမံကို ထိန်းသိမ်းသကဲ့သို့ အင်းလေးကန်ကိုလည်း ပြုပြင်ထိန်းသိမ်းရမည်ဖြစ်သည်။ ယခုအခါအင်းလေးကန်၏ အကျယ်အဝန်း၊ ရေစီးဝင်မှု အခြေအနေများ လျော့ပါးလာနေကြောင်း တွေ့ရသကဲ့သို့ အင်းလေးကန် ထိခိုက်ပျက်စီးမှု များသည် မိုးဗြဲသို့လည်း မလွဲမသွေ သက်ရောက်လာမည်ဖြစ်သည်။ သို့ပါ၍ ဒေသတွင်း အတွက်၊ နိုင်ငံတော်အတွက် ကျေးဇူးပြုနေသော အင်းလေးနှင့် မိုးဗြဲညီတော် နောင်တော် ကန်ကြီးများကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် လွန်စွာအရေးကြီးလှပါကြောင်း.....။

 

ခွန်းဆက်နေ