နေပြည်တော် ဧပြီ ၂၅
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် သူရဦးဘိုနီ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး အနာဂတ်နိုင်ငံတော်၏ ကြီးမားသောတာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာကာ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် အတွေ့အကြုံရင့်ကျက်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသော နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများကို ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမိုထက်မြက် ထူးချွန်စေရန် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၁၂ ခုနှစ်မှစတင်ပြီး (၁)နှစ်လျှင် (၂)ကြိမ်စီ ဖွင့်လှစ်ပေးခဲ့ရာမှ ၂၀၂၂-၂၀၂၃ လေ့ကျင့်ရေးနှစ်တွင် (၄)ကြိမ်စီတိုး၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း။
သင်တန်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာန(၈)ခုမှ ဆရာ၊ ဆရာမများက ပို့ချဆွေးနွေးခြင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ မူဝါဒများ၊ စီမံကိန်းများနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခြင်းအပြင် ပြင်ပကျွမ်းကျင်သူ ပညာရှင်များက ၎င်းတို့ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် လာရောက်ဟောပြော ဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများမှ ပါဝင်ဆွေးနွေးကြရန်နှင့် အချင်းချင်း အတွေ့အကြုံများ ဖလှယ်ကာ သင်ကြားသင်ယူမှု အသိုက်အဝန်းကို တည်ဆောက်ကြရန် လိုအပ်ပါကြောင်း၊ လေ့ကျင့်သင်ကြားမှု ကိစ္စရပ်များကို မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား (၁၇)ဦး၊ သင်တန်းသူ (၅)ဦး စုစုပေါင်း (၂၂)ဦးနှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၀)သို့ သင်တန်းသား (၂၄)ဦး၊ သင်တန်းသူ (၁၇)ဦး စုစုပေါင်း (၄၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်အထိ ရက်သတ္တ (၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


