ဘိုးရင်း-၇၃၇ မက်စ်ဂျက် လေယာဉ်ထုတ်လုပ်မှု ခေတ္တရပ်နားထားမည်

နယူးယောက် ၁၈ ဒီဇင်ဘာ 

ဘိုးရင်းလေယာဉ်ကုမ္ပဏီအနေဖြင့် တစ်ကမ္ဘာလုံးရှိမြေပြင်တွင် ရပ်နားထားခဲ့သော ဘိုးရင်း-၇၃၇မက်စ်ဂျက်လေယာဉ် များ၏ထုတ်လုပ်မှုအားခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘိုးရင်းကုမ္ပဏီ ယခု ရင်ဆိုင်နေရသော ကြန့်ကြာမှုမှ ရုန်းထွက်နိုင်ရန် ကြန့်ကြာမည်ကို စိုးရိမ်နေကြပြီး ဘိုးရင်းကုမ္ပဏီမှ အမှုဆောင်အရာရှိ များမှာလည်း ၎င်းတို့ မျှော်မှန်းထားသည့်အတိုင်း မဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

မတ်လမှစတင်ပြီး ဖြစ်ပွားခဲ့သော ဘိုးရင်းကုမ္ပဏီ၏ ပြဿနာသည် အမေရိကန်၏စီးပွားရေးကိုလည်း ရိုက်ခတ် ခဲ့ပြီး နိုင်ငံ၏ကုန်ထုတ်လုပ်မှုစွမ်းရည်၊ ကုန်သွယ်ရေးနှင့် ကုန်ပစ္စည်းများ ရောင်းချရေးတို့တွင် ကျဆင်းမှုများ ဖြစ်လာခဲ့သည်။ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားသော်လည်း ၎င်း၏ ဝန်ထမ်းများအား လစာငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက်အပေါ်တွင် ဘိုးရင်းကုမ္ပဏီအပေါ် လေယာဉ်အစိတ်အပိုင်း တင်သွင်းသူများက ၎င်းတို့ အနာဂတ်တင်သွင်းမည့်လေယာဉ်အစိတ်အပိုင်းကုန်ပစ္စည်းများအား ကုမ္ပဏီက မည်သို့ဆောင်ရွက်ဝယ်ယူမည်ကို သိလိုကြသည်။ ဘိုးရင်းကုမ္ပဏီအနေဖြင့် ၇၃၇ မက်စ်ဂျက် လေယာဉ်များ၏ ထုတ်လုပ်မှုအား လာမည့်လမှစတင်ပြီး ရပ်နားထားမည်ဖြစ်ပြီး လောလောဆယ်တွင် ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားသော ဂျက်လေယာဉ်အစင်း ၄၀၀ ကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်သည်။

အဆိုပါဂျက်လေယာဉ်များအား အီသီယိုးပီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် လေယာဉ်မတော်တဆမှု ဖြစ်ပွား ပြီးချိန်ကတည်းက မြေပြင်ပေါ်တွင် ရပ်နားထားခဲ့သော်လည်း တစ်လလျှင် အစင်း ၄၀ ခန့်ကို ဝါရှင်တန်ရှိ စက်ရုံတွင် ထုတ်လုပ်ခဲ့သည်။ ဘိုးရင်းကုမ္ပဏီက မိမိတို့အနေဖြင့် ( ယခုနှစ်မကုန်မီ ဘိုးရင်းလေယာဉ်များ ပြန်လည်ထုတ်လုပ်ရေးခွင့်ရနေပြီဟု ပြောဆိုခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က ၂၀၂၀ ပြည့်နှစ်မတိုင်မီ ခွင့်ပြုချက်မပေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားခဲ့သော ဘိုးရင်း လေယာဉ်များ၏ ပျံသန်းမှုကိုင်တွယ်ထိန်းချုပ်ရေးစနစ် အပေါ်၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက် ပြီး ဘိုးရင်းနှင့် ပြည်ထောင်စုလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့တို့အပေါ် စိစစ်နေသည်။ "ဒီလေယာဉ်တွေရဲ့ ဆော့ဖ်ဝဲလ်စနစ်တစ်ခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ တင် ပြန်လည်ပြီး ပျံသန်းခွင့်ရမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်"ဟု ဆီးနိတ်တာ ရက်စ်ချက်ဘလူမ်သယ်ကပြောကြားသည်။ 

မိမိတို့ ကုမ္ပဏီအနေနဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းထားတယ်ဆိုပေမယ့် မိမိတို့ရဲ့ ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတစ်ရပ်လုံး ပြန်လည်လည်ပတ်ဖို့အတွက် သင့်တော်တဲ့ဆောင်ရွက်မှုကို ဆောင်ရွက်သွားမှာပါ"ဟု ဘိုးရင်းကုမ္ပဏီက ပြောကြားသည်။

ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ