ဘိုင်ဒင်ဖြေရှင်းရမယ့် ဒုတိယအကြိမ် စီးပွားရေးအကျပ်အတည်း နဲ့ မြင်တွေ့ရမယ့် တုံ့ပြန်မှုပုံစံသစ်

မေလဲ့သင်း

 

အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက်ဆို သမ္မတ အပြောင်းအလဲဖြစ်လာတော့မှာ ဖြစ်ပြီး သမ္မတသစ်ဖြစ်လာတော့မယ့် ဘိုင်ဒင်ရဲ့ စီးပွားရေးအစီအစဉ်နဲ့ မူဝါဒတွေဟာ ကျဆင်းနေတဲ့ အမေရိကန်စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် အမြန်ဆုံးပြန်လည် ရောက်စေရေး ဆွဲတင်ပေးနိုင်ဖို့ လိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါက သယ်ဆောင်လာတဲ့ စီးပွားရေးနဲ့ လူမှုရေး ဖရိုဖရဲဖြစ်မှုတွေကပဲ ဘိုင်ဒင်ကို အိမ်ဖြူတော်ဆီ ပို့ဆောင်ပေးတဲ့ အဓိကအကြောင်းအချက်ဖြစ်ခဲ့တာပါ။

 

ရွေးကောက်ပွဲကာလတုန်းက ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းက အမြင့်ဆုံး ရောက်ရှိနေပေမယ့် တစ်ဖက်မှာ ကာကွယ်ဆေးကလည်း မရေရာတဲ့အခြေအနေ၊ အလုပ်လက်မဲ့နှုန်းက မြင့်နေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပိုင်းကို အဓိကအဆုံး အဖြတ်ဖြစ်ခဲ့တာက ကပ်ရောဂါကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပြီး စီးပွားရေးပြန်လည် နာလန်ထူလာနိုင်ရေး အစီအစဉ် (Agenda) ကို ပိုမိုရှင်းလင်းစွာ ချပြနိုင်သူက အသာရသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေက တောက်လျှောက် တက်နေတဲ့ အမေရိကန်ရဲ့ စီးပွားရေးဟာ ကိုဗစ်-၁၉ကြောင့် အကျဘက်ကို ပြန်လည်ဦးတည်သွားခဲ့ပါတယ်။ ယခုကြုံတွေ့နေတဲ့ စီးပွားရေးအကျပ်အတည်းဟာ ဘိုင်ဒင်အတွက်တော့ ပထမဆုံးအကြိမ် ဖြေရှင်းရမယ့် ပြဿနာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၂ နှစ်ကာလ သမ္မတ အိုဘားမားနဲ့အတူ စီးပွားရေးကျဆင်းမှုကို ဖြေရှင်းဖူးတဲ့ အတွေ့အကြုံရှိပြီး သားပါ။ ဒီတစ်ခါဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းက ယခင်အခြေအနေနဲ့ ကွဲပြားမှုရှိပြီး ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေး ကျဆင်းမှု တစ်နည်းအားဖြင့် ကာလတို စီးပွားရေးကျဆင်းမှုကို လစ်ဘရယ်စီးပွားရေး ဝါဒနဲ့ တုံ့ပြန်ခြင်းက ဘိုင်ဒင်ရဲ့ ဖြေရှင်းနည်း အသစ်ပါ။ ဒီတော့ ဘိုင်ဒင် ဘယ်လို စီစဉ်ထားသလဲ ကြည့်ရအောင်ပါ။

 

ဘိုင်ဒင်ရဲ့ စီးပွားရေးအစီအစဉ်

 

ဘိုင်ဒင်ရဲ့ စီးပွားရေးအစီအစဉ်မှာ အဆင့် ၂ ဆင့်ပါဝင်ပြီး ပထမအဆင့်ကတော့ ကိုဗစ် - ၁၉ ဆိုင်ရာအစိုးရရဲ့ အသုံးစရိတ် တိုးမြှင့်ခြင်းဖြစ်ပြီး ဒုတိယအဆင့်ကတော့ ရေရှည်စီးပွားရေး မျှော်မှန်းချက်အတွက် အခြေခံအဆောက်အဦ တည်ဆောက်မှုမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စဉ်ဆက်မပြတ် တိုးတက်ရေးနဲ့ တစ်သားတည်း ဖြစ်မယ့် စီးပွားရေးဆောင်ရွက်ချက် ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ဆိုင်ရာ အသုံးစရိတ်တိုးမြှင့်ခြင်း

 

ဘိုင်ဒင် ရွေးကောက်ပွဲမှာ အနိုင်ရကတည်းက ကိုဗစ်-၁၉ သက်သာချောင်ချိရေး အစီအမံအတွက် ငွေကြေးအမြောက်အမြား သုံးစွဲသွားမှာဖြစ်တယ်လို့ ကတိပြုထားပြီးသားပါ။ ဇန်နဝါရီ ၁၄ (ကျမ်းသစ္စာကျိန်ဆိုမယ့်ရက်မတိုင်မီ တစ်ပတ်အလို) မှာ ဘိုင်ဒင်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံတန် “အမေရိကန်သက်သာချောင်ချိရေး အစီအစဉ်” တစ်ရပ်ကို အဆိုပြုခဲ့ပါတယ်။ ဒီပမာဏက အိုဘားမားလက်ထက် ၂၀၀၉ ခုနှစ် စီးပွားရေး ပြန်လည်နာလန်ထူရေးမှာ သုံးစွဲခဲ့တဲ့ အသုံးစရိတ်ထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်ပြီး နိုင်ငံသားတွေရဲ့ အသုံးစရိတ်ကို မြှင့်တင်ခြင်းကနေ စီးပွားရေးတစ်ရပ်လုံးကို ဆွဲတင်ဖို့ ခြေလှမ်းပြင်လာတာပါ။ ဒီအစီအစဉ်ထဲမှာ နိုင်ငံသားတစ်ဦးစီကို ကန်ဒေါ်လာ ၁၄၀၀ ထောက်ပံ့ရေး၊ အလုပ်လက်မဲ့တစ်ဦးကို တစ်ပတ်ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးနိုင်ရေးနဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေး၊ ကာကွယ်ဆေး ထိုးနှံဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒေါ်လာ ဘီလီယံ ၇၀ သုံးစွဲရေးတို့ ပါဝင်ပါတယ်။

 

ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိ

 

ပြည်သူတစ်ဦးကို ဒေါ်လာ ၁၄၀၀ ပေးခြင်းက အမေရိကန်စီးပွားရေး တစ်ရပ်လုံးတိုးတက်ရေးအတွက် သေချာပေါက်အထောက်အကူ ဖြစ်လာလိမ့်မယ်လို့ တိုင်ဒင်က ယူဆပါတယ်။

 

ပြည်သူတွေအနေနဲ့ ရလာတဲ့ ငွေတွေကို ဈေးကွက်ထဲ ဝယ်ယူသုံးစွဲခြင်းအားဖြင့် ဝယ်လိုအားတွေ မြင့်တက်လာမယ်၊ ဝယ်လိုအားမြင့်တက်လာရင် ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ရမှာ ဖြစ်လို့လုပ်သားအင်အား လိုအပ်ချက်ရှိလာကာ ပြည်သူတွေအနေနဲ့ အလုပ်အကိုင်တွေ ပြန်ရလာမယ်။ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ မိသားစုဝင်တွေအားလုံးရဲ့ အိတ်ကပ်ထဲကို ငွေထည့်ပေးပြီး တစ်နည်းအားဖြင့် “Money Injection” လုပ်ပေးပြီး ဈေးကွက်ထဲ ဝင်ငွေလည်ပတ်စီးဆင်းမှု အားကောင်းလာရေးနဲ့ အလုပ်လက်မဲ့နှုန်း ကျဆင်းရေးတို့ကို ကြံဆောင်လာတာပါ။ အဲဒီကနေတစ်ဆင့် ဈေးကွက် ပုံမှန်လည်ပတ်ရေးဆီ ဦးတည်ချက်ချ ဆောင်ရွက်လာတာဖြစ်ပါတယ်။

 

အချို့ကတော့ ဘိုင်ဒင်ရဲ့ အစီအမံအပေါ် ရီပတ်ဘလီကန်တွေ ဆန့်ကျင်မလားဆိုတာ စိုးရိမ်မှုရှိပေမယ့် လွှတ်တော်အမတ်တွေ အားလုံးက ဒီအစီအမံကို ထောက်ခံဖို့ ရာနှုန်းများကြောင်း Wall Street ရဲ့ စီးပွားရေး ဆန်းစစ်သူက ခန့်မှန်းထားပါတယ်။ First Horizon National (FHN) ကစီးပွားရေးပညာရှင် ခရစ္စလိုက စီးပွားရေးနာလန်ထရေးအတွက် “ဒီလိုလုပ်ဆောင်တာက အလွယ်ဆုံးနဲ့ အမြန်ဆုံးလုပ်လို့ရတဲ့နည်း” ဖြစ်ကြောင်း ထောက်ခံချက်ပေးထားပါတယ်။ အိုဘားမား လက်ထက် စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဂျာဆန်ဖာမန်းက “ဒီအစီအမံမှာပါတဲ့ အစိတ်အပိုင်းတိုင်းက ၂၀၀၉ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးနာလန်ထူမှု အစီအစဉ်ဆီကနေ သင်ခန်းစာယူပြီး ပြင်ဆင် ထားတာပါ။ ခုစီးပွားရေးကျဆင်းမှုက ကပ်ရောဂါကြောင့် ဖြစ်လာတဲ့အတွက် အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲနိုင်မှုကလည်း ၂၀၀၉ ခုနှစ် အခြေအနေနဲ့မတူပါဘူး”လို့ ရှင်းပြပါတယ်။

 

အနည်းဆုံးလုပ်ခလစာနဲ့ အခွန်စည်းကြပ်မှု

 

ဘိုင်ဒင်ရဲ့ အစီအမံထဲမှာပါတဲ့နောက်ထပ် တစ်ခုကတော့ အနည်းဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာ သတ်မှတ်ပေးရေး ဖြစ်ပါတယ်။ အမေရိကန်မှာ ပြည်သူအချို့က လုပ်ခနည်းပါးတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ ဘိုင်ဒင်ကတော့ “သာတူညီမျှ ခွဲဝေခံစားခွင့်” ရှိဖို့လိုကြောင်းနဲ့ အနိမ့်ဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာ သတ်မှတ်ပေးရေးက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ဖြစ်ကြောင်းလည်း ပြောပါတယ်။ လုပ်သားတွေအနေနဲ့ လုပ်ခလစာပိုမိုများလာမှာ ဖြစ်တာကြောင့် အသုံးစရိတ်ပိုင်းမှာလည်း ပိုမိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်သားတွေကို လုပ်ခလစာ ပိုမိုတိုးမြှင့်ပေးနိုင်ဖို့ အစိုးရဘက်က ထောက်ပံ့မှုတွေ ပေးသွားဖို့ရှိနေပါတယ်။

 

ဒီလိုအစိုးရအနေနဲ့ ထောက်ပံ့ငွေတွေ အသုံးစရိတ်တွေ ပိုမိုသုံးစွဲလာမှာကြောင့် အခွန်တွေ တိုးကောက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ပြည်သူတွေဘက်မှာရှိကြပေမယ့် လူချမ်းသာတွေဆီကပဲ ဝင်ငွေခွန်၊ စီးပွားရေး လုပ်ငန်းခွန်တွေမှာ အခွန်တိုးကောက်ဖို့ ရှိပါတယ်။ ဝင်ငွေအလွှာလိုက် ဝင်ငွေအများဆုံး ရရှိတဲ့သူတွေကို အခွန်ရာခိုင်နှုန်းအများဆုံး ကောက်ခံမယ့် အခွန်အမျိုးအစား (Progressive Tax System) ကို ဆက်လက်ကျင့်သုံးမှာဖြစ်ပြီး ထရမ့်လက်ထက်က လူချမ်းသာအလွှာကို ၃၅ ရာခိုင်နှုန်းကနေ ၂၁ ရာခိုင်နှုန်းအထိ အခွန်ကောက်ခဲ့ပေမယ့် ဘိုင်ဒင်လက်ထက်မှာတော့ လူချမ်းသာအလွှာဆီက အခွန်ပြန်လည်တိုးကောက်ဖို့ရှိနေပါတယ်။

 

အခြေခံအဆောက်အဦတည်ဆောက်မှုမှာ ရင်းနှီးမြှုပ်နှံခြင်း

 

ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက ဘိုင်ဒင်က သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မယ့် အခြေခံအဆောက်အဦ တည်ဆောက်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ပြီး ပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ ဒါက သူ့ရဲ့အဆင့် ၂ ဆင့်ပါ စီးပွားရေးအစီအစဉ်မှာ ဒုတိယအဆင့်အနေနဲ့ ဖော်ဆောင်မယ့် စီပွားရေးတိုးတက်လာရေး စီမံချက်လို့လည်း ပြောနိုင်ပါတယ်။

 

လျှပ်စစ်အားသွင်းလို့ရမယ့် ဘူတာတွေ၊ လမ်းပိုင်းစနစ်နဲ့ အခြားအခြေခံအဆောက်အဦ ပိုင်းတွေအားလုံးမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ လုပ်ငန်းခွင် တွေမှာ အမေရိကန်လုပ်သားတွေကို ဦးစားပေး ခန့်အပ်ပြီး ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဒီလို စီမံချက်တွေက နိုင်ငံတော် ရဲ့ ကြွေးမြီပမာဏ မြင့်တက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပေမယ့် စီးပွားရေးပညာရှင်တွေကတော့ ဘိုင်ဒင်ရဲ့ ဒီအယူအဆဟာ နောက်နှစ်တွေမှာဖြစ်လာမယ့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုကို မူဝါဒအားဖြင့် ဖြေရှင်းပြီးသားဖြစ်မှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖော်ဆောင်ပေးပြီးသားဖြစ်မယ့် စီမံချက်တစ်ရပ်လို့ ထောက်ခံချက်ပေးထားပါတယ်။

 

တီထွင်ဆန်းသစ်မှုနဲ့ နည်းပညာတိုးတက်လာရေး

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လလောက်က ဘိုင်ဒင်က သူသာ သမ္မတဖြစ်လာရင် အမေရိကန်ကုန်ထုတ်လုပ်မှုနဲ့ နည်းပညာပိုင်း စဉ်ဆက်မပြတ် တိုးတက်နေရေးအတွက် ဒေါ်လာ ဘီလီယံ ၇၀၀ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တီထွင်ဆန်းသစ်မှုတွေနဲ့ပဲ အမေရိကန်နိုင်ငံက ကမ္ဘာ့နံပါတ် (၁) ဆိုတဲ့နေရာကို ရောက်လာတာပါ။ ဒီအချက်ကို ဘိုင်ဒင် သေချာသဘော ပေါက်နားလည်ပါတယ်။

 

ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပိုင်း ပိုမိုတိုးတက်လာစေရေးအတွက် ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ထောက်ပံ့ပေးသွားမှာဖြစ်သလို လျှပ်စစ်ယာဉ်၊ ဉာဏ်ရည်တုနဲ့ 5G နည်းပညာရပ်တွေ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက်လည်း သုတေသနလုပ်ငန်းတွေမှာ ဒေါ်လာ ဘီလီယံ  ၃၀၀ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

 

ဘိုင်ဒင်အနေနဲ့ သမ္မတထရမ့်လို အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို လုပ်သားဈေးကွက်မှာ နှိပ်ကွပ်သွားတာမျိုးဆောင်ရွက်မှာ မဟုတ်ပေမယ့် အမေရိကန် လုပ်သားတွေ နေရာပိုမိုရဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကုန်ပစ္စည်းတွေကို အမေရိကန် စက်ရုံမှာပဲ ထုပ်ပိုးမှုအစကနေ အဆုံးအထိ အပြီးအစီးဆောင်ရွက်သွားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ကုမ္ပဏီထုတ် ပစ္စည်းတွေမှာ ယခင်လို “အမေရိကန်ကုမ္ပဏီ၏ ကွပ်ကဲမှုဖြင့် တရုတ်၊ အိန္ဒိယမှ ထုတ်လုပ်သည်” အစား “အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်” ဆိုတဲ့ စာသားကို မြင်တွေ့ရဖို့ အလားအလာ များနေပါတယ်။

 

တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားတွေရဲ့ ကြွေးမြီကိစ္စလျှော်ပစ်ရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြန်လည်ပြင်ဆင်ရေးတွေ ဆောင်ရွက်ဦးမှာဖြစ်သလို နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ခြင်းကနေတစ်ဆင့် အမေရိကန်စီပွားရေးနယ်ပယ် ချဲ့ထွင်ဖို့ပါ ဘိုင်ဒင်အစိုးရ အားထုတ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အစိုးရပထမတစ်နှစ်တာ ကာလအတွင်းမှာ အများမျှော်မှန်းထားသလို ချက်ချင်းကြီး ရလဒ်ကောင်းတွေ ထွက်လာဦးမှာ မဟုတ်ဘဲ ဘယ်မူဝါဒတွေက နိုင်ငံရဲ့လက်ရှိအနေအထားနဲ့ အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ချိန်ဆရင်း သုံးသပ်ရင်းနဲ့ပဲ အချိန်ကုန်သွားဖို့ ရှိနေတယ်လို့ သုံးသပ်ရပါတယ်။

 

ကိုးကား-ဘီဘီစီ၊ အင်ဗက်စတိုပီးဒီးယား၊ ဘဲလန့်စ်