ဘိုကလေးပညာရေး ဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့်  အထောက်အကူပြု သင်တန်းဆင်းပွဲကျင်းပ

 

ဘိုကလေး နိုဝင်ဘာ ၂၅

 

တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြု သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဘိုကလေးပညာရေး ဒီဂရီကောလိပ်၌ ကျင်းပခဲ့သည်။

 

အဆိုပါ သင်တန်းကို ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၃)ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဘိုကလေး၊ ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပ္ပတ္တာမြို့နယ်များမှ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မ (၁၃၇)ဦး တက်ရောက် ကြသည်။

 

သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာ/မများသည် တိုးတက် ပြောင်းလဲလာသော ပညာရေးကို မျက်ခြေမပြတ် အစဉ်လေ့လာသင်ယူပြီး မိမိတို့ကိုယ်တိုင်ထာဝရ ကျောင်းသားကြီးများအဖြစ် ခံယူကြရန် လိုအပ်ကြောင်း၊ ပညာရေးစနစ်တိုးတက် မြင့်မားရေးအတွက် ဆရာ/မများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသည့်အတွက် ယခုကဲ့သို့ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ နာ(၃)နာကိုအခြေခံ၍ တပည့်များ စံနမူနာထားရမည့် ဆရာ/မများ အဖြစ်ကျင့်ကြံ နေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး သင်တန်းအတွက် ထောက်ပံ့ ငွေကျပ် (၅)သိန်းကို ပေးအပ်ရာ ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)