ဘေးရန်ဆီးကာ

 

အောင်ခိုင်မြင့် ( ပညာရေး )

အတတ်လည်းသင်

ပဲ့ပြင်ဆုံးမ

သိပ္ပမချန်

ဘေးရန်ဆီးကာ

သင့်ရာအပ်ပို့

ဆရာတို့

ကျင့်ဖို့ဝတ်ငါးဖြာ ။

ဆရာ့ဝတ္တရားငါးပါးတွင်ပါသည့် 'ဘေးရန်ဆီးကာ' ဟူသည့်ဝတ္တရားသည် ဆရာများအတွက် အလွန်အရေး ပါသည်ဟု ခံယူမိပါသည်။ မြန်မာအဘိဓာန်တွင် 'ဘေး'ကို ကြောက်မက်ဖွယ်ရန်။ အန္တရာယ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကာ 'ရန်' ကို အနှောင့်အယှက်။ အန္တရာယ်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက် နှင့်တစ်ဖက် မသင့်မတင့် ခိုက်ရန်ဖြစ်ပွားမှုဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ ဤသို့ဆိုလျှင် ဆရာများသည် မိမိတို့၏တပည့်များကို ကြောက်မက်ဖွယ်အန္တရာယ်များနှင့် မကြုံ စေရန်၊ မသင့်မတင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်စေရန် ကာကွယ်ပေးကြရပါမည်။ တားဆီးပေးကြရပါမည်။ အလွန် အရေးကြီးသည့် တာဝန်နှင့်ဝတ္တရားပင်ဖြစ်ပါသည်။

 

၂၀၁၇ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၌ နယ်စပ် ဒေသ ကျောင်းများအပါအဝင် အခြေခံပညာကျောင်းပေါင်း ၄၅၉၈၁ ကျောင်း၊ ကျောင်းသားဦးရေ ၈၈၉၄၅၁၉ ဦး၊ ဆရာ ဆရာမဦးရေ ၃၇၀၂၇၁ ဦး၊ မူလတန်းကြိုကျောင်း ၆၃၇၇ ကျောင်း၊ ကျောင်းသား ၁၆၂၉၅၆ ဦး၊ ဆရာ ဆရာမ ဦးရေ ၁၀၈၉၅ ရှိကြောင်း လေ့လာသိရှိရပါသည်။

 

မည်သူမှာ တာဝန်ရှိပါသလဲ

 

ဤရွေ့ဤမျှ အရေအတွက်များပြားသည့် ကျောင်းများ ကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးရေး၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဘ၀ လုံခြုံရေး၊ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊ ဝန်းကျင် ကောင်းများ ဖန်တီးဖော်ဆောင်နိုင်ရေးတို့မှာ အလွန် အရေးကြီးသည့် လုပ်ငန်းရပ်များ ဖြစ်ပါသည်။ ဤကြီးမား သည့်တာဝန်သည် ဆရာတစ်ဦးတည်း၏ တာဝန်ပေလော။ မိဘများ၏ တာဝန်ပေလော။ ကျောင်းသားများ၏ တာဝန် လော။ ပြည်သူအားလုံး၏ တာဝန်ပေလော။

 

ယခင်က ပညာရေးတြိဂံဟူ၍ ရှိသည်။ ကျောင်းတစ် ကျောင်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှု၊ အေးချမ်းစွာ ပညာသင်ကြားမှု၊ ပညာအရည်အသွေး မြင့်မားမှုတို့အတွက် ဆရာ၊ မိဘ၊ ကျောင်းသားများက ပူးပေါင်းဆောင်ရွက်ကြသည်။ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ တိုးတက် သင့်သလောက် တိုးတက်ခဲ့ကြသည်။

 

၂၁ ရာစုပညာခေတ်တွင် ပညာရေးရည်မှန်းချက်များ၊ သင်ကြားမှုနည်းစနစ်များ၊ တန်ဖိုးထားမှုများ၊ နည်းပညာများ၊ စစ်ဆေးတိုင်းတာမှုများ အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက် လာသည်။ ပညာသင်ကြားသင်ယူမှုဆိုင်ရာ အခွင့်အလမ်း များ ပွင့်လင်းလာသကဲ့သို့ စိန်ခေါ်မှုများကလည်း များပြား လာသည်။ ယခုအခါ ပညာရေးတြိဂံနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မပြီးပြည့်စုံနိုင်တော့ပေ။ ဆရာ၊ မိဘ၊ ကျောင်းသားအပြင် ရပ်ရွာဒေသပြည်သူလူထု၊ လူမှုအဖွဲ့ အစည်းများနှင့် နိုင်ငံတော်အစိုးရတို့၏ အားပေးမှု၊ ထောက်ပံ့ မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ များစွာလိုအပ်လာသည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ပညာရေး ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ပညာရေးအရွေ့ လျင်မြန်စေရန် ပညာရေးဆဋ္ဌဂံ အင်အားဖြင့် ပြိုင်တူတွန်းဖို့ လိုအပ်လာပြီဟု အဆိုပြုလာကြ ခြင်းဖြစ်ပါသည်။

 

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ

 

ကျောင်းသား ကျောင်းသူများ ရင်ဆိုင်တွေ့ကြုံရနိုင် သည့်အန္တရာယ်များကို ခွဲခြားကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များဟူ၍ ခွဲခြားနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များကား အဘယ် နည်း။ ကျောင်းဥပဓိရုပ် ချို့တဲ့ခြင်း၊ ကျောင်းပရိဘောဂ မပြည့်စုံခြင်း၊ ဆရာ မပြည့်စုံခြင်း၊ ကျောင်းခြံစည်းရိုး မရှိခြင်း၊ သန့်စင်ခန်းများ မကောင်းခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ ကျန်းမာရေးကို ထိခိုက်စေသည့် ဝန်းကျင်ရှိခြင်း၊ ကစားကွင်း၊ စာကြည့်တိုက်မရှိခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဝေ သည့် ဝန်းကျင်ဖြစ်ခြင်းတို့သည် ကျောင်းသား ကျောင်းသူများ အတွက် ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များကား အဘယ်နည်း။ မိစုံဖစုံ အတူမနေရခြင်း၊ မိဘနှစ်ပါး မကြာခဏရန်ဖြစ်ခြင်း၊ စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာ ရစေသည့် ဆရာ ဆရာမများ၏ ပြစ်ဒဏ်ပေးမှုများနှင့် ကြုံတွေ့ ရခြင်း၊ မိမိကိုနိုင်လိုမင်းထက်ပြုမူသူ ကျောင်းသား ကျောင်းသူ များနှင့် နေ့စဉ်တွေ့ကြုံနေရခြင်း၊ ကလေးပျော် ကျောင်း ဖြစ်ရမည့်အစား ကလေးများက ကျောင်းတက်ရမည်ကို စိုးရိမ် ကြောက်ရွံ့နေခြင်းတို့သည် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များဖြစ်ပေ သည်။ ဤအန္တရာယ်များကို ကလေးသူငယ်များ အရွယ်တွင် မကြုံတွေ့သင့်ပါ။

 

ဘေးအန္တရာယ်များကို ထပ်မံခွဲခြားကြည့်ပါက သဘာ၀ ဘေးအ္တရာယ်နှင့် လူတို့ဖန်တီးသည့် ဘေးအန္တရာယ်ဟူ၍ နှစ်မျိုးထပ်မံခွဲခြား လေ့လာနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်တွင် မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်း၊ တောင်ပြိုခြင်း၊ တောမီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ခွေးရူး ကိုက်ခြင်းနှင့် ရောဂါဆိုးများ ကျရောက်ခြင်း စသည်တို့ဖြစ် သည်။ လူတို့ဖန်တီးသည့် ဘေးအန္တရာယ်များမှာ စစ်ပွဲများ ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ အနိုင်အထက်ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခြင်း၊ လူကုန်ကူးခြင်း၊ မနိုင်ဝန်ကိုထမ်းစေခြင်းတို့ဖြစ်သည်။ ဤဘေးအန္တရာယ်များ ကိုလည်း ကျောင်းသား ကျောင်းသူများ မကြုံတွေ့သင့်ပါ။

 

ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသူများ

 

သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်တားဆီး ပေးရန် အခက်အခဲရှိခဲ့သော်လည်း လူတို့ဖန်တီးသည့် ဘေးအန္တရာယ်များ ကျောင်းသား ကျောင်းသူများထံ မကျ ရောက်ရန် ကာကွယ်တားဆီးပေးရမည်မှာ ဆရာ ဆရာမများ၏တာဝန်ဖြစ်သည်။ ဆရာများ၏ ဝတ္တရားဖြစ်သည်။ မိဘများသည် သားသမီးများနှင့် တွေ့ဆုံရသည့်အချိန် အများဆုံးဖြစ်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တွေ့ဆုံရသည့် အချိန်မှာ ဒုတိယအများဆုံးဖြစ်သည်။ ထို့ကြောင့် သားသမီးများ ဘေးအန္တရာယ်မဖြစ်စေရန် ကာကွယ်ပေးရသည့် တာဝန် အကြီးဆုံးဖြစ်သူမှာ မိဘများပင်ဖြစ်သည်။ ဒုတိယ တာဝန်အကြီး ဆုံးမှာ ဆရာများပင် ဖြစ်သည်။

 

သားသမီးများ ဘေးအန္တရာယ် မကျရောက်စေရန် မိဘ များက အိမ်တွင် ကာကွယ်စောင့်ရှောက်ပေးရမည်။

 

ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် မကျရောက် စေရန် ဆရာ ဆရာမများက ကျောင်းတွင် ကာကွယ်စောင့်ရှောက် ကြရမည်။

 

ကလေးသူငယ်များ လမ်းတွင်၊ ရပ်ကွက်တွင် ဘေးအန္တရာယ် မဖြစ်စေရန် ရပ်ရွာပြည်သူလူထုက ရပ်ကွက်ကျေးရွာများ၌ ကာကွယ်စောင့်ရှောက်ပေးကြရမည်။

 

လူငယ်လူရွယ်တို့ကို ဘေးအန္တရာယ်မဖြစ်စေရန် လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်း၊ ပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရမည်။

 

ပြည်သူပြည်သားများကို ဘေးအန္တရာယ် မဖြစ်စေရန် အစိုးရအဖွဲ့အစည်းအသီးသီးက ဆိုင်ရာ ဆိုင်ရာဌာနများအလိုက် ကာကွယ်စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။

 

ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များ၊ လူငယ် လူရွယ်များ၊ ပြည်သူပြည်သားများကလည်း သဘာဝဘေး အန္တရာယ်များကို မည်သို့ကြိုတင်သိရှိမည်၊ ကာကွယ်မည်၊ မည်သို့သရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ရမည်၊ မည်သို့ ရင်ဆိုင်ကျော်လွှားမည်၊ လူတို့ဖန်တီးသည့် ဘေးအန္တရာယ်များ ကို မည်သို့ကာကွယ်မည်၊ မည်သို့သတိထားရမည်၊ မည်သို့တုံ့ပြန် မည်၊ တာဝန်ရှိသူများကို မည်သို့ဆက်သွယ်ဆောင်ရွက်မည် တို့ကို သိရှိနားလည် ဆောင်ရွက်တတ်ရန် လိုအပ်ပါသည်။ မိဘများ၊ ဆရာ ဆရာမများ၊ လူမှုအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ပညာပေးခြင်း၊ ကာကွယ်မှုပေးခြင်း၊ စောင့်ရှောက်ခြင်း၊ ထိရောက်သော ပြစ်မှုပြစ်ဒဏ်များ ချမှတ် ပေးခြင်း၊ ပြန်လည်ထူထောင်မှု လုပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးရန် အထူးလိုအပ်ပါသည်။

 

လေးစားကြရမည့် ကလေးသူငယ်များ၏ အခွင့်အရေး

 

ဆိုလိုသည်မှာ ကျောင်းသား ကျောင်းသူများ၊ ကလေး သူငယ်များအတွက် ဘေးရန်ဆီးကာရေး တာဝန်နှင့် ဝတ္တရားမှာ ဆရာ ဆရာမတို့အပေါ်တွင်သာ ရှိသည်မဟုတ်။ ပြည်သူအားလုံး တွင် တာဝန်ရှိလာပေပြီ ဖြစ်ပါသည်။ ထို့ပြင် ကလေးသူငယ်၏ အခွင့်အရေးများကိုလည်း လေးစားတန်ဖိုးထားကြရပါမည်။ အကာအကွယ်ပေးကြရပါမည်။

 

- ကလေးသူငယ်တိုင်းသည် အသက်ရှင်သန်ရန် မွေးရာပါအခွင့်အရေးများ ရှိသည်။

- ဥပဒေအရ ခွင့်ပြုထားသော ကလေးသူငယ်ဆိုင်ရာအသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ၊ လူမှုရေး သို့မဟုတ် ဘာသာရေး အဖွဲ့အစည်းများတွင် ပါဝင်

ခွင့်ရှိသည်။

 

- မိမိတို့၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေမည့် စာပေများဖတ်ရှုနိုင်ခွင့်၊ ဗဟုသုတများလေ့လာ ဆည်းပူးနိုင်ခွင့်၊ သတင်းများရယူနိုင်ခွင့်ရှိသည်။

- ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ထိပါးခြင်း မခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခံ ပိုင်ခွင့်ရှိသည်ဟူသည့် အချက်များပါဝင်သည့် ကလေးသူငယ်၏ အခွင့်အရေးများ(၁၄) ချက်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။

 

ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈နှစ်အောက်ဟု သတ်မှတ်ပါသည်။ အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ အသက် အရွယ်ပင်ဖြစ်သည်။ ဤအသက်အရွယ်အများစုမှာ ကျောင်း နေအရွယ်ကလေးများ ဖြစ်ကြသည်။ သို့ဖြစ်လျှင် ဤကလေး များ၏ ဘေးအန္တရာယ်ကို အဓိကကာကွယ်ပေးကြရမည့်သူများ မှာ ဆရာ ဆရာမများပင်ဖြစ်သည်။

 

ဘဘာဝဘေးအန္တရာယ်တွင် အများဆုံး ကြုံတွေ့ရလေ့ ရှိသည့် မုန်တိုင်းအန္တရာယ်၊ ရေကြီးခြင်း အန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ ခွေးရူးအန္တရာယ်တို့ကို မည်သို့ကာကွယ်မည်၊ ရင်ဆိုင် ကျော်လွှားမည်တို့ကိုလည်းကောင်း၊ လူတို့ဖန်တီး သည့် အန္တရာယ်များတွင် အများဆုံးရင်ဆိုင်နေကြရသည့် လူကုန်ကူးမှု အန္တရာယ်၊ လိင်အကြမ်းဖက်မှု အန္တရာယ်၊ သက်ငယ်မုဒိမ်းအန္တရာယ်၊ ကလေးသူငယ်အကြမ်းဖက်မှု အန္တရာယ်၊ ဆေးဆိုးထားသည့် အစားအစာများအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်များနှင့် စပ်လျဉ်းပြီး မည်သို့ ကြိုတင်ကာကွယ်မည်၊ ကြုံတွေ့လာလျှင် မည်သို့ တုံ့ပြန်မည်၊ မည်သည့်ဆိုးကျိုးများ ဖြစ်တတ်သည်တို့ကို ကျောင်းစုဝေးပွဲများတွင် ပညာပေးဟောပြောကြရမည်။ မိဘ၊ ဆရာ တွေ့ဆုံပွဲများတွင်လည်း ဆွေးနွေးကြရမည်။ အတန်းပိုင်ဆရာ ဆရာမများက အတန်းတွင်းတွင် ဆုံးမ ကြရမည်။ အထူးသဖြင့် စာရိတ္တနှင့် ပြည်သှူနီတိသင်ဆရာများ၊ ဘဝအတွက်တာကျွမ်းကျင်စရာ ဘာသာရပ်သင်ဆရာများက ဘေးအန္တရာယ်အသွယ်သွယ် ကာကွယ်တားဆီးမှု အမျိုးမျိုးကို သင်ကြားပြသကြရပါမည်။

 

ကျောင်းများတွင် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ပြင်ပပညာရှင်များကို ဖိတ်ကြားဟောပြောစေခြင်း၊ မိဘပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ဘေးရန် ဆီးကာ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ပေးကြရမည်ဖြစ်သည်။ ဘေးရန်ဆီးကာအဖွဲ့များကို ကျောင်းတိုင်းတွင် မဖွဲ့မနေရ ဖွဲ့စည်းဆောင်ရွက်စေသင့် ပါသည်။

 

ကလေးများကို စောင့်ရှောက်ခြင်းသည် အနာဂတ်ကိုစောင့်ရှောက်ခြင်းဖြစ်

 

ယနေ့လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ ကလေးများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အနာဂတ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။ စာရေး သူ၏မိတ်ဆွေ ဦးအေးမြင့်သန်းဌေး ရေးစပ်သည့် ကလေး သူငယ်များဆိုင်ရာ သီချင်းစာသားကို ဖော်ပြပေးလိုပါသည်။ သီချင်း ခေါင်းစဉ်မှာ 'ချစ်ခြင်းများစွာ ပေးကြပါ' ဟူ၍ ဖြစ်ပါ သည်။

 

''အနာဂတ်ကိုပိုင်ဆိုင်မယ့် တို့ကလေးများဘဝအတွက် ပါ ××ဖွံ့ဖြိုးကာ ဉာဏ်ရည်ထက် ×× လူသားများ ဖြစ်ဖို့ရာ က×× တို့ကလေးတွေငယ်ပေမယ့် ×× သူ့အစွမ်းအစရှိကြတာ ××ကမ္ဘာကြီးမှာနေရာပေး ××တို့ကလေးအရေး တွေးပေးပါ ×××

 

(အရေးကြီးဆုံးက ငယ်စဉ်အခါ×× နွေးထွေးမှုနဲ့ ကြင်နာ ပါ ×× ဂရုစိုက်ပေးမှုလိုနေမှာဍ္ဍဍ္ဍ ချစ်ခြင်းများစွာပေးကြပါ)၂

 

တို့ကလေးတွေလုံခြုံပြီး ×× ဖွံ့ဖြိုးမှုရှိတဲ့ နေရာ ×× ဖန်တီးကာအကာကွယ်ပေး ×× လူတိုင်းအသိရှိကြပါ ×× တို့ကလေးတွေသင်ယူခွင့် ×× တကယ်အပြည့်အဝရှိဖို့ရာ ×× ကမ္ဘာကြီးမှာ ပျော်ရွှင်ရေး ×× အတူဝိုင်းလို့ကြိုးစားပါ××

 

(အရေးကြီးဆုံးက ငယ်စဉ်အခါ××နွေးထွေးမှုနဲ့ကြင်နာ ပါ ×× ဂရုစိုက်ပေးမှုလိုနေမှာ×× ချစ်ခြင်းများစွာပေးကြ ပါ) ၂''

 

ကလေးသူငယ်များ ဘေးအန္တရာယ် အသွယ်သွယ်ကင်းပြီး လုံခြုံမှုရှိစေရန် နိုင်ငံတော်အစိုးရ၊ လုပ်သားပြည်သူများ၊ မိဘ များနှင့်အတူ ဆရာ ဆရာမများကလည်း ဆရာ့ဝတ္တရားငါးပါး တွင် ပါဝင်သည့် ဘေးရန်ဆီးကာဟူသည့် ဝတ္တရားကို အလေး ထားပြီး ယခုထက် ပိုမိုကာကွယ်စောင့်ရှောက်ပေးကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

 

မြန်မာ့အလင်း