ဘေးဘယာတို့ဝေးကွာစေဖို့

၃၁ မေ

 

အားကောင်းသောမုန်တိုင်းငယ် (Deep Depression) တစ်ခုက ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ရောက်ရှိခဲ့သည်။ မုန်တိုင်း၏အရှိန်ဖြင့် မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ ကမ်းရိုးတန်းဒေသများ၌ မိုးသက်လေပြင်းများကျရောက်ခြင်း၊ လှိုင်းကြီးခြင်း၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေး ဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒòန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

 

 

မြေပြင်အနေအထားအားဖြင့်လည်း မိုးသည်းထန်ခြင်းနှင့်လေပြင်းတိုက်ခြင်းဖြစ်စဉ်များကြောင့် ပင်လယ်ပြင်၌ ရေယာဉ်များနစ်မြုပ်မှု၊ နေအိမ်များ၊စက်ရုံ၊အလုပ်ရုံနှင့်သာသနိကအဆောက်အအုံများပျက်စီးမှု၊ လူနှင့်ကျွဲနွားတိရ္ဆာန်များ အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရမှုတို့ရှိခဲ့ကြောင်း၊ အချို့ဒေသများ၌ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတို့ရှိခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ဧပြီလ၊ မေလတို့သည် မုန်တိုင်းများဖြစ်ပေါ်လေ့ရှိသည့် ပထမရာသီဖြစ်ပြီးနောက်ထပ်လည်း မုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်လာဦးမည် ဖြစ်ကြောင်း၊ရာသီဥတုဖြစ်စဉ်များမှာ သိသိသာသာပြောင်းလဲလာပြီး တစ်နှစ်ပတ်လုံးမိုးတိမ်တောင်များကို တွေ့ရကြောင်း၊ မိုးတိမ်တောင်များကြောင့် တစ်နှစ်ပတ်လုံး မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တွေ့ဆုံမေးမြန်းမှုတွင်ပြောကြားခဲ့သည်။

 

မိုးလေဝသဖြစ်စဉ်များမှာ ပုံမှန်အားဖြင့် တစ်နှစ်ပတ်လည် အချိန်ရာသီကာလအလိုက် ဖြစ်ပေါ်နေမည်သာဖြစ်ရာ နွေရာသီတွင် အပူလွန်ကဲခြင်း၊ မိုးခေါင်၍ ခြောက်သွေ့ ခြင်း၊ မိုးရာသီတွင် မိုးကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဖြစ်စဉ်များ၊ ရာသီဥတုဖောက်လွဲဖောက်ပြန်ခြင်းများနှင့်အချိန်အခါလိုက် ကြုံတွေ့နေရမည်သာ ဖြစ်သည်။ ရှောင်လွှဲမရသည့် သဘာဝဘေးအ္တရာယ်များကို ရင်ဆိုင်နိုင်ရန်နှင့် ခံနိုင်ရည်ရှိရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည်သာ ဖြစ်သည်။ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်သည်ဆိုသည်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတို့ ရှိစမြဲပင်ဖြစ်ရာ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ကမ်းပြိုခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်းလုံး၌ ၂၀၁၆-၂၀၁၇ ခုနှစ်ကလူ ၅၁၈ ဦး သေဆုံးကာ အိုးအိမ် ၂၀၈၈၀၁ ပျက်စီးဆုံးရှုံးပြီး လူဦးရေ ၈၉၇၀၆၉ တို့ ထိခိုက်ခံစားခဲ့ကြရသည်။ ယင်းနှစ်အတွင်း၌ပင် ရေဘေးကြောင့် ကျပ်သန်း ပေါင်း ၇ ဒသမ ၆၀ ဖိုး ခန့်မှန်းခြေပျက်စီးဆုံးရှုံးခဲ့ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် ကျပ်သန်းပေါင်း ၈၈၅ ဒသမ ၇၁ သုံးစွဲခဲ့ရသည်။ လေဘေးကြောင့် ကျပ်သန်းပေါင်း ၂၄၇၇ ဒသမ ၃၁ ဖိုးပျက်စီးဆုံးရှုံးခဲ့ရပြီး ကယ်ဆယ်ရေးအတွက် ကျပ်သန်းပေါင်း ၁၇၄၅ ဒသမ ၆၈ သုံးစွဲခဲ့ရသည်ဟု စာရင်းဇယားများ၌ တွေ့ရှိရသည်။ ပုံမှန်မိုးလေဝသဖြစ်စေ၊ အစွန်းရောက်မိုးလေဝသဖြစ်စေ၊ ဖောက်လွဲဖောက်ပြန်မိုးလေဝသဖြစ်စေ သဘာဝ၏ ရှောင်လွှဲမရသည့်ဖြစ်စဉ်များကို ရာသီအလိုက် ရင်ဆိုင်ကြုံတွေ့ ကြရမြဲဖြစ်သည်။ မုန်တိုင်းကြောင့် ဘေးအ္တရာယ်နှင့် အပျက်အစီးတို့ ဖြစ်ပေါ်သကဲ့သို့ပင် တစ်ဖက်တွင်လည်း မိုးရွာသွန်းခြင်းနှင့် အပူလျော့ခြင်းတို့ကဲ့သို့သော အကျိုးရလဒ်များလည်းရရှိခံစားကြရသည်။ ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများနှင့်ချိန်ညှိကာ သီးနှံများ စိုက်ပျိုးခြင်း၊ သဘာဝဘေးအ္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမှ ရှောင်လွှဲနိုင်ရန် မိုးလေဝသသတင်းများကိုမပြတ်နားစွင့် ဂရုပြုကာ အကြံပေးချက်များကို လိုက်နာခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့်ထိခိုက်ပျက်စီးမှုများ လျော့နည်းကင်းပျောက်စေလိုပါကြောင်း။

 

မြန်မာ့အလင်း