ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ကျင်းပ

နေပြည်တော် ၂၁  ဒီဇင်ဘာ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တွင် ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်  ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်း တပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းမှ အကောင်း ဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၂၀ ဗိုလ်လောင်း ခင်လပြည့်အား ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ  မင်းအောင်လှိုင်က နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်စေရန် အတွက် အမျိုးသမီး စစ်မှုထမ်း အရာရှိများအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့် ကြည်း၊  ရေ၊ လေ၊ ရုံးဌာနများ အပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက် ရှိနေကြကြောင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) မှဆင်းသည့် အမျိုးသမီးအရာရှိ တချို့သည် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ဖြစ်သကဲ့သို့ တပ်မတော်(လေ) အမျိုးသမီး အရာရှိတချို့သည်လည်း လေသူရဲလောင်းများအဖြစ် စတင် လေ့ကျင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းကျောင်းက လေ့ကျင့် သင်ကြားပေးလိုက်သည့် ဘာသာရပ်များနှင့် လက်တွေ့ လေ့ကျင့် ဆောင်ရွက်မှုများကို အခြေခံပြီး ပေးအပ်လာမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်လပြည့်၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း ဇာခြည်ထွန်းနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

(သတင်းစဉ်)