ဘွဲ့ရ အမျိုးသမီး တစ်ဦး ဖြစ်ချင်ခဲ့ပေမယ့် လက်ရှိ အခြေအနေမှာ အကောင်းဆုံး ကြိုးစားနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး အလုပ်သမား တစ်ဦးနဲ့ တွေ့ဆုံမေးမြန်း

နေပြည်တော် ၉ ဇန်နဝါရီ

တက္ကသိုလ် ဘွဲ့ရတဲ့အထိ ကျောင်းတက်ချင်လို့၊ ပညာသင်ယူဖို့ ငွေကြေး အလုံအလောက်ရဖို့ ထိုင်းနိုင်ငံကို အသက် ၁၄ နှစ်နဲ့အရွယ်နဲ့ ထွက်လာပြီး သိုးမွေးစက်ရုံမှာ အလုပ်လာခဲ့တဲ့ မချိုချိုရဲ့ စိတ်ကူး အကောင်အထည် ဖော်နိုင်ခဲ့လား ဆိုတာကို မချိုချိုနဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ MDN အဖွဲ့သူ အေးနှင်းညိုက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော်လုပ်ခဲ့တဲ့အလုပ်တွေ အကြောင်း

မေး။ မြန်မာပြည်မှာတုန်းက ဘယ်မှာနေပါသလဲ။ ဒီထိုင်းနိုင်ငံကို ရောက်တာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖြေ။ မြန်မာပြည် ကရင်ပြည်နယ် ဘားအံမြို့မှာနေပြီး ဒီထိုင်းကို ရောက်နေတာ ၁၀ နှစ်ကျော်ပါပြီ။ အိမ်က မိဘတွေ စီးပွားရေး အဆင်မပြေတဲ့ နောက်ဆုံးမှာ ကျောင်းတက်ဖို့အတွက် ကျောင်းစရိတ် ရှာမယ်ဆိုပြီး မဲဆောက်မှာ အလုပ်စလုပ်ခဲ့ပါတယ်။ မဲဆောက်ကနေပြီးတော့ တစ်နှစ်ကျော်တဲ့နေ့မှာ ဗဟိုစက်ရုံမှာ လုပ်ပြီး လုပ်ဖော်ကိုင်ဖက်တွေ ဗန်ကောက်တက်မယ် ဆိုတဲ့အတွက် လိုက်တက်ခဲ့ပါတယ်။ ဗန်ကောက်ကို ခိုးလမ်း (တရားမဝင်လမ်း) ကနေ တက်ခဲ့ပါတယ်။

မေး။ အခုမြန်မာပြည်မှာ မိသားစုတွေရှိသေးလား။ မောင်နှမတွေရော ဘယ်နှယောက် ရှိသလဲ။

ဖြေ။ မြန်မာပြည်မှာ ရှိပါသေးတယ်။ မောင်နှမကတော့ သုံးယောက်ရှိပါတယ်။ အဖေလည်းဆုံးပြီး အကိုလည်း ဆုံးသွားပါပြီ။ လက်ရှိအမေနဲ့ အစ်မနဲ့ပေါ့။ အစ်မကတော့ အိမ်ထောင်ကျပြီး ကလေးတွေ ရနေပါပြီ။ အစ်မက အမျိုးသားနဲ့ အိမ်ထောင်ရေး အဆင်မပြေကြဘူး။ အဲ့တော့ ညီမကပဲ အမေနဲ့ အစ်မကို လုပ်ကျွေးနေပါတယ်။ စုစုပေါင်း လေးယောက်ရှိပါတယ်။

မေး။ ညီမအနေနဲ့ ထိုင်းကို အသက်ဘယ်လောက်မှာ စပြီး ရောက်လာခဲ့တာလဲ။

ဖြေ။ ညီမ မဲဆောက်ကို စရောက်တဲ့အချိန်မှာ အသက်က ၁၄ နှစ်ပဲ ရှိသေးတယ်။

မေး။ ညီမအနေနဲ့ အသက် ၁၄ နှစ်အရွယ်နဲ့ ထိုင်းကို ရောက်လာတော့ ရောက်ရောက်ချင်း ဘာအလုပ်တွေ လုပ်ရသလဲ။

ဖြေ။ သိုးမွှေးစက်ရုံမှာ သိုးမွှေးထိုးပါတယ်။ မဲဆောက်ဘက်မှာ မိန်းကလေးတွေ အများဆုံးခေါ်ယူ အလုပ်လုပ်တဲ့ စက်ရုံမှာ အမေရဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေရှိတဲ့အတွက် အဲဒီမှာနေပြီး စက်ရုံမှာ တစ်နေ့ကို ဘတ် ၃၀ စပေးပြီး စသင်ယူခဲ့ပါတယ်။ မဲဆောက်မှာ ၂ နှစ်ကျော်လောက်အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ ဗန်ကောက်ကို တက်လာခဲ့တယ်။ ဗန်ကောက်မှာနေပြီးတော့ ဒီသိုးမွှေးစက်ရုံမှာ အလုပ်လုပ်နေရင်းနဲ့ အသက်ရှူလမ်းကြောင်း နဲ့ပတ်သက်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် မြန်မာပြည်ပြန်ပြီး ပြန်လည်ဆေးကုသမှုတွေပြုလုပ်ခဲ့ရပါ သေးတယ်။ ပြီးတော့ ပြန်လာပြီး ဒီထိုင်းနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ခဲ့ပါတယ်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုနဲ့ပတ်သက်ပြီး

မေး။ ညီမ သိုးမွှေးစက်ရုံကနေအလုပ်လုပ်တော့ လိုအပ်တဲ့ဝတ်စုံတွေ ဝတ်ရလား။ လုပ်ငန်းခွင်အတွင်း ကာကွယ်တဲ့ အကာအကွယ်ပစ္စည်း၊ အင်္ကျီတွေစတဲ့ protection equipment ရပါသလား။

ဖြေ။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ပက်သက်ပြီးတော့ အလုပ်စဝင်တဲ့ အသက် ၁၄ နှစ်အရွယ်က ဘာတစ်ခုမှမရှိပါဘူး။ ဒါပေမယ့် အခုတော့ အများကြီးသက်သာသွားပါပြီ။ အရင်ကထက်စာရင်တော့ အများကြီးတိုးလာပါတယ်။  တချို့နေရာတွေမှာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ (ထိုင်းလုပ်ငန်းရှင်တွေ) လိုက်နာလာပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကလည်း ချည်စက်ရုံမှာ လုပ်ဖူးပါတယ်။ အဲ့ဒီမှာကျတော့ သူတို့ နှာခေါင်းစည်း (mask) ပေးပါတယ်။ ဒါပေမယ့် နှာခေါင်းစည်း (mask) တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အဲ့စက်ရုံမှာအလုပ်လုပ်ရင်း  ညီမ ချက်ချင်း မူးလဲသွားပါတယ်။ 

မေး။ မလုံလောက်ဘူးဆိုတာ ဘာကိုပြောတာလဲ။

ဖြေ။ဘာဖြစ်လို့လဲဆိုတော့ အောက်ဆီဂျင်နဲ့ ပတ်သက်တဲ့လေဝင်လေထွက်ပေါက်တွေ နည်းပါးပါတယ်။ ပြီးတော့လည်း အလုပ်လုပ်ချိန်ကအရမ်းများပါတယ်။ အလုပ်ချိန်မှာလည်း ၈ နာရီ ၃ ပိုင်း ခွဲထားပါတယ။ညီမက မနက်ပိုင်း(၈နာရီ) တစ်ချိန် မှာလုပ်ပြီးရင် နောက် ၈နာရီအတွင်းမှာ အိပ်ချိန်စားချိန်အစသဖြင့်ကိုယ်ပိုင် ချိန်၈နာရီပဲရှိပါတယ်။ တစ်ချိန်(၈နာရီ) နားပြီးသွားရင် နောက် ၈ နာရီမှာ အလုပ်ပြန်ဆင်းရပါတယ်။ အလုပ် လုပ်ချိန်က ၁၆ နာရီဖြစ်တဲ့အတွက် အရမ်းများခဲ့ပါတယ်။ အဲ့လိုများတော့ ကျန်းမာရေးနဲ့မညီညွတ်ဘူး။

မေး။ ဒါဆို ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ။ ၂ နှစ်ကျော် ၃ နှစ်နီးပါး ဗန်ကောက်က ချည်စက်ရုံမှာ လုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်း မူးလဲကျသွားပါ တယ်။ ည ၂ နာရီ ကျော်လောက်မှာ မူးလဲသွားခဲ့တာ ဖြစ်ပါတယ်။ မူးလဲတဲ့အချိန် ဆေးရုံရောက်တော့ ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။ သွေးအားနည်းတာရယ်၊ အိပ်ရေးမဝတာကြောင့် ဖြစ်တယ်လို့ ပြောတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီး နှလုံးအားနည်းတာလို့ ပြောပါတယ်။ မြန်မာပြည်ကို ပြန်လာပြီး ဆေးကုသခဲ့ရပါတယ်။ ဆရာဝန်ကအလုပ်ပြောင်းခိုင်းပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာပြီး ကိတ်မုန့်နဲ့ ပေါင်မုန့်စက်ရုံမှာ ၂ နှစ်ကျော် လုပ်ခဲ့ပါတယ်။ အဆင်မပြေလို့ အဲဒီအလုပ်ထွက်ပြီး ကွတ်တီယို (ထိုင်း ခေါက်ဆွဲ) ရောင်းတဲ့ဆိုင်မှာ ၆လ လောက်လုပ်ရပါတယ်။ အိမ်အကူလုပ်ရှိတဲ့ဆိုတာကြားလို့ ထိုင်းလူမျိုး အိမ်ရှင်ဆီမှာ အိမ်အကူအလုပ်ကို လုပ်ပါတယ်။ အဲဒီမှာ တနင်္ဂနွေနေ့ နားရပါတယ်။ တစ်လ ၄ ရက် နားပါတယ်။ အဲဒီနားရက် ၄ ရက်ကို သူတို့ခရီးထွက်တဲ့အချိန် ကိုယ့်နားရက်ကို သူတို့ကသတ်မှတ်ပေးတဲ့ အတွက် ကိုယ့်ရဲ့နားချိန်ဆိုတာ မရှိတော့ပါဘူး။ အဲဒီအလုပ်ကနေလည်း ထွက်ခဲ့ပါတယ်။

မေး။ အဲဒီအလုပ်က ထွက်ပြီး ဘာအလုပ် လုပ်ခဲ့သလဲ။ အဲဒီအလုပ်ကရော အဆင်ပြေလား။

ဖြေ။ ထိုင်းအိမ်ရှင်ဆီက အလုပ်ထွက်ရတဲ့အကြောင်းအရင်းတစ်ခုက ဘန်ကောက်မြို့ထဲမှာရှိတဲ့ ထိုင်းနိုင်ငံ ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာ စကားသင်ကျောင်း စဖွင့်တာ တစ်နှစ်ကျော် ၂ နှစ်ရှိနေပါပြီ။ ကျောင်းက အလုပ်က အိမ်နဲ့ဝေးတော့ ကိ်ုယ်တိုင်ကလည်း ထိုင်းစာ တက်ချင်တဲ့အတွက် အလုပ်သစ်ထပ်ရှာခဲ့ပါတယ်။ နောက်အလုပ်အသစ်က အိမ်အလုပ်ပါပဲ။ ဗန်ကောက်မြို့ ထဲမှာပါ။

အလုပ်ရှင်အသစ်က သြစတေးလျလူမျိုးပါ။ သူကတော့ တစ်ပတ်တစ်ရက်နားပေးတယ်။ ဒါ့အပြင် ထိုင်းအစိုးရ ရုံးပိတ်ရက်တွေပါ နားရက်အဖြစ်ပေးပါတယ်။ နောက်ပြီးသူတို့ သြစတေးလျပြန်လည်တဲ့ အခါ ကျရင်လည်း ကိုယ်လည်း နားရက် ရပါတယ်။

မေး။ အဲ့တော့ အခုထိုင်းဘာသာစကားလည်း တော်တော်ကျွမ်းကျွမ်းကျင်ကျင် တက်နေတာကိုလည်း တွေ့ရ တယ်။ အခုလည်း ကျောင်းရဲ့ ရုံးခန်းမှာ ရုံးအလုပ်တွေ လုပ်နေတယ်ဆိုတော့ အဲဒါကို ပြောပြပေးပါ။

ဖြေ။ ကျောင်းစတက်တက်ချင်းတော့ ကျောင်းစာပဲ တက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီကျောင်းက ထိုင်းအစိုးရက အသိအမှတ်ပြုထားတော့ ကျောင်းနဲ့ ထိုင်းအစိုးရနဲ့တွဲပြီးတော့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်ရေး အသိပညာပေးရေး၊ ILO(နိုင်ငံတကာအလုပ်သမားအဖွဲ့)နဲ့ ပတ်သက်တဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲတွေ အတွက် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်တဲ့ နယ်တွေအထိဆင်းပြီးလုပ်ကိုင်ဆောင်ရွက်တာမျိုး စတဲ့ ရုံးလုပ်ငန်းတွေမှာလည်း လုပ်ကိုင်နိုင်လာပါတယ်။ အဲဒီလို အလုပ်တွေအပြင် ဒီကျောင်းက ကျောင်းဖွင့်ချိန်မှာ ကျောင်းအပ်လက်ခံတာတို့၊ ကျောင်းငွေစာရင်းအလုပ်တွေအထိပါ ပါဝင်ကူညီလုပ်ဆောင်ပေးပါတယ်။

စိတ်ကူးကို အကောင်အထည် မဖော်နိုင်ပေမယ့် ဘယ်အရာတွေက ကိုယ့်ကိုနှစ်သိမ့်စေလဲ။

မေး။ အသက်၁၄ နှစ်အရွယ်မှာ ထိုင်းနိုင်ငံကို ထွက်လာတဲ့အခြေအနေကနေ အခုလက်ရှိအခြေအနေမှာ ကိုယ့်ကို ဘယ်လို သုံးသပ်မိလဲ။ အဲဒါလေးပြောပြပေးပါ။

ဖြေ။ ဘာကိုသုံးသပ်မိလဲဆိုတော့ ပထမတစ်ခုက ကိုယ့်ရည်ရွယ်ချက်ဖြစ်မလာဘူး။ ဖြစ်မလာဘူး ဆိုပေမယ့် လည်း တခြားအရာတွေပေါ်မှာ တိုးတက်မှုရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် ညီမသတိထားမိတာက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအနေအထားကို သတိထားမိတယ်။ လူမှုဆက်ဆံရေးကို သတိထားမိတယ်။ အဲ့ဒီအပိုင်း တွေမှာ တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ထိုင်းနိုင်ငံကိုမလာခင်တုန်းက ကျေးဇူးတင် စကားကို ပြောမထွက်ဘူး။ သုံးလည်းမသုံးရဲဘူး။ ရှိလားဆိုရင်တော့ရှိတာပဲ။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး၊ ကိုင်းရှိုင်းရမယ်၊ ရိုသေရမယ် ဆိုတာလည်းသိတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အသုံးမချခဲ့ ဘူး။ ထိုင်းနိုင်ငံမှာကျတော့ အသုံးချလို့ရတယ်။ ညီမထင်တာကတော့ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ တိုးတက်လာတယ်လို့ထင်တယ်။

နောက်ပြီးတော ပညာရေးနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်မှာ မသင်ရတဲ့ဟာလေး ဒီထိုင်းနိုင်ငံမှာ လာပြီး သင်ရတဲ့ဟာလေးတွေရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ အများကြီးနိမ့် ကျခဲ့တယ်။ အခုဒီကျောင်းမှာဆိုရင် စာတွေအများကြီးသင်ပေးလားဆိုတော့ အများကြီးမသင်ရပါဘူး။ မြန်မာ ပြည်လောက်မသင်ရဘူး ဆိုပေမယ့်သင်ထားတာတွေကို လက်တွေ့သုံးရတယ်။ ထိုင်းနိုင်ငံမှာ ပိုပြီး အတတ်မြန် တယ်ပေါ့။

မေး။ ဗန်ကောက်သံရုံးကလည်း အခုဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အရင်ကထက်ပိုပြီး ကူညီပံ့ပိုး လာတာတွေ့ရတယ်။ ညီမဖြစ်ချင်ခဲ့တဲ့ တက္ကသိုလ်ဘွဲ့ရဖြစ်ဖို့ ကျောင်းစာပြန်သင်ဖို့ ကြိုးစားဖူး တာကို ပြောပြပါအုံး။

ဖြေ။ ညီမကျောင်းဆုံးအောင်တက်ချင်ပါတယ်။ နောက်တစ်ခုရှိတာက ဒီကြားထဲမှာ ထိုင်းနိုင်ငံသံရုံးမှာ ၉တန်း၊ ၁၀တန်း ဖြေခွင့်ပေးတယ်ဆိုတော့ ညီမမြန်မာပြည်မှာ ကျောင်းထွက်လက်မှတ် ပြန်ယူတယ်။ အဲ့တော့ မြန်မာပြည်ကကျောင်းက ညီမကိုအသက်ကြီးပြီ ကျောင်းထွက်လက်မှတ် ထုတ်မပေးတော့ဘူးတဲ့။ အဲ့တော့ ညီမဖြေခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ညီမစိတ်ထဲမှာ ကျောင်းပြီးဆုံးအောင်တက်ချင်တယ်။ မိသားစုကဖြစ်ချင်တဲ့ ဘွဲ့ရတဲ့ အမျိုးသမီးဖြစ်ချင်တယ်။ ကျန်တာကတော့မရှိပါဘူး။ ငယ်ငယ်တုန်းရည်ရွယ်ချက်ပေါ့။ အခုမဖြစ်ပေ မယ့် ကျန်တဲ့ဟာနဲ့ပဲ ဖြေသိမ့်လိုက်တယ်။

အချိန်ပေးဖြေကြားပေးတဲ့ မချိုချိုကို Myanmar Digital News မှ ကျေးဇူးအထူးတင်ပါတယ်။

mdn