ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ထူးချွန်ဆုရ သရုပ်ဆောင်တစ်ဦး ဆင်းဆင်းရဲရဲ ကွယ်လွန်သွားခဲ့

ဘော့စနီးယား ၁၉ ဖေဖော်ဝါရီ

 

၂၀၁၃ ခုနှစ် ဘာလင် ရုပ်ရှင်ပွဲတော်မှာ Silver Bear သရုပ်ဆောင် ထူးချွန်ဆုရရှိခဲ့တဲ ဘော့စနီးယား ရောမ သရုပ်ဆောင် နာဇစ် မူဂျစ်  (Nazif Mujic) ဟာ အသက် ၄၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

 

သူဟာ ရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာ အောင်မြင်မှုတွေရခဲ့ပေမယ့် ကွယ်လွန်ချိန်မှာ အလွန်အမင်း ဆင်းဆင်းရဲရဲဘဝနဲ့ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ မူဂျစ်ဟာ ပြီးခဲ့တဲ့လတွေကတည်းက နေမကောင်း ဖြစ်နေပုံရပြီး ဆင်းရဲနွမ်းပါးလှတဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“ငွေရေးကြေးရေးကြောင့် သူ အလွန်အမင်း စိတ်ပူပန်ခဲ့ရပါတယ်။ ဇန်နဝါရီမှာတော့ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ဂျာမဏီ သွားပြီး နည်းလမ်းရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူပြန်ရောက်လာခဲ့တယ်” လို့ အစ်ကိုဖြစ်သူက ဝမ်းနည်းစွာ ပြန်ပြောပြပါတယ်။

 

တစ်ချိန်က "An Episode in the Life of an Iron Picker" ရုပ်ရှင်ဇာတ်ကားနဲ့ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ထူးချွန်ဆုရပြီး ဘော်စနီးယားကို ပြန်လာခဲ့ချိန်တုန်းက သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ကြတာပါ။ ဒီဇာတ်ကားက ဇနီးသည် ကိုယ်ဝန်ပျက်ကျတာကို ဆေးကုသဖို့ ရုန်းကန်ခဲ့တဲ့ မူဂျစ်ရဲ့ ဘဝအမှန်ကို ရိုက်ထားတာဖြစ်ပြီး ဘာလင်ရုပ်ရှင်ပွဲတော်မှာ (Jury Grand Prix) ဝက်ဝံရုပ်ဆုဖလား ရရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကတော့ မိသားစု စားရေးသောက်ရေးအတွက် ရထားတဲ့ ဆုဖလားကိုတောင် ရောင်းခဲ့ရပါတယ်။  မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံးမှာ ဆုအဖြစ်ရထားတဲ့ ငွေသားဝက်ဝံရုပ်လေးကို အွန်လိုင်းကတဆင့် ယူရို လေးထောင်နဲ့ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

 

ပထမတော့ ကားအဟောင်းလေးကို ရောင်းခဲ့ရတယ်။ နောက် ကိုယ်ပိုင်ပစ္စည်းတွေ၊ နောက် ဝက်ဝံရုပ်ကို ရောင်းချခဲ့ရကြောင်း၊ ဆုအဖြစ်ရထားတာမို့ ရောင်းဖို့ ခက်ခဲခဲ့ရကြောင်း၊ ဒါပေမယ့် ကလေးတွေ အစာမစားရတာ သုံးရက်လောက်ရှိနေပြီမို့ ရောင်းပစ်ခဲ့ရတယ်လို့ မူဂျစ်က ပြောခဲ့ပါတယ်။

 

ငွေစအနည်းငယ်ရဖို့ သံတိုသံစတွေ လိုက်ကောက်ရတဲ့ အလုပ်ဟောင်းကိုသာ ပြန်လုပ်ခဲ့ရတဲ့ မူဂျစ်အတွက် အောင်မြင်မှုဆိုတာ ကြွယ်ဝချမ်းသာမှုအဖြစ် ပြောင်းလဲမလာခဲ့ပါဘူး။

 

မူဂျစ် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဘာလင်ရုပ်ရှင်ပွဲတော် အဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပါတယ်။ မူဂျစ်ရဲ့ ဈာပနကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

 

မူဂျစ်ဟာ စိတ်ပျက်စရာ အခြေအနေက မိသားစုကို ဆွဲထုတ်ဖို့ မျှော်လင့်ချက်နဲ့ ၂၀၁၄ ခုနှစ်က ဂျာမဏီမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဇန်နဝါရီမှာတော့ ဘာလင်ရုပ်ရှင်ပွဲတော် စီစဉ်သူတွေကို သူ့မိသားစု အခက်အခဲတွေကို ပြောပြအကူအညီတောင်းဖို့ မျှော်လင့်ချက်နဲ့ ဆုတံဆိပ်ကိုရောင်းပီး ဘာလင်ကို သွားမယ့် ဘတ်စ်ကားလက်မှတ် ဝယ်ခဲ့ပါတယ်။

 

ဘာလင်ရုပ်ရှင်ပွဲတော်က ဖေဖော်ဝါရီ ၁၅ မှ ဖွင့်ဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။  ဂျာမဏီမှာ ခိုလှုံခွင့် တောင်းခံစဉ်က မပေးနိုင်ခဲ့တဲ့ ဒဏ်ငွေတွေ ဆပ်ဖို့ပြောခံရပြီး ပွဲတော်မကျင်းပမီ ရည်ရွယ်ချက်တွေ မအောင်မြင်ဘဲ နောက်ကြောင်း ပြန်လှည့်လာခဲ့ရပါတယ်။

 

ဘော့စနီးယားမှာ ရောမ ခုနစ်သောင်းငါးထောင်ကျော် နေထိုင်လျက်ရှိပါတယ်။ NGO အဖွဲ့ စာရင်းဇယားတွေအရ ငါးရာခိုင်နှုန်းလောက်ကပဲ တရားဝင်အလုပ်အကိုင် အတည်တကျ ရှိတယ်လို့ သိရပါတယ်။  ဘော့စနီးယားက ရောမတွေက အလုပ်အကိုင်၊ ပညာရေးနဲ့ နိုင်ငံရေး စတဲ့ကဏ္ဍတွေမှာ ခွဲခြားခံနေရတယ်လို့ ၂၀၁၆ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ဆိုထားပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > အေအက်ဖ်ပီ