ဘားအံ့မြို့နယ်၌ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မော်တော်ယာဉ်/စက်ပြင်၊ ဂဟေဆက် သင်တန်းများဖွင့်

ဘားအံ   ၁၄  ဇန်နဝါရီ

 

ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၉)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၉)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ် (၈)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၇) သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

1952

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အမှာစကားပြောကြားပြီး ဘီအေဂျေ (ဘားအံ)မှ အစီအစဉ် မန်နေဂျာ Mr.Hiroshi SUDO က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၉)တွင် ၂၀ ၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၉)တွင် ၂၀ ၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ်(၈)တွင် ၃၀ နှင့် ဂဟေသင်တန်း အမှတ်စဉ် (၇)တွင် ၂၀   စုစုပေါင်း သင်တန်းသား ၈၀ ကို သင်တန်းကာလ (၅)လခွဲကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမှတ်စဉ်(၁)မှ စတင်ကာ လူငယ်(၇၁၃) ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းကို အလုပ်အကိုင်များ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan(BAJ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)