ရန်ကုန် ဇွန် ၉
AYA Tri Nation Cup သုံးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဇွန် ၉ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ အိမ်ရှင်မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
အိမ်ရှင် မြန်မာအသင်းသည် ထိုင်းကို အနိုင်ကစားနိုင်ပါက ချန်ပီယံဆု မျှော်မှန်းနိုင်မည်ဖြစ်သော်လည်း သရေသာကစားနိုင်သဖြင့် တတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုင်းအသင်းသည် ချန်ပီယံဆုအတွက် လိုအပ်နေသည့် သရေတစ်မှတ်ရယူကာ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ် သည်။ မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်နှင့်ပွဲထက် ပိုမိုကောင်းမွန်သည့် ခြေစွမ်းပြသနိုင်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း မိနစ်ပိုင်းအတွင်း ဂိုးပြန်ပေးခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲခဲ့ပြီး ခင်မာလာထွန်း၊ မေထက်လူ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေတို့နှင့် လူစုံခဲ့သည်။ မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည့် မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဦးစားပေးကစားခဲ့ပြီး ထိုင်းဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ သည်။ ထိုင်းအသင်းကလည်း သရေအထိ ချန်ပီယံဆုရယူနိုင်မည်ဖြစ်သော်လည်း ခံစစ်ပိတ်မကစားဘဲ အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့သည်။ ၅၁ မိနစ်တွင် ရူပါခိုင်၏ ဖြတ်တင်ဘောမှတစ်ဆင့် တိုက်စစ်မှူး မေထက်လူက ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း ၅၅ မိနစ်တွင် သာဝမ်ဝတ်က ထိုင်းအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစားသဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရရှိခဲ့သည်။ ပွဲပြီးခါနီးတွင် ရူပါခိုင်၏ အပိုင်ကန်သွင်းမှု၊ ဇင်မိုးပြည့်၏ အနီးကပ်ပိတ်သွင်းမှုများ ဂိုးမဖြစ်ခဲ့သဖြင့် မြန်မာအသင်း အနိုင်ဂိုးနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် ထိုင်းအသင်းက ရမှတ်လေးမှတ်ဖြင့် ချန်ပီယံ၊ ဥဇဘက်ကစ္စတန်အသင်းက သုံးမှတ်ဖြင့် ဒုတိယ၊ မြန်မာအသင်းက တစ်မှတ်ဖြင့် တတိယရရှိခဲ့သည်။ ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပထမဆုရ ထိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ချန်ပီယံဆုဖလား ချီးမြှင့်ပြီး အကောင်းဆုံးဂိုးသမားဆုကို သီချာနန်(ထိုင်း)၊ အကောင်းဆုံးကစားသမားဆုကို ပတ်သာရာနန် (ထိုင်း)တို့က ရရှိခဲ့သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


