အဝေးကွင်းမှာ မန်ယူ ဂိုးပြတ်အနိုင်ရပြီး မန်စီးတီးနှင့် ချယ်လ်ဆီးတို့ အိမ်ကွင်းမှာ ရှုံးပွဲကိုယ်စီကြုံတွေ့

၂၃ ဒီဇင်ဘာ

ပရီမီယာလိဂ် ပွဲစဉ် (၁၈)ပွဲများကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူအသင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ အိမ်ကွင်းမှာ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့သည်။

နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူအသင်း၏ယာယီနည်းပြအဖြစ်  ဆိုးလ်ရှားကို ခန့်အပ်ခဲ့ပြီး ၄င်းကိုင်တွယ်သည့် အဖွင့်ပွဲစဉ်မှာပင် ကာဒစ်အသင်းကို အဝေးကွင်းမှာ ငါးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းမှာ ပွဲအစ ၃ မိနစ်မှာပင် ရပ်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ပွဲချိန် ၂၉ မိနစ်တွင် ဟာရဲရား ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲချိန်  ၃၈ မိနစ်တွင် ကာဒစ်ဖ်အသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ကာမာရာဇာက အမှားအယွင်းမရှိ ကန်သွင်းကာ ချေပဂိုး တစ်ဂိုးပြန်လည်ရယူခဲ့သည်။ ချေပဂိုးတစ်ဂိုးရရှိပြီး မကြာသေးခင်မှာပင် မာစီယဲလ် ပွဲချိန် ၄၁ မိနစ်တွင် တတိယဂိုးသွင်းယူခဲ့သည်။  

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းကပင် ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်တွင် မန်ယူအသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ရာ လင်ဂတ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့သည်။ ကာဒစ်အသင်းမှာ ချေပဂိုးပြန်လည်ရရှိရေးအတွက် ကြိုးစားကစားသော်လည်း မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြမှုတွေကြောင့် ဂိုးမရရှိခဲ့ဘဲ မန်ယူအသင်းက ပွဲချိန် မိနစ် ၉၀ တွင် လင်ဂတ်ကပင် ပဉ္စမမြောက်သွင်းဂိုး ထပ်မံယူနိုင်ခဲ့ကာ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 

အခြားပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့၏ ပွဲစဉ်တွင် မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုး သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့အတူ ချယ်လ်ဆီးအသင်းမှာလည်း လက်စတာစီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ 

 

ပရီမီယာလိဂ် ပွဲစဉ် (၁၈) ရလဒ်များ

 

အာဆင်နယ် ၃ - ၁ ဘန်လေ
ဘုန်းမောက် ၂ - ဝ ဘရိုက်တန်
ချယ်လ်ဆီး ဝ - ၁ လက်စတာ
ဟတ်ဒါဖီးလ် ၁ - ၃ ဆောက်သမ်တန်
မန်စီးတီး ၂ - ၃ ခရစ္စတယ်ပဲလေ့စ်
နယူးကာဆယ် ဝ - ဝ ဖူလ်ဟမ်
ဝက်စ်ဟမ်း ဝ - ၂ ဝက်ဖို့ဒ်
ကာဒစ်ဖ် ၁ - ၅ မန်ယူ

MDN