အုပ်ချုပ်ရေးယန္တရားခိုင်မာ ရပ်ရွာအေးချမ်းသာယာ

အုပ်ချုပ်ရေးယန္တရားသည် ရှေးအခါကတည်းက စနစ်တကျထူထောင်အုပ်ချုပ်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ အုပ်ချုပ်ရေးတွင် ရပ်ရွာအုပ်ချုပ်ရေးသည် အခြေခံအကျဆုံး အုပ်ချုပ်ရေးယန္တရားဖြစ်သည်။ ရှေးက ရွာသူကြီးသည် အရေးပါသောခေါင်းဆောင် ဖြစ်သည်။ အခွန်အကောက်မှ အစပြု၍ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေး၊ ရပ်ရွာသာမှု၊ နာမှုများပါမကျန် ပါဝင်ဦးဆောင်ရသော ရပ်ရွာအဖသဖွယ်ဖြစ်၍ ရပ်သူရွာသားများက ရိုသေလေးစား အားကိုးကြသည်။ ။

ရပ်ရွာအုပ်ချုပ်ရေးနှင့် အစိုးရအုပ်ချုပ်ရေးအဖွဲ့ အစည်းများ ပူးပေါင်း၍ ယေဘုယျအားဖြင့် အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးကို ချောမွေ့စွာ ခုတ်မောင်း နိုင်စေရန် တာဝန်ယူဆောင်ရွက်ကြရသည်။ လွတ်လပ်သောနိုင်ငံဖြစ်ပေါ်လာသော အခါ "ဒီမိုကရေစီအုပ်ချုပ်ရေး” ဟူသော ဝေါဟာရသည် ခေတ်စားလာခဲ့သည်။ နေရာတိုင်းတွင် "ဒီမိုကရေစီ" ဟူသော စကားသည် နေရာယူလာခဲ့သည်။ လူအများ စုရုံး၍ အသံကျယ်ကျယ်အော်ခြင်းသည် ဒီမိုကရေစီ၊ ထိုအသံကျယ်စွာတောင်းဆို ခြင်းကို မလိုက်လျောလျှင် ဖက်ဆစ်၊ အာဏာရှင်။ ထိုအယူအဆ အလေ့အကျင့်များ ပျံ့နှံ့ခေတ်စားလာခဲ့သည်။

အုပ်ချုပ်ရေးယန္တရားအတွင်းသို့ ဒီမိုကရေစီကို နေ့ချင်းညချင်း သွတ်သွင်းခဲ့ ကြသည်။ ထိုအယူအဆမှာ ကမ္ဘာလုံးဆိုင်ရာ လက်ခံထားသည့် အယူအဆဖြစ်၍ မှားယွင်းသည်ဟု မဆိုချင်။ သို့သော် လက်တွေ့တွင် ရွာလူကြီးများ၏ သြဇာ၊ ခေါင်းဆောင်မှုမှာ များစွာလျော့ပါးသွားသည်။ ယခင်က ရွာမှလူမိုက်များ ကြောက်ရွံ့ ရသည့် ရွာလူကြီးသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူမိုက်ကိုကြောက်ရ၊ အားကိုး ရသောဘဝသို့ လျှောကျလာသည်။ ရွာ၏အဖဖြစ်ခဲ့သော ရွာလူကြီးသည် ရွာသား များကို မျက်နှာချိုသွေးရသည်။ ရွာသားများကလည်း တို့သာ ဆရာ၊ ရွာလူကြီးသည် တပည့်ဟု ယူဆလာခဲ့သည်။

ရပ်ရွာအုပ်ချုပ်ရေးတွင် ပါတီနိုင်ငံရေးသည် ရောထွေးလာခဲ့သည်။ အင်အား ရှိသောပါတီက ထောက်ခံလျှင် ရွာမှလူမိုက်လည်း လူကြီးဖြစ်နိုင်သည်။ ပါတီက မထောက်ခံလျှင် ရွာလူကြီးဖြစ်ထိုက်သော်လည်း ရှုံးနိမ့်ရသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးမှာ မူအားဖြင့် ကောင်းသော်လည်း ပါတီနိုင်ငံရေး ရှုပ်ထွေးသဖြင့်အောင်မြင်မှုမရှိပေ။ ရပ်သူရွာသားများ ရပ်ရွာအုပ်ချုပ်ရေးတွင် စိတ်ပါဝင်စား၍ ကိုယ်ထိလက်ရောက်ပါဝင်စေသည်ထက် နိုင်ငံရေးပါတီတို့၏လှုပ်ရှားမှုတွင် သံသရာ လည်၍သာ ပြီးခဲ့ရသည်။

အုပ်ချုပ်ရေးယန္တရားသည် မြို့ရွာများ အုပ်ချုပ်ရေးအတွက်ဖြစ်သည်။ နိုင်ငံ ရေးပါတီများ ကစားပွဲမဟုတ်ပေ။ အုပ်ချုပ်ရေးယန္တရားသည် တိုင်းပြည်အတွက် ဖြစ်သည်။ ပြည်သူ့ငွေဖြင့် တည်ဆောက်ခုတ်မောင်းရသော ယန္တရားဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခုအတွက်မဟုတ်၊ မည်သည့်လူတစ်စုအတွက်မျှမဟုတ်၊ ပြည်သူ အားလုံးအတွက်ဖြစ်သည်။ အုပ်ချုပ်ရေးယန္တရားတွင် နိုင်ငံရေးပါတီ သံယောဇဉ် မရှိစေရ၊ တိုင်းပြည်အပေါ်တွင်သာလျှင် စွဲမြဲစွာ သစ္စာထားရမည်။ တည်ဆဲအစိုးရ၏ ညွှန်ကြားချက်ကို မသွေမဖည် လိုက်နာဆောင်ရွက်ရသည်။ သူ့နေရာ၊ သူ့တာဝန်နှင့် သူ စနစ်တကျခွဲခြား၍ စည်းကမ်းရှိရှိ စောင့်ထိန်းခြင်းမပြုဘဲ နိုင်ငံရေးပါတီများက အုပ်ချုပ်ရေးယန္တရားတွင် ဝင်ရောက်မွှေနှောက်၊ အုပ်ချုပ်ရေးပိုင်းကလည်း ပါတီ နိုင်ငံရေးပိုင်းတွင် ပတ်သက်ကြပါလျှင် ဖရိုဖရဲဖြစ်တတ်၊ တိုင်းပြည်ပါ ပျက်စီး တတ်ပါသည်။ | ယနေ့တိုင်းပြည်အရေးတွင် ပါတီနိုင်ငံရေးသည် အုပ်ချုပ်ရေးယန္တရားတွင် သာမက လူမှုဘဝနယ်ပယ်အမျိုးမျိုးတွင်ဝင်ရောက်ထိုးဖောက်မွှေနှောက်ခဲ့ကြသည်။ တိုင်းပြည်ယန္တရားများ မတည်မငြိမ်ဖြစ်စေခဲ့သည်။ ရပ်ရွာအုပ်ချုပ်ရေးတွင် လူမိုက် များကို ကြောက်လာရသည်။ ရပ်ရွာကို အုပ်ချုပ်စီမံမည့်သူများအား မအုပ်ချုပ်ရဲအောင် အုပ်ချုပ်ရေးရုံးများအား မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ရပ်ရွာလူကြီးများကို ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ပြုလုပ်ပြီး အကြောက်တရားများ ကြီးထွားအောင် ပြုလုပ်လာကြသည်။

ပါတီနိုင်ငံရေးသည် ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖျက်ဆီးလာခဲ့သည်။ ပါတီ အာဏာထူထောင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားအမျိုးမျိုးကို ဖျက်ဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တပ်မတော်သည် အုပ်ချုပ်ရေးယန္တရား မယိုင်လဲအောင် ကာကွယ်ပေးရသည်။ ပြည်သူများ ဘေးကင်းလုံခြုံစေရန် စောင့်ရှောက်ပေးရ သည်။ ပြည်သူများကလည်း တို့နှင့်မဆိုင်ဟု လျစ်လျူရှု၍မဖြစ်ပေ။ မြို့ရွာလုံခြုံရေး ကို ကူညီဖို့ရာ တာဝန်ရှိသည်။ သို့မှသာ မြို့ရွာများ တည်ငြိမ်အေးချမ်း၍ ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်ပါကြောင်း။

မြန်မာ့အလင်း