အတုအပ၏ဒဏ် ပြည်သူတို့ မခံရဖို့

လောကကြီး၌ မိမိတို့စားဝတ်နေရေး၊ မိသားစုအရေး အစရှိသည်တို့ အလို့ငှာ လူတို့ စီးပွားရှာကြ အလုပ်လုပ်ကြရ၏။ လူတို့၏ ကံဉာဏ် ဝီရိယနှင့် ဘဝအကျိုးပေး အမျိုးမျိုးပေါ်မူတည်၍ လည်းကောင်း၊ ဘယ်ပုံ ဘယ်နည်း လုပ်ကိုင်ရှာဖွေကြသလဲဆိုသည့်အပေါ် မူတည်၍လည်းကောင်း ဆင်းရဲချမ်းသာ ကွာခြားမှုရှိကြ၏။

မြန်မာတို့၏ အစဉ်အလာအယူအဆအရ ကောင်းမွန်မှန်ကန်သော စီးပွားရှာခြင်းကို မြင့်မြတ်သည့် ကုသိုလ်ဖြစ်စေသည့် စီးပွားရှာခြင်းဟု ယုံကြည်ကြ၏။ မတော်မတရား စီးပွားရှာခြင်း၊ လူလူချင်း ခေါင်းပုံဖြတ် စီးပွားရှာခြင်း အစရှိသည့် အသက်မွေးဝမ်းကျောင်း စီးပွားရှာမှုကို မိစ္ဆာအာဇီဝဟု ခေါ်ဝေါ်ကာ အကုသိုလ်ဖြစ်သည့် စီးပွားရှာခြင်းအဖြစ် သတ်မှတ်ကြ၏။

သည်လို မိစ္ဆာအာဇီဝခေါ်သည့် အကုသိုလ်ကြီးလှသော စီးပွားရှာ နည်းများထဲတွင် အတုအပပြုလုပ်ခြင်းသည်လည်း ထိပ်ဆုံးတန်းက ပါမည်ဟု ထင်၏။ ကုန်ပစ္စည်းဈေးတင်ရောင်းသည့် မသမာမှုထက် ဆိုးရွားသည့် ပိုမိုမသမာမှုဟု ခေါ်ရမည်ထင်သည်။ ထို့ထက်ပိုသည့် မသမာမှုက အစားအသောက်နှင့် ဆေးဝါးများကို ရောနှောခြင်း အတုပြုခြင်းပင် ဖြစ်ပါမည်။

အစားအသောက်မျိုးစုံကို အတုအပလုပ်ကြ၏။ အရောအနှောများ ဆိုးဆေးများဖြင့် အရောင်တင်ကာ အရောင်အသွေးအတုလုပ်၏။ မူလ စားသောက်ကုန်အတိုင်းဆိုလျှင် တာရှည်မခံမည်ကို သိသည့်အားလျော်စွာ ဓာတုဆေးဝါးများဖြင့် ပေါင်းစပ်ရောနှောခြင်းဖြင့် တာရှည်ခံအောင် လုပ်ကြ၏။ ဤသို့ဖြင့် မူလအရည်အသွေးမရှိတော့သည်ကို ရှိသည့်သဖွယ် လုပ်ကြ၏။

ဆိုးသည်ထက်ဆိုးသည်များ၏ နောက်တွင် ဆေးဝါးအတုလုပ်ခြင်းက (တရားဥပဒေအရတော့မသိ) လူ့အဖွဲ့အစည်း၏ စံနှုန်းနှင့်မူ မည်သို့သော ပြစ်ဒဏ်ပေးသင့်သည်ဆိုသည်ကိုပင် စဉ်းစားမရနိုင်လောက်အောင်ပင်။ လူနာနှင့် မိသားစုများမှာ အသက်ကယ်ရန်၊ အသက်ရှည်ရန်၊ ကျန်းမာလာရန် မိမိလက်ထဲရှိသမျှနှင့် ဝယ်ယူတိုက်ကျွေးရပါသော်လည်း ထိုဆေးဝါးများက အတုများဖြစ်နေသည်တဲ့။

ဘယ်လောက်တောင် ကမ်းကုန်အောင် ရက်စက်လှသည့် စီးပွားရှာနည်းမျိုးပါနည်း။ အထူးသဖြင့် ဆေးအတုက အိမ်နီးချင်းနိုင်ငံဆီက အများဆုံးလာသည်တဲ့။ စားစရာ သောက်စရာများသာမက ဆေးဝါးကိုပါ အတုအပလုပ်ခြင်းကဖြင့် လူသတ်မှုကျူးလွန်ခြင်းတစ်မျိုး ဖြစ်သည်ဟု ဆိုရပါမည်။

ဤသို့ဖြင့် မြန်မာနိုင်ငံက အတုအပကမ္ဘာတစ်ခုအလားဖြစ်နေသည်ကို ထိထိရောက်ရောက် အရေးယူရန်လိုပြီဟု မြင်ပါသည်။ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်၊ စာနယ်ဇင်းတို့၏ စတုတ္ထ မဏ္ဍိုင်တို့အားလုံး ကျောချင်းကပ်ကာ အလေးအနက်ထား ဆောင်ရွက် ကြဖို့လိုပြီဟု နှိုးဆော်လိုပါသည်။

သည်လို စားသောက်ကုန်နှင့် ဆေးဝါးအတုတို့၏ဒဏ်ကို ခံစားနေရသည့် မြန်မာပြည်သူတို့အတွက် နောက်ဆုံးကျရောက်လာသည့် အတုအပသည်ကား ငွေစက္ကူအတုဟူ၏။ အထူးသဖြင့် အထိခိုက် အခံစားရဆုံးမှာ ထုံးစံအတိုင်း ပြည်သူတို့သာ ဖြစ်နေရပြန်ပါသည်။ သာမန်ပြည်သူတို့အဖို့ ငွေစက္ကူ တစ်သောင်းတန်တစ်ရွက် အတုဖြစ်နေ၍ ဆုံးရှုံးရသည်မှာ အဆမတန် များပြားလွန်းလှသော ပမာဏဖြစ်ပါ၏။

မတော်တဆ မိမိလက်ထဲရောက်လာပြီဆိုလျှင် ဘယ်လို အာမခံချက် မျိုးနှင့်မှ ပြန်လည်လဲလှယ်မရနိုင်တော့သဖြင့် ချုံးပွဲချ ငိုကြွေးရုံမှတစ်ပါး အခြားမရှိတော့သည်ဖြစ်ရာ မဏ္ဍိုင်ကြီးများ အနေဖြင့် အထူးအလေးအနက်ထား စဉ်းစားကာ ဖော်ထုတ်အရေးယူရန် နည်းလမ်းများကို ရှာဖွေကြရန် လိုအပ်ပြီဟု တင်ပြလိုက်ရပါကြောင်း။

မြန်မာ့အလင်း