အတန်းပညာနှင့်အတူ အတတ်ပညာပါ လေ့လာဆည်းပူးနိုင်ဖို့  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့

 

ကေတာ

ကျောင်းသား ကျောင်းသူများ စနစ်တကျ စီတန်းစိုက်ပျိုးထားသော သီးပင်စားပင်များနှင့် တစ်ထပ် စာသင်ဆောင်များသည် အလွန်ပင် ပနံရလှသည်။ ထို့ပြင် သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းအတွင်း ဆရာဆရာမများ၏ စာသင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေး သင်ယူနေမှုတို့မှာလည်း ဆရာနှင့်တပည့်တို့အကြား အပေးအယူမျှ Harmony ဖြစ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်  ဇွန်လ ၁ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ညောင်နှစ်ပင်) တွင် ဖြစ်သည်။

စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးပညာရပ်များကို မြန်မာလူငယ်တို့အကြား ပြန့်ပွားစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်မှစတင်၍ အခြေခံပညာအထက်တန်း ကျောင်း ၅၁ ကျောင်း၌ စိုက်ပျိုးရေး ဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်တို့ကို တွဲဖက်သင်ကြားစေခဲ့ခြင်းဖြစ်သည်။

 

၁၀၂၂ ဦး ဖြေဆိုအောင်မြင်ခဲ့

 

အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေးအထူးပြုဘာသာရပ်နှင့် မွေးမြူရေး အထူးပြုဘာသာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade- 10 သင်ရိုး စိုက်ပျိုးရေး အထူးပြုဘာသာရပ် ဖြင့် ၁၀၂၂ ဦး ဖြေဆိုအောင်မြင်ခဲ့သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ Grade-10 သင်ရိုးတွင် မြန်မာစာ၊ အင်္ဂလိပ် စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ပေါင်းစပ်သိပ္ပံ (ဓာတု+ရူပ) နှင့် စိုက်ပျိုးရေးအထူးပြု ဘာသာရပ်များအဖြစ် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (၁) တွင်  လယ်ယာသီးနှံဘာသာနှင့်  မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံ ဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာရပ်၊ ကွင်းလက်တွေ့ လေ့ကျင့်ခြင်းဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပေးလျက် ရှိသည်။

Grade-11 သင်ရိုးတွင် စာပေအထောက်အကူပြု ဘာသာရပ်များအပြင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေး ဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာရပ်၊ အခြေခံ ကွန်ပျူတာ သိပ္ပံဘာသာရပ်၊ ကွင်းလက်တွေ့ လေ့ကျင့်ခြင်းဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

Grade-12 သင်ရိုးစာပေအထောက် အကူပြုဘာသာရပ်အဖြစ် မြန်မာစာနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံဘာသာရပ်၊  သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (၃) တွင် စိုက်ပျိုးရေးရုက္ခဗေဒဘာသာနှင့် လယ်ယာသုံးစက်ကိရိယာ ဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင်   အပင်ရောဂါဗေဒဘာသာနှင့် လယ်ယာသုံး စက်ကိရိယာ ဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့်  ကိမိလဗေဒ ဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်တွင် စိုက်ပျိုးစီးပွားဘာသာရပ်နှင့် စိုက်ပျိုးရေး ပညာပေး ဘာသာရပ်၊ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်၊ ကွင်းလက်တွေ့လေ့ကျင့်ခြင်း ဘာသာရပ်တို့ကို သင်ကြားပေးမည် ဖြစ်သည်။

 

mdn

 

မတိမ်ကောတဲ့ ပညာရပ်တွေ

 

“Grade-12 အောင်မှ စိုက်ပျိုးရေး တက္ကသိုလ်တက်ရမယ်ဆိုတာကို အခုတော့ ပေါင်းကူးအနေနဲ့ အတန်းပညာ၊ အတတ် ပညာရပ်တွေ လေ့လာသင်ယူခွင့်ရတာ ဖြစ်ပါတယ်။  ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးအခြေခံထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုပါတယ်။ မတိမ်ကောတဲ့ ပညာရပ်တွေလို့မြင်မိပါတယ်။ ပြီးတော့ အခွင့်အလမ်းတွေလည်း များစွာရရှိမယ်လို့  ယုံကြည်တဲ့အတွက် တက်ရောက်ဖြစ်တာ ဖြစ်ပါတယ်” ဟု စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသားတစ်ဦးက   ပြောကြား သည်။

သင်ရိုးညွှန်းတမ်းများ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၊ စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတည်းဖြတ်ရေးအဖွဲ့၊ မွေးမြူ ရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း တည်းဖြတ်ရေးအဖွဲ့၊ မွေးမြူရေးဘာသာ ရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းစိစစ်အတည် ပြုရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခု၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၃၄ ကျောင်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း ၈၅ ကျောင်းအထိ ရှိလာမည် ဖြစ်သည်။

အဆိုပါကျောင်းများသည် ကချင် ပြည်နယ်တွင် လေးကျောင်း၊ ကယား ပြည်နယ်တွင် တစ်ကျောင်း၊ ကရင်ပြည် နယ်တွင် နှစ်ကျောင်း၊ ချင်းပြည်နယ်တွင် နှစ်ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ငါးကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ခြောက်ကျောင်း၊ မကွေးတိုင်းဒေသ ကြီးတွင် ငါးကျောင်း၊ မန္တလေးတိုင်းဒေသ ကြီးတွင် ၁၀ ကျောင်း၊ မွန်ပြည်နယ်တွင် လေးကျောင်း၊  ရခိုင်ပြည်နယ်တွင် ငါးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁ ကျောင်း၊ ရှမ်းပြည်နယ်တွင် ၁၅ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်ကျောင်း၊ နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် လေးကျောင်း တည်ရှိမည် ဖြစ်သည်။

“တက်ရောက်လိုတဲ့သူတွေအနေနဲ့ စိုက်ပျိုးရေးနှင့်  မွေးမြူရေးပညာရပ် လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်ရပါမယ်။ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်မှာ Grade-9 အောင်မြင်တဲ့သူတွေ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade-9 အောင်မြင်ခဲ့တဲ့ သူတွေ၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်မှာ Grade-10 အောင်မြင်တဲ့သူတွေ ဒါမှမဟုတ် ကျရှုံးသူ၊ ရပ်နားထားသူတွေကို သတ်မှတ်ဦးရေအပေါ်မူတည်ပြီး ဦးစားပေး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်”ဟု စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

 

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ စိုက်ပျိုးရေးအတတ်ပညာ  သုံးနှစ် သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ပထမနှစ် သင်တန်းများသို့လည်းကောင်း၊ အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်သို့ လည်းကောင်း၊ မွေးမြူရေးအတတ်ပညာ  သုံးနှစ် သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံ ပထမနှစ်သင်တန်းများသို့ လည်းကောင်း၊ အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပထမနှစ်သို့လည်းကောင်း တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

 

ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်မည်

 

ကျောင်းဝင်ခွင့်လျှောက်လွှာများကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများတွင် ယခု နှစ် မေလ ၁၀ ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး မေလ ၁၉ ရက်နေ့  နောက်ဆုံးထား၍ တက်ရောက်လိုသည့်  ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်ကာ ကျောင်းများကို ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ကလေးတွေအတွက် အခွင့်အလမ်း သစ်တွေကို ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီကျောင်းက သုံးနှစ်သင်တန်း ပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ လက်မှတ်ရရှိပြီဖြစ်ပါတယ်။ ထူးချွန်ရင် အစိုးရစက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံတွေမှာ  ဆက်လက်တက်ရောက်နိုင်ပြီး ဒီထက်ထူးချွန်ရင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ သူတို့ ဘဝအတွက် များစွာ အထောက်အကူပြုစေတဲ့ကျောင်း ဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်”ဟု အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တစ်ဦးက ပြောကြားသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသည် အသက်မွေး အတတ်ပညာများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မြန်မာကျောင်းသား လူငယ်တို့အတွက် သင်ယူမှုအခွင့်အလမ်းသစ်တို့ မွေးဖွားပေးရာ နေရာလည်းဖြစ်သည်။

လူငယ်များအတွက် အတန်းပညာနှင့်အတူ အသက်မွေးအတတ်ပညာတို့ကိုပါ တစ်ပြိုင်တည်း  လေ့ကျင့်သင်ကြားပေးသည့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်ခြင်းသည် နိုင်ငံအတွက် အားထားရမည့် စွမ်းရည်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ် ပေးခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် ကျွမ်းကျင်လူငယ်လုပ်သား လူ့စွမ်းအားအရင်းအမြစ်များကို အခြေခပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများမှ မွေးထုတ်ပေးတော့ မည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အားပါဝင်ဖို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး  အထက်တန်းကျောင်း တက်ရောက်ကြပါစို့ဟု  တိုက်တွန်း ရေးသားလိုက်ရပါသည်။