အတိတ်တစ်ခွင် အရိပ်ထင်ခဲ့သမျှ

မမြင့်မွန် (မြန်မာ့အသံ)

 

ကျွန်မ ၁၉၅၉ ခုနှစ်က ဝင်ဒါမီယာ ကရက်ဆင့်မှာ အလုပ် ဝင်ဖို့လုပ်တော့ ပထမဦးဆုံးတွေ့ရသူက ဦးခင်ဇော်ပါ၊ ဦးခင်ဇော်က ကျွန်မကို သီချင်းဆိုခိုင်း၊ သတင်းစာဖတ်ခိုင်း၊ ဇာတ်လမ်းပမာပြောခိုင်းပါတယ်။ Voice Test ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မအစီအစဉ် ကြေညာသူဖြစ်လာ ခဲ့ပါတယ်။ အစီအစဉ်ကြေညာသူမှ ဦးစီးအရာရှိ (အစီအစဉ် တာဝန်ခံဖြစ်သည်) အထိ နှစ်(၃ဝ) ဖြတ်သန်းလာခဲ့ရတဲ့ မြန်မာ့အသံဝန်ထမ်းဘဝဟာ အမှတ်တရများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

 

ကျွန်မကို အစီအစဉ်ကြေညာသူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်မီ၊မမီ ပထမဆုံး စမ်းသပ်စစ်ဆေး ခဲ့သူ ဦးခင်ဇော်ဟာ ကျွန်မဘဝမှာ အသံလွှင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး အတုယူလေးစားအားအကျရဆုံးသူတစ် ယောက်ပါ။ ဦးခင်ဇော်ဟာ လန်ဒန် BBC အသံလွှင့်ဌာန (မြန်မာပိုင်း)အစီအစဉ်နဲ့ နယူးဒေလီရှိ All India အသံလွှင့်ဌာနတို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဦးခင်ဇော်ဟာ တယောထိုးအလွန်ကောင်းသလို အင်္ဂလိပ်ဘာသာကိုလည်း ကျွမ်းကျင်နှံ့စပ်ပါတယ်။ စာရေးဆရာ K နာမည်နဲ့ အင်္ဂလိပ်ကဗျာများ ရေးသားလေ့ရှိပြီး အင်္ဂလိပ်ဇာတ်လမ်းများကို ဘာသာပြန်ကာ မြန်မာ့အသံကနေ တင်ဆက်ပါတယ်။ ဇာတ်လမ်းထဲမှာ ရံဖန်ရံခါ ဇာတ်လမ်းအရ သီချင်းဆိုရတဲ့အခါမျိုးတွေပါရင် သူကိုယ်တိုင် တယောထိုးပြီး ကျွန်မကို ဆိုခိုင်းတတ်ပါတယ်။

 

စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာများဖြစ်တဲ့ “မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့”တို့၊ “ဆွမ်းအုပ်နီနီ အမေရွက်” တို့လို ကဗျာတွေကို တယောနဲ့ သံစဉ်ထည့်ပြီး ဒေါ်မေရှင်ကို သီဆိုခိုင်းကာ ကလေးများအဖို့ အစီအစဉ်လုပ်ခဲ့တာကိုလည်း သတိတရရှိလှပါတယ်၊ ဒေါ်မေရှင်ကတော့ မြန်မာ့အသံမှာ ရှစ်နှစ်လောက် တာဝန်ထမ်းခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။

 

နှစ်ယောက်မရှိ ကောင်းသူ

နောက်တစ်ဦးကတော့ ဒေါ်သန်းနှစ်ပါ။ အစီအစဉ် ကြေညာသူအဖြစ် ဝင်ရောက်လာသူ ကျွန်မကို လေ့ကျင့် သင်ကြားပေးခဲ့တဲ့ ဆရာပါ။ ဒေါ်သန်းနှစ်ဟာ အသံဩဇာ ရှိလှပြီး အဖြတ်အတောက်မှန်မှန် လေယူလေသိမ်း ကောင်းကောင်းနဲ့ သတင်းကြေညာတဲ့နေရာမှာ နှစ်ယောက်မရှိ ကောင်းသူပါပဲ။

 

ကျွန်မ မှတ်မှတ်ထင်ထင်ရှိရသူ နောက်တစ်ဦးက တော့ အဘဦးသန်းမြင့်ပါ။ The Lady of Shalott ကဗျာကို မြို့မသန်းလွင်က မြန်မာပြန်ပြီး အဘက ပထမ ဆုံးသော ဇာတ်လမ်းပမာအဖြစ် ဖန်တီးခဲ့ပါတယ်။ အဘရဲ့ နောက်နာမည်ကြီး ဇာတ်လမ်းတစ်ပုဒ်က ဆရာမင်းသုဝဏ်ရဲ့ “ဘကြီးအောင်ညာတယ်” ဝတ္ထုကို ဇာတ်လမ်းပမာ အဖြစ် တင်ဆက်ခဲ့တာပါ၊ ဦးသန်းမြင့်က BA (Music) ကို နိုင်ငံခြားက ယူလာတာပါ။ ဦးသန်းမြင့် ဟာ မြခြူသံရုပ်ရှင် Script ကိုလည်း ရေးခဲ့တယ်လို့ သိရပါတယ်။

 

ဦးသန်းမြင့် နိုင်ငံခြားသွားတော့ ဇာတ်လမ်းပမာ နားဆင်စရာကို စန္ဒရားအောင်ခင်၊ ဘဝကြေးမုံဇာတ်လမ်း စုံကို ဦးဇော်ဝင်း သူတို့တွေက တာဝန်ဆက်ယူကြတယ်။ အဲဒီမှာ “ဒီအပူတွေပေါ့” ဇာတ်လမ်း၊ အနှိပ်သည်ဇာတ် လမ်းတို့မှာ ဦးငြိမ်းမောင်တို့၊ ကျွန်မတို့ ပါဝင်သရုပ်ဆောင် ပေးကြရတယ်။

 

မောင်းကြီးကို တဒူဒူထုပြီး အာပေါင်အာရင်းသန်သန်နဲ့ ပြောတတ်တဲ့ တယော ဦးသန်း (ဒေါ်တင်တင်မြရဲ့ဖခင်ကြီး)ရဲ့ အစီအစဉ်ကလည်း ရင်ထဲမှာ ထင်ကျန်နေပါတယ်။

 

ပင်တိုင်ကြေညာရလေ့ရှိ

နောက်ပိုင်းမှာ ဦးကျော်ညိန်း(မာတလိ)က အစီအစဉ် မှူးအနေနဲ့ ဝင်လာတယ်။ မာတလိစေတမန်ခန်းဆိုတာ သောတရှင်တွေ မြန်မာ့အသံအကြောင်း မေးတာတွေကို ပြန်ကြားပေးတဲ့အပြင် ပြည်တွင်းက သတင်းတွေကို ကောက်နုတ်တင်ပြတဲ့အခန်းပေါ့။ ဦးကျော်ညိန်းဟာ အသံ ဩဇာနဲ့ ပြည့်စုံပြီး သတင်းဖတ်ကောင်းတာမို့ အဲဒီတုန်းက ပြည်လမ်း ဗိုလ်ရှုခံမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတို့၊ အထူးကြေညာချက်တို့ကို သူပဲ ပင်တိုင်ကြေညာ ရလေ့ရှိတယ်။ နောက် သူ့လိုပဲ သတင်းဖတ်ကောင်းတာက ဦးမောင်မောင်တို့၊ ဦးညွန့်တင်တို့၊ ဦးတင်ဦးတို့ ဖြစ်ပါတယ်။

 

သတိတရရှိလှတဲ့ နောက်တစ်ဦးကတော့ ဦးကျော်မင်းပါ၊ သူကတော့ နောင်တစ်ချိန် (မြန်မာ့အသံကျော်မင်း)ဆိုပြီး တိုင်းပြည်ပြုသီချင်းတွေရော၊ နာမည်ကြီးတေးတွေရော ရေးစပ်ပါတယ်) “ယောက်မရေ သူငယ်ချင်း၊ လယ်ဆင်း သွားစို့လား” အဲဒီသီချင်းလေးကိုတော့ မှတ်မိနေပါတယ်။ မြန်မာ့အသံမှာ သတင်းဖတ်ကြားသူ၊ စာမူပြုစုသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

 

၁၉၅၉ ခုနှစ်မှာ ဗမာ့အသံကနေ မြန်မာ့အသံဆိုပြီး ဖြစ်လာခဲ့ကာ ၁၉၆၀ ပြည့်နှစ်မှာတော့ ဝင်ဒါမီယာ ကရက် ဆင့်ကနေ ပြည်လမ်းကို ပြောင်းလာခဲ့ကြတယ်။ အဲဒီပြည် လမ်း မြန်မာ့အသံကိုရောက်ပြီး မကြာခင်မှာပဲ ဒုတိယပိုင်း အစီအစဉ်က ဝန်ထမ်းတွေ လာပေါင်းကြတယ်။ ဒုတိယပိုင်း အစီအစဉ်ဆိုတာက တွဲဖက်အစီအစဉ်ကနေ ဖြစ်လာတာပါ။ တပ်မတော်ပညာရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနက တာဝန်ယူပြီး ဗမာ့အသံနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ရေကူးကနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ဌာနတစ်ခု၊ အဲဒီ တွဲဖက်အစီအစဉ်ကို တစ်နှစ်ကျော်ကျော် ထုတ်လွှင့်ခဲ့ပြီး ဒုတိယပိုင်းအစီအစဉ်လို့ အမည်ပြောင်းခဲ့ကာ အဲဒီနောက် မြန်မာ့အသံနဲ့ တစ်ပေါင်းတည်း ဖြစ်သွားခဲ့ရတာပါ။ ဗိုလ်မှူး ကျော်ဆန်း(စာရေးဆရာ-သုခိအောင်)က တာဝန်ယူပါတယ်။

 

မြိုင်မြိုင်ဆိုင်ဆိုင်

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီး နောက်ပိုင်း အစီအစဉ်တွေလည်း တိုးချဲ့၊ အချိန်တွေလည်း တိုးမြှင့်ထုတ်လွှင့်ခဲ့ကြရပါတယ်။ အဲဒီအချိန်မှာ ပြည်လမ်း မြန်မာ့အသံမှာ ဝင်ဒါမီယာ ကရက်ဆင့်ကပါလာခဲ့တဲ့ ဝန်ထမ်းတွေ၊ ဒုတိယပိုင်းအစီအစဉ်က ဝန်ထမ်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။ အဲဒီထဲမှာ ဒေါ်မြနှစ်၊ ဒေါ်အေးအေး သန်း၊ ဒေါ်သန်းသန်းအေးတို့က ယူနီဖောင်းဝတ်နဲ့ တပ်က လစာနဲ့ မြန်မာ့အသံကို ရောက်လာတယ်။ ဒေါ်ယဉ်ယဉ် ကြည်၊ ဒေါ်ခင်သိန်းဆွေ၊ ဒေါ်စန်းစန်းဝေ၊ ဒေါ်မာမာအေး (တေးသံရှင်)၊ ဦးတင်ကြိုင်၊ ဂီတာတင်အုန်း၊ ဦးဝင်းမြင့် (ကိုသာဆန်း)တို့ဟာ ဒုတိယပိုင်းက ပါဝင်လာတဲ့ ဝန်ထမ်း တွေပါပဲ။ အဲဒီနောက်ပိုင်း ဒေါ်ဝင်းဝင်းမေ၊ ဒေါ်ခင်မမ၊ ဒေါ် သန်းမြ(မြသဲဖြူ၊ မြန်မာ့အသံ)၊ ဒေါ်ခင်မြကြူ (သဇင်ကြူ)၊ ဒေါ်မြမြသန်း၊ ဒေါ်ခင်မြဆွေ (ရုပ်ရှင်မင်းသား ဝင်းညွန့်၏ ဇနီး၏ညီမ)စတဲ့ ဝန်ထမ်းတွေနဲ့ စည်စည်ကားကား ဖြစ်လာ ခဲ့ရတာတွေ ... ။

 

နာမည်ကြီးတေးသံရှင်တွေဖြစ်တဲ့ ဒေါ်တင်တင်မြ၊ ဒေါ်မေလှမြိုင်၊ ဒေါ်မာမာအေး၊ ဒေါ်ချစ်စပယ်၊ ဒေါ်ရီလေး၊ ကမ္ဘောဇမေသင်းရီ၊ တွံတေးသိန်းတန်၊ တယောကိုပါ၊ ကိုထွန်းရှိန်တို့ကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ မြန်မာ့အသံကို ဝိုင်းဝန်းခဲ့ကြတာတွေလည်း တရေးရေး သတိရမိနေပါတယ်။

 

မြန်မာပိုင်းအစီအစဉ်ရဲ့ သောတရှင်တွေအကြား ရေပန်းစားခဲ့တဲ့ ဦးအောင်မြင့်နဲ့ ဒေါ်ခင်ခင်ကြည် သီရိဂေဟာ အစီအစဉ်မှာ အတွဲညီညီ (ကိုမြသီးနဲ့ မခင်မူအဖြစ်) သရုပ်ဆောင်ခဲ့တာကလည်း အတိတ်ကို ငဲ့စောင်းကြည့်မိတိုင်း သတိရစရာတွေ ဖြစ်ပါတယ်။

 

ပဲ့ကိုင်ရှင်များ

၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ မြန်မာပိုင်းအစီအစဉ်ရဲ့ ပဲ့ကိုင်ရှင်များလို့ ယူဆလို့ရတဲ့ ဦးသန်းစိန်သစ်၊ ဦးကျော်ဦး၊ ဦးသာဦး၊ ကိုသစ္စာ၊ မြန်မာ့အသံခေတ်ပေါ်တေးဂီတ တူရိယာအဖွဲ့ စန္ဒရားလှထွတ်၊ ကိုခင်မောင်ညွန့်၊ ကိုမြတ်လင်း၊ စန္ဒရားချစ်မောင်၊ ဦးမောင်မောင်သီ၊ စန္ဒရား အောင်ကြီး၊ ဓာတ်ပြားပိဋကတ်တိုက်က ဦးမောင်မောင် ရင်၊ ဦးမောင်မောင်မြင့်၊ ဦးမြသိန်း၊ သတင်းဌာနက ဦးမောင်မောင်ဟိန်၊ ဦးထွန်းဟိန်၊ ဦးဟာကုတ်လုနီ၊ ဦးတင်ထွန်း၊ ကိုတင့်ဝေ၊ Monitor က ဒေါ်ခင်မို့မို့၊ ဒေါ်ခင်မေထွေး၊ မာရီကောန်းဝေ (တေးသံရှင် တင်မိုးခိုင်)၊ အင်္ဂလိပ်ပိုင်းအစီအစဉ်က ဦးကြီးတင်၊ ဦးလှဘူး၊ ဒေါ်လှညွန့်၊ ဦးခင်မောင်သွင်၊ အလ်ဆင်ထွန်းငွေ၊ ဒေါ်ယုယုမြိုင်၊ ဒေါ်မြမြစိန်၊ တိုင်းရင်းသားက ဒေါ်ဟယ်နီ ကျော်ထွေး၊ ဒေါ်အုန်းကြည်၊ ဦးညွန့်ရှိန်တို့ကိုလည်း သတိတရရှိလှပါတယ်။

စင်စစ် ကျွန်မသတိရတာတွေ၊ မှတ်မိတာတွေကတော့ မဆုံးနိုင်အောင်ပါပဲ။ မြန်မာ့အသံမှာ တစ်ဘဝစာ မြှုပ်နှံထားခဲ့မိတဲ့အတွက် ကျွန်မအသက်(၆၀)ပြည့် ပင်စင်ယူပြီးသည့်တိုင် နောက် ၁၀ နှစ် ကျွမ်းကျင်ပညာရှင်အဖြစ် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။

 

အတိတ်ကိုအတိတ်မှာ ကျွန်မ မထားရစ်ခဲ့နိုင်ပါ။ အခုလို စိန်ရတုကာလခရီးကို ရောက်ရှိလာတဲ့အခါ ပိုလို့ပင် သတိတရရှိလာခဲ့ပါတယ်။ ဒါကြောင့် အတိတ်တစ်ခွင် အရိပ်ထင်ထင်ရှိခဲ့သမျှကို မှတ်တမ်းပြုရေးသား ရပါတယ်။ မှတ်တမ်းပြုဖော်ပြရန် ကျန်ရှိခဲ့တဲ့ မိတ်ဆွေ အပေါင်းအသင်းများရဲ့ အမည်နှင့်အကြောင်းအရာများ မပါရှိပါကလည်း နားလည်ခွင့်လွှတ်လိမ့်မယ်လို့ ယုံကြည် မိပါတယ်။

 

နှစ်(၄၀)တိုင် အရိပ်ထင်ကျန်ခဲ့တဲ့ မှတ်တမ်းများကို တင်ပြရင်း မြန်မာ့အသံရဲ့ စိန်ရတုမှ နှစ်တစ်ရာတိုင် အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေလို့ ...။ ။