အတိတ်သမိုင်း၏ သင်ခန်းစာနှင့် မျက်မှောက်ခေတ်၏ တာဝန်

နိုင်ငံတစ်နိုင်ငံက  အခြားနိုင်ငံတစ်နိုင်ငံကို ဝင်ရောက်သိမ်းပိုက် ထိန်းချုပ်ကာ နိုင်ငံရေးအရ လွှမ်းမိုးခြင်း၊ စီးပွားရေးအရ ခြယ်လှယ် သွေးစုပ်အမြတ်ထုတ်ခြင်းတို့ ပြုလုပ်ကြသည့် ကိုလိုနီစနစ်သည် ၁၅ ရာစုမှ ၂၀ ရာစု နှောင်းပိုင်းကာလအထိ တည်ရှိခဲ့သည်။ ကိုလိုနီ ပြုခဲ့ကြသည့် အဓိက ရည်ရွယ်ချက်မှာ ဘာသာသာသနာပြန့်ပွားရေး၊ စီးပွားရေးတွင် လက်ဝါးကြီးအုပ်ခြယ်လှယ်နိုင်ရေးနှင့် ဂုဏ်သိက္ခာ တို့အတွက်ဖြစ်သည်ဟု ဆိုကြသည်။ အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံများစွာတို့မှာ    ကိုလိုနီလက်အောက်ခံဘဝ  ကျရောက်ခဲ့ရာ  မျက်မှောက်ခေတ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြည့်မည် ဆိုပါက နိုင်ငံ ၁၀ နိုင်ငံသာလျှင် ကိုလိုနီဘဝမကျရောက်ခဲ့ခြင်းဖြစ် သည်။ အရှေ့အနောက်နိုင်ငံများစွာကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် နေမဝင်အင်ပါယာဟူ၍ တင်စားကာ ဂုဏ်ယူမော်ကြွားခဲ့ကြသည့် ဗြိတိသျှအင်ပါယာထဲသို့ ၁၉  ရာစုအတွင်း မိမိတို့   မြန်မာနိုင်ငံသည်လည်း တစ်ရစ်ပြီးတစ်ရစ် ကျရောက်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးပြီးမှသာလျှင် လွတ်လပ်သောနိုင်ငံဘဝသို့ ပြန်လည်ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝမှ လွတ်မြောက်၍ လွတ်လပ်သောနိုင်ငံ   ဖြစ်လာစေကာမူ  ကိုလိုနီစနစ်၏ အကျိုးဆက်များကို ဆက်လက်ကြုံတွေ့ခဲ့ရသည်။  နယ်ချဲ့တို့အနေဖြင့် လက်အောက်ခံ နိုင်ငံများကို  သိမ်းပိုက်အုပ်ချုပ်ရာတွင်  လူမျိုးရေး၊  ဘာသာရေးအရ  သွေးခွဲအုပ်ချုပ်ခြင်း၊  နယ်မြေများ  ပိုင်းခြားသတ်မှတ်ခြင်း၊ လက်အောက်ခံလူမျိုးများအကြား ပဋိပက္ခများဖြစ်စေမည့် ရန်စူး ရန်ညှောင့်မျိုးစေ့များကို စနစ်တကျ ပျိုးထောင်ခဲ့ခြင်း စသည်တို့ ကြောင့် ဗြိတိသျှနယ်ချဲ့လက်အောက်မှ ပြန်လည်လွတ်မြောက်လာ သည့်  နိုင်ငံတိုင်းလိုလိုမှာ  ယင်းအကျိုးဆက်တို့ကို  ယနေ့ထိတိုင် ရင်ဆိုင်ကြုံတွေ့နေကြရသည်။  မျက်မှောက်ကာလတွင်  မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့်  ပြဿနာတို့မှာ  အရင်းစစ်လျှင်  အမြစ်မြေက ဆိုသကဲ့သို့ပင် ကိုလိုနီလက်အောက်ခံဘဝမှာ သန္ဓေတည်ခဲ့ခြင်းဖြစ် သည်ကို ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အင်ပါယာတို့ ချုပ်ငြိမ်းသွားပြီး အာရှ၊ အာဖရိကတို့မှ နိုင်ငံများလွတ်လပ်ရေးရရှိခဲ့ကြသော်လည်း ကိုလိုနီစနစ်၏နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သော ခွဲထွက် ရေးပြဿနာများနှင့် ပြည်တွင်းစစ်များ၊ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ၊ နိုင်ငံရေးနှင့် သဘောတရားရေးရာ အယူအဆကွဲလွဲ မှုများဖြစ်ပေါ်ခဲ့ရာ မိမိတို့နိုင်ငံသည်လည်း မရှောင်လွှဲနိုင်ခဲ့။ သည် အထဲမှာမှ အာဏာရှင်စနစ်တို့နှင့် ရာစုနှစ်ဝက်ခန့် အုပ်စိုးခဲ့ပြန်ရာ နိုင်ငံမှာ နူရာဝဲစွဲသည့်ဘဝ ကျရောက်ခဲ့ရပြန်သည်။ သို့ဖြင့် လွတ်လပ် ရေးရပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်လာသည့်တိုင်အောင် ကမ္ဘာမှာရော ဒေသတွင်းမှာပါ နောက်တန်းရောက်နေသည့် နိုင်ငံဖြစ်နေရသည်။

စင်စစ်အတိတ်သမိုင်းဟူသည် ဂုဏ်ယူဖွယ်ရာများ၊ သင်ခန်းစာ ယူဖွယ်ရာများနှင့် အပြည့်သာဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် တောင်ပေါ်မြေပြန့်နေရာအနှံ့မှ နိုင်ငံသား တိုင်းရင်းသားတို့ ညီညွတ် ခဲ့ကြခြင်း၊ လွတ်လပ်ရေးရပြီးနောက် ကိုလိုနီစနစ်၏ ရန်စူးရန်ညှောင့် မျိုးစေ့တို့ အပင်ပေါက်ကာ ဘာသာရေး၊ လူမျိုးရေး၊ အယူဝါဒရေး ပဋိပက္ခများ ပေါ်ထွက်လာခြင်း စသည်တို့မှာ မဝေးလှသေးသည့် အတိတ်သမိုင်းနှင့် သင်ခန်းစာယူဖွယ်တို့ပင် ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲတည်တံ့ရေးနှင့် ကမ္ဘာ့အလယ်ဝင့်ထည်ဂုဏ်ယူ နိုင်ရေးတို့အတွက် တောင်ပေါ်မြေပြန့်မကွဲပြား၊ ဘာသာလူမျိုးမခွဲ ခြား တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ ပခုံးထက်မှ ခေတ်သမိုင်း၏ တာဝန်ကို ရွပ်ရွပ်ချွံချွံ  ထမ်းဆောင် ကြရပါမည်ဖြစ်ကြောင်း။   

မြန်မာ့အလင်း