အတိတ်က သမဝါယမ၊ ယနေ့ သမဝါယမနှင့် သမ/ကျေးလက် ဝန်ကြီးဌာန

မြင့်စိုး(နတလ)

 

ကျွန်တော်နှင့် လလသသ

 

ငယ်ငယ်တုန်းက “လလသသ” လို့ခေါ်တဲ့ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းဆိုင်မှာ စာအုပ်သွားထပ်ရတာ အမှတ်ရမိပါတယ်။ ထရံကာ၊ သွပ်မိုး၊ သုံးပင်နှစ်ခန်းဆိုင်လေးမှာ ဘကြီးအုန်းရွှေက ဆိုင်တာဝန်ခံ၊ ကဲလားတံခါးလေးနားမှာ သူထိုင်တယ်။ စာအုပ်တွေကို သူ့ရှေ့က စားပွဲပေါ်မှာ ထပ်ရတယ်။ ပျင်းရင် ဝါးကြမ်း ခင်းထားတဲ့ သူတို့ဆိုင်ထဲကို ဝင်ကြည့်တဲ့အခါ ကြည့်ပေါ့။ ပစ္စည်းတွေထားတဲ့ အခန်းလေးထဲမှာ ဆားအိတ်တွေ၊ သကြားအိတ်တွေကြောင့် အစိုပျံနေတတ်ပါတယ်။ သမဆိုင်ကနေ နို့ဆီ၊ သကြား၊ ရွှေဝါဆပ်ပြာ၊ ဆီ၊ ရေနံဆီတွေရတတ်တာ မှတ်မိနေသေးတော့။ လူတိုင်းမရနိုင်တဲ့ လက်နှိပ်မီး၊ ဓာတ်ခဲ၊ ၂/၆၄ ချည်နဲ့ရက်ထားတဲ့ လုံချည်လို ပစ္စည်းမျိုးတွေ၊ ဓာတ်ဘူးလိုပစ္စည်းတွေ ပါလာရင်တော့ မဲနှိုက်ရတာ ပျော်စရာကောင်းပါတယ်။ အချိန်ကာလကို ပြောပါဆိုရင်တော့ ၁၉၆၇-၁၉၆၈ ကျွန်တော် ၃ တန်း၊ ၄ တန်း အရွယ်ပါပဲ။ ပပကဆိုတဲ့ ပြည်သူ့ပစ္စည်း ကော်ပိုရေးရှင်းခေတ်ကိုတော့ ကျွန်တော်သေချာမမီလိုက်ပါ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ကလေးဘဝမှာ ဆိုရှယ်လစ်စနစ်နဲ့ ပန်းတိုင်ကိုချီတက်နေတယ်ဆိုတဲ့ စကားသံတွေကြားခဲ့ရသလို ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့ ဗကပနဲ့ တိုက်ပွဲဖြစ်သံတွေကိုလည်း ကြားခဲ့ရဖူးတယ်။ ဒါတင်ဘယ်ကမလဲ ရွာထဲဝင်ပစ်ရင်း သမဆိုင်ဘေးနားက ထွန်စက်ကြီးနှစ်စီးကို မီးတင်ရှို့သွားပါရောလား။ မနက်မိုးလင်း ပြေးကြည့်ကြတော့ နောက်ဘီးကြီးတွေတောင် ပြားလို့။ ဪ ငယ်စဉ်တောင်ကျေး ကလေးဘဝ၊ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်စနစ်နဲ့ သမဝါယမကဏ္ဍပုံရိပ် လေးတွေ အခုထိ မြင်ယောင်မိပါသေးတယ်။

 

ဆိုလိုရင်းကတော့ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝတစ်လျှောက်လုံးမှာ သမဝါယမဆိုတာကို နားရည်ဝခဲ့ပါတယ်။ သို့သော် သမဝါယမစနစ်က သူ့ဟာသူနေ၊ ကျွန်တော်ကလည်း ကိုယ့်ဟာကိုယ် နေမို့ ထဲထဲ ဝင်ဝင် မသိခဲ့တာ အမှန်ပါ။

 

ကမ္ဘာပေါ်က သမဝါယမ

 

လေ့လာမိသလောက်တော့ သမဝါယမအစ ဥရောပလို့ ပြောရမှာပါပဲ။ ၁၉ ရာစု ရောက်ကာနီး ခရစ်နှစ် ၁၈၀၀ ကျော်မှာ သမဝါယမစနစ် ပေါ်ပေါက်နေပါပြီ။ အိမ်ထောင်စုတစ်ခုချင်း စီးပွားရေးစနစ်ကနေ ကုန်သွယ်မှုစီးပွားရေးစနစ်ကို ပြောင်းလဲလာတာ၊ စက်မှုတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အရင်းရှင်စနစ်ကို ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်လာတာတွေဟာ သမဝါယမစနစ် ပေါ်ထွန်းလာစေတဲ့ အခြေခံအကြောင်းရင်းတွေပါပဲ။ ဗြိတိန်နိုင်ငံသား ချားလ်ဝပ်သ်က ဦးဆောင်ပြီး ရော့ခ်ဒေးလ် (Rochdale) ကုန်စုံဆိုင်သမဝါယမအသင်းကို ၁၈၄၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ရော့ခ်ဒေးလ် ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ပေါက်လာတဲ့ သမဝါယမအသင်းပါ။ ခိုင်မာတဲ့ မူ (၈) ချက်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ ရော့ခ်ဒေးလ်ကို ဖွဲ့စည်းပြီး နောက်ပိုင်း နှစ်ပေါင်း ၅၀ အတွင်းမှာ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ သမဝါယမအသင်း အမျိုးအစားများစွာ ကို ပေါ်ထွက်လာစေခဲ့ပါပြီ။ ထိုမှတစ်ခါ ၁၈၉၅ ခုနှစ် မှာ “အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်”ကို လန်ဒန်မြို့မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ နည်းဥပဒေများ ကိုလည်း ထုတ်ပြန်ခဲ့ရာမှာ “အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည် သမဝါယမလုပ်ငန်းကို အတွေးအခေါ် အမျိုးမျိုး ကွဲပြားလျက်ရှိကြသည့် ပုဂ္ဂိုလ်များ၊ အယူဝါဒ အဖုံဖုံရှိကြသည့် ပုဂ္ဂိုလ်များ တွေ့ဆုံကြပြီးလျှင် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ကြသည့် ဘက်မလိုက်ဒေသ” လို့ ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါတယ်။

 

ဒီအချိန်ကတည်းက ကမ္ဘာ့နိုင်ငံအသီးသီးဟာ စနစ်အမျိုးမျိုး ကျင့်သုံးပြီး အယူအဆအမျိုးမျိုး ကွဲပြားခြားနား နေကြပေမယ့် သမဝါယမလုပ်ငန်း အမျိုးမျိုးကို ဖော်ဆောင်လုပ်ကိုင်နေကြပါပြီ။ သမဝါယမလုပ်ငန်း အမျိုးအစားတွေ ဘယ်လိုပဲ များပြားနေပါစေ၊ စုစည်းလိုက်ရင်တော့ အခု ကျွန်တော်ဖော်ပြမည့်လုပ်ငန်း (၄) မျိုးကိုပဲသွားတွေ့ ရပါတယ်-

(က) စားသုံးသူသမဝါယမလုပ်ငန်း

() ငွေစုငွေချေးသမဝါယမလုပ်ငန်း

(ဂ) ကုန်ထုတ်သမဝါယမလုပ်ငန်း (လယ်ယာ ကုန်ထုတ်၊ စက်မှုကုန်ထုတ်)

(ဃ) ဝန်ဆောင်သမဝါယမလုပ်ငန်း

 

သမဝါယမ၏ အဓိပ္ပာယ်

 

အနောက်နိုင်ငံတွေမှာ စက်မှုတော်လှန်ရေးက ပေါက်ဖွားလာတဲ့ အရင်းရှင်စနစ်ကို တုံ့ပြန်ဖို့ရာ ကြံဆလုပ်ကိုင်ကြရင်း Co-operation ဆိုတဲ့ စကားလုံးက ခေတ်စားလာပါတယ်။ အတူတကွ ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ စီးပွားရေးကျပ်တည်းမှု ပြဿနာကို ဖြေရှင်းရန် လူအများ စုပေါင်း၍ အသင်းများဖွဲ့စည်းလုပ်ကိုင်သည့် နည်းစနစ်ရယ်လို့ လူသိများ ထင်ရှားခဲ့ပါတယ်။ ဒါကိုကျွန်တော်တို့ဆီက မြန်မာမှုပြုလိုက်တဲ့အခါ ရှင်းလင်းလွယ်ကူစွာ သိနိုင်မြင်နိုင်ပြောဆိုနိုင်တဲ့၊ အဓိပ္ပာယ်လည်း အလွန်ပြည့်ဝတဲ့ စကားစုလေး ထွက်ပေါ်လာခဲ့ပါတယ်။ သမဝါယမ...တဲ့။သမဆို တဲ့ ပါဠိစကားလုံးက မျှမျှတတ၊ ညီတူညီမျှဆိုတာကို ဖော်ပြတယ်။ ဝါယာမဆိုတဲ့ ပါဠိစကားလုံးကလည်း လုံ့လပြုသည်၊ ကြိုးပမ်းသည်၊ အားထုတ်သည်ဆိုတဲ့ သဘော။ ဒီစကားလုံးလေးတွေ ပေါင်းလိုက်တော့ သမဝါယမ(သမဝါယာမ)ဆိုတဲ့ ပါဠိစကားပျက်ကို ရပြီး “အများနှင့်ညီတူညီမျှ တက်ညီလက်ညီ အတူ တကွ ပူးပေါင်းဆောင်ရွက်ခြင်း”လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ သာတူညီမျှစနစ်၊ ဝိုင်းလုပ်ဝိုင်းစား စနစ်၊ အေးအတူပူအမျှ အကျိုးခံစားခွင့်ရတဲ့စနစ်လို့ ပြောလို့လည်း ရပါတယ်။ ထိုစဉ်က မြန်မာနိုင်ငံရဲ့ ခေတ်စနစ် အခြေအနေနဲ့လည်း ကိုက်ညီနေတယ်လေ။ ဒီသမဝါယမဆိုတဲ့ စကားလုံးလေးတွေ မြန်မာနိုင်ငံကို ဘယ်ပုံရောက်ရှိ လာသလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ကြပါစို့။

 

မြန်မာနိုင်ငံနှင့် သမဝါယမစနစ်

 

သူ့ကျွန်ဘဝကို ရောက်ခဲ့တဲ့ ကိုလိုနီလက်အောက်ခံ နိုင်ငံချင်းအတူတူ အိန္ဒိယက သမဝါယမလုပ်ငန်းတွေကို စောပြီးစနိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ သမဝါယမဌာနက သမဝါယမအသင်းတွေကို ၁၉၀၅ ခုနှစ်မှာ စတင်ဖွဲ့စည်းလုပ်ကိုင် ကြောင်း သိရပါတယ်။ သမဝါယမရဲ့ အဓိပ္ပာယ်ကို ပီပီပြင်ပြင်မဖော်ဆောင်နိုင်သေးသလို တိကျခိုင်မာတဲ့ မူဝါဒ၊ အခြေခံသဘောတရားများလည်း မရှိသေး ပါဘူး။ ၁၉၁၃-၁၉၁၄ ခုနှစ်လောက် ရောက်လာတဲ့ အခါ အသင်းသားများ နှုတ်တက်ရွရွအာဂုံဆောင် ရွတ်ဖတ်ရတဲ့ မှတ်သားလိုက်နာရန် အချက်ကြီး (၁၀) ချက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုနေလာကြရင်း ၁၉၁၅ ခုနှစ်မှာတော့ အိန္ဒိယဗဟိုအစိုးရက ခန့် အပ်ထားတဲ့ “မက္ခ်လဂင်” အမည်ရ သမဝါယမ လုပ်ငန်းစုံစမ်းရေး ကော်မတီတစ်ရပ် ပေါ်ပေါက်လာ ပါတယ်။ သူက အိန္ဒိယနိုင်ငံအဝန်းမှာရှိနေတဲ့ သမဝါယမလုပ်ငန်းတွေကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး အကြံပြုချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း လာရောက်စစ်ဆေး အကြံပြုပေးခဲ့တယ်။ ဒီအကြံပြုချက်တွေအရပဲ ၁၉၁၈-၁၉၁၉ ခုနှစ်လောက်မှာ သမဝါယမအရာရှိများ၊ စာရင်းစစ်များအတွက် သမဝါယမ မင်းကြီးရုံးမှာ သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရပါ တယ်။ ၁၉၁၈ ဆိုတာ ပထမ ကမ္ဘာစစ်ပြီးကာလလို့ ပြောရမှာပါ။ ပထမကမ္ဘာစစ်ဟာ မြန်မာနိုင်ငံကို ဒုက္ခမပေးသေးဘူး။ သမဝါယမမင်းကြီးဆိုတာကို တော့ စပြီး ကြားနေရပြီ။ ၁၉၂၀ ပြည့်နှစ်မှာတော့ မြန်မာ့သမဝါယမလုပ်ငန်းတွေအတွက် လိုအပ်တာ တွေ ပြုပြင်လုပ်ဆောင်နိုင်အောင် ကားလ်ဗက် ကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၂၀-၁၉၂၁ မှာ ဟိတသမဝါယမဂျာနယ် ထွက်ရှိတာရယ်၊ ၁၉၂၅ ခုနှစ်မှာ ရပ်ဆိုင်းသွားတာရယ်ကိုလည်း လေ့လာ မှတ်သားခဲ့ရပါတယ်။

၁၉၃၅ ခုနှစ်ကာလတွေမှာ သမဝါယမမင်းကြီး တာဝန်ထမ်းဆောင်သူကတော့ ဦးတင်ကြီး ဖြစ်ပါ တယ်။ ၁၉၃၈-၁၉၃၉ ခုနှစ်တွေမှာ သမဝါယမ ဉာဏ်သစ်လောင်းသင်တန်းတွေ ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကလည်း လာပါတော့မယ်။ ၁၉၄၁ ရောက်လာတဲ့အခါ မြန်မာနိုင်ငံကို စစ်မီးကူးပြီး သမဝါယမလုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့ကြောင်း သိရပါတယ်။ သမဝါယမလုပ်ငန်း စတင်ခဲ့ တဲ့ ၁၉၀၅ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်ကြားကိုပြန်ကြည့် ရင် ကျေးရွာတွေမှာ အဓိကဖွဲ့စည်းခဲ့တဲ့ ငွေစုငွေချေး သမဝါယမအသင်းတွေ အများဆုံး ဖြစ်တယ်ဆိုတာ ရယ်၊ ဒီအသင်းတွေကို တောင်သူလယ်သမားတွေက အမတော်ကြေး ထုတ်ချေးသော အသင်းတွေအဖြစ် မှတ်ယူကြတယ်ဆိုတာကိုတော့ သတိပြုမိပါတယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်နှစ် မှာ နိုင်ငံတော်သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ပြည်ထောင်စုသမဝါယမကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း သမဝါယမပညာရပ်ဆိုင်ရာ၊ ဥပဒေလုပ်ထုံးလုပ်နည်းများဆိုင်ရာ၊ မူဝါဒပိုင်း ဆိုင်ရာတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကြိုးစားဆဲကာလလို့ပဲ ပြောရမှာပါ။ သို့သော်လည်းပဲ စီးပွားရေးတက္ကသိုလ်ရဲ့ဘောဂဗေဒ ဝိဇ္ဇာဘွဲ့အတွက် သမဝါယမပညာဘာသာရပ်ကို အဓိကဘာသာရပ် တစ်ခုအနေနဲ့ ၁၉၇၀-၁၉၇၁ ပညာသင်နှစ်ကစပြီး သင်ကြားပို့ချပေးနေပါပြီ။

 

၁၉၇၀ သမဝါယမစီမံကိန်း

 

ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဆုံးရေးဆွဲချမှတ်ခဲ့ တဲ့ စီမံကိန်းကတော့ သမဝါယမ မင်းကြီး ဦးတင်ကြီး ရေးဆွဲခဲ့တဲ့ ၁၉၃၅ ခုနှစ် ပြန်လည်ပြုပြင်ရေးစီမံကိန်း ဖြစ်ပါတယ်။ ထိုအချိန်က ကြုံတွေ့နေရသော ပြဿနာတွေကို ဖြေရှင်းဖို့ ရေးဆွဲခဲ့သော အရေး ပေါ် စီမံကိန်းဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆက်လက်ပြီး ၁၉၅၁ ခုနှစ်မှာ သမဝါယမ ငါးနှစ် စီမံကိန်းကို ရေးဆွဲနိုင်ခဲ့ကြပါတယ်။ ထိုမှတစ်ဖန် ၁၉၇၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့မှာ သမဝါယမ ကောင်စီကို ဖွဲ့စည်းပြီး သမဝါယမစီမံကိန်းသစ်တစ်ခု ထပ်မံရေးဆွဲခဲ့ကြပါတယ်။ ဒီစီမံကိန်းအရ အခြေခံ သမဝါယမအသင်းတွေ၊ မြို့နယ်သမဝါယမအသင်း တွေ၊ ဗဟိုသမဝါယမအသင်းကို ဖွဲ့စည်းခဲ့ကြပါတယ်။

 

လမ်းစဉ်ပါတီခေတ် သမဝါယမ

 

ကျွန်တော်တို့ အတူယှဉ်တွဲကြီးပြင်းလာတဲ့ ခေတ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ လယ်ယာ၊ သားငါး၊ သစ်တော၊ သတ္တုဆိုတဲ့ အသံတွေကို နေရာ တိုင်းလိုလိုမှာ ကြားနေရတတ်ပါတယ်။ ဒီကဏ္ဍတွေရဲ့ တိုးချဲ့ထုတ်လုပ်နိုင်မှုကို မှီခိုပြီး လူသုံးကုန်ပစ္စည်း တွေ ထုတ်လုပ်ကြဖို့၊ စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ကြဖို့၊ သွင်းကုန်အစားထိုး ကုန်ပစ္စည်းတွေ ထုတ်လုပ်ကြဖို့၊ သတ္တုကုန်ကြမ်းတွေကို အသုံးပြုပြီး စက်မှုလုပ်ငန်းအကြီးစားတွေ တည်ထောင်ကြဖို့ ရည်မှန်း ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ နှစ်တိုနှစ်ရှည် စီမံကိန်းများ ချမှတ်ရာမှာလည်း သမဝါယမအသင်းတွေရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့အလို့ငှာ နှစ်ရှည်စီးပွားရေးမူဝါဒ ၁၁ ချက် ကိုလည်းကောင်း၊ လက်ငင်းကြုံတွေ့နေရသော ကုန်သွယ်ရေးပြဿနာတွေ ပြေလည်လာစေဖို့နဲ့ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေကို အထောက် အကူဖြစ်စေဖို့ နှစ်တိုသမဝါယမမူဝါဒ ၁၅ ချက်ကို လည်းကောင်း ချမှတ်နိုင်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

 

ခေတ်စနစ်တွေ ပြောင်းခဲ့ပြီ

 

ဖြတ်သန်းခဲ့တဲ့ အတိတ်ကာလတွေကို ပြန်ကြည့်လိုက်တဲ့အခါ အမှတ်ရစရာတွေက များပြားလှပါတယ်။ သင်ခန်းစာယူစရာတွေကလည်း တစ်ပုံတစ်ပင်။ ခေတ်စနစ်တွေ ပြောင်းခဲ့ပြီ။ သမဝါယမရဲ့ အခန်းကဏ္ဍမှာ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေကို ကြုံခဲ့ရသလို ကောင်းဆိုးနှစ်တန် အကျိုးရလဒ်ကိုလည်း လက်ခံခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် ဧပြီ ၁ ရက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ နှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနအဖြစ် စတင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ် ၂၆ ရက်မှာတော့ ထောက်ပံ့ရေးနှင့် သမဝါယမ ဝန်ကြီးဌာနရယ်လို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ တစ်ခါ ၁၉၇၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်ကစပြီး သမဝါယမဝန်ကြီးဌာနရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ဒီကာလဟာ ကျွန်တော့်ဘဝနဲ့ယှဉ်ပြီး ဖြတ်သန်းခဲ့ ရတဲ့ကာလမို့ သမဝါယမစနစ်ကို လေးစားချစ်ခင် ခဲ့တဲ့ ကာလလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုဒီပုံ ချီတက်လာခဲ့တဲ့ သမဝါယမဝန်ကြီးဌာနကြီးဟာ ပထမ ဒီမိုကရေစီ အစိုးရသက်တမ်းထိ ရှိနေပါသေးတယ်။ ဒုတိယ ဒီမိုကရေစီအစိုးရလက်ထက်မှာ သမဝါယမဝန်ကြီးဌာန ပျောက်ကွယ်သွားခဲ့ပါတယ်။ သမဝါယမဦးစီးဌာနကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ကိုရောက်သွားပါတယ်။ ၂၀၂၁ ခုနှစ်အထိလို့ ဆိုကြပါစို့။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

 

၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်ကတော့ သမဝါယမကဏ္ဍနဲ့ အသေးစားစက်မှု လက်မှုလုပ်ငန်းတွေ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ သမဝါယမကဏ္ဍနဲ့ ပတ်သက်တဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်တစ်ဝန်းလုံးမှာ ဗဟိုသမဝါယမအသင်း၊ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစုချုပ်၊ စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းစုချုပ်၊ ငွေကြေးသမဝါယမ အသင်းစုချုပ်၊ ဆောက်လုပ်ရေး အသင်းစုချုပ်၊ ဂျီအီးစီအစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းစုချုပ်၊ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းစုချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်းစုချုပ်တွေ အပါအဝင် စုစုပေါင်းအသင်းစု ချုပ် ၂၂ ခု၊ သမဝါယမအသင်းစု ၄၅၀၊ အခြေခံ သမဝါယမအသင်း ပေါင်း ၃၈၄၉၄ သင်း၊ စုစုပေါင်း အသင်းသားဦးရေ ၄၂၁၈၁၂၄ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။

 

အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်ကြပါစို့

 

ကျွန်တော်တို့နိုင်ငံမှာ သမဝါယမဝန်ကြီးဌာန ခေတ္တခဏပျောက်သွားပေမယ့် ကမ္ဘာပေါ်မှာတော့ သမဝါယမစနစ်က အားကောင်းစွာရှင်သန်နေဆဲ၊ ၁၉၂၃ ခုနှစ် ဇူလိုင်လကတည်းက စတင်သတ်မှတ် ကျင်းပလာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကလည်း ယနေ့အထိ ရှိနေဆဲ။ ယခုနှစ် ၂၀၂၂ ခုနှစ် ဇူလိုင် ၂ ရက်ဆိုရင် နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။ “Cooperatives Build a Better World, ကမ္ဘာ လောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး”…တဲ့။ ကမ္ဘာပေါ်မှာအောင်မြင် နေတဲ့ သမဝါယမအသင်းတွေ၊ လုပ်ငန်းတွေ များစွာရှိနေပါတယ်။ နိုင်ငံအတွင်းက ဗဟိုသမဝါယမ အသင်းနဲ့ အသင်းစုချုပ်တွေ၊ အသင်းစုတွေ၊ အသင်းတွေထဲမှာလည်း မိမိတို့ချမှတ်ထားတဲ့ မူဝါဒ လုပ်ငန်းစဉ်တွေအတိုင်း ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်နေကြတာကို တွေ့မြင်နေရပါတယ်။ အစဉ်အလာကောင်းတွေနဲ့ ရှင်သန်ရပ်တည်လာခဲ့တဲ့ သမဝါယမစနစ် ပိုမိုခိုင်မြဲအားကောင်းလာအောင် စိတ်ရင်းစေတနာ ဖြောင့်မတ်မှန်ကန်စွာထားပြီး သယ်ပိုးဆောင်ရွက်ကြမယ်ဆိုရင်တော့ ကမ္ဘာ လောက ပိုမိုကောင်းမွန်ရေးအတွက်လည်း အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မိ ပါကြောင်း…။ ။

 

မှီငြမ်းကိုးကား -

ဦးလှမောင် တွဲဖက်သမဝါယမ မင်းကြီး၏ “သမဝါယမနိဒါန်း”