အတာသင်္ကြန်တွင် မင်္ဂလာရှိစွာဖြင့်ဆင်နွှဲ

နေပြည်တော် ၇ ဧပြီ

 

မကြာမီကာလတွင် မြန်မာတို့၏နှစ်သစ်ကူးကာလ အတာသင်္ကြန်ပွဲတော်နွှဲပျော်ရမည့် အချိန်အခါသမယသို့ ရောက်ရှိတော့မည် ဖြစ်သည်။ဤတန်ခူးလသည် မြန်မာတို့အတွက် ထူးခြားသည့်လ ဖြစ်သည်ဆိုရာ၌ ယခု ၁၃၈၀ ပြည့်နှစ်အဖို့ ပို၍ထူးခြားလေးနက်သည်ဟု ဆိုနိုင်သည်။ဤလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ နိုင်ငံ့တာဝန်ယူမှု နှစ်နှစ်ပြည့်ကာလ၌ နိုင်ငံ့အကျိုးကို အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်မည့် နိုင်ငံတော်သမ္မတအသစ် ဖြစ်ထွန်းလာပြီး နှစ်သစ်သင်္ကြန်ကာလမှစ၍ ပြည်သူတို့၏အကျိုးကို အစွမ်းကုန်ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားသောကြောင့် ထူးခြားသည့်နှစ်သစ်ဟု ဆိုရမည်ဖြစ်သည်။

 

ထို့ကြောင့် မင်္ဂလာရှိသောနှစ်သစ်၊ တိုင်းပြည်အကျိုးအတွက် ပြုပြင်ပြောင်းလဲမည့်နှစ်ဟု ဆိုနိုင်သောကြောင့် မြန်မာတို့၏ရိုးရာအစဉ်အလာနှင့်အညီ ကောင်းသောအမှု၊ ကောင်းသောပျော်ရွှင်မှုများကိုပြုကြရမည် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာနှင့်အညီမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော၊ ယဉ်ကျေးမှုများ ထုံမွှမ်းသော သင်္ကြန် ဖြစ်သင့်သည်။ အတိတ်ကောင်း နိမိတ်ကောင်းကို ဆောင်ကြဉ်းနေသောနှစ်သစ်မင်္ဂလာကာလတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သောအပြုအမူများ မပြုလုပ်မိဖို့လိုအပ်သည်။ ယဉ်ကျေးသော သင်္ကြန်၊ စည်းကမ်းလိုက်နာသော သင်္ကြန် ဖြစ်သင့်သည်။

 

ဤသင်္ကြန်ပွဲတော်ကာလတွင် တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နှစ်သစ်ကူး အတာရေအေးဖြင့်ပက်ဖျန်း၍ ပြည်သူလူထုတစ်ရပ်လုံး ပျော်ရွှင်မြူးထူးသည့် ကာလဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့်ပက်ဖျန်း၍နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် အသွင်ကူးပြောင်းရောက်ရှိနိုင်ရန် ကြိုးပမ်းအားထုတ်နေသော ကာလဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဤနှစ်သစ်ကူးပြောင်းကာလတွင် လုပ်ဆောင်မှုအပေါင်းတို့ကို တစ်ဆင့်ကူးပြောင်း၍ ပြည်သူပြည်သားများအကျိုးငှာ ကြိုးပမ်းအားထုတ်ချိန်ကာလ ဖြစ်သည်။ သို့ပါ၍ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းပြည် ကောင်းရာကောင်းကျိုးတို့တွင် စုပေါင်းအားဖြင့် အစွမ်းကုန်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ကာလနှင့် မဆီလျော်သောစည်းကမ်းမဲ့သည့် အပြုအမူများဖြစ်သည့် မူးယစ်သောက်စားပြီးမော်တော်ယာဉ်မောင်းနှင်ခြင်းများ၊ အပျော်လွန်ကျူးပြီး စည်းကမ်းမဲ့မောင်းနှင်ခြင်းများ၊ ပျော်ပါးခြင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများ၊ အထူးသဖြင့် အရက်သေစာ အလွန်အကျွံသောက်စားပြီး အမြင်မတင့်ဖွယ်ရာ ပြုမူပြောဆိုဆက်ဆံမှုများ စသည်တို့ကို ရှောင်ရှားရမည်ဖြစ်သည်။

 

နိုင်ငံတော်နှင့် ပြည်သူတို့အဖို့ မင်္ဂလာယူနေသော ဤနှစ်သစ်ကူးသင်္ကြန်ကာလတွင် ကောင်းသောအမှုကို ဆောင်ကြဉ်းနိုင်စေရန်ကုသိုလ်ကောင်းမှုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရိုးရာမပျက်ဓလေ့ထုံးတမ်း စဉ်လာများကို စုပေါင်းညီညာ ပျော်ရွှင်စွာဖြင့် ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ယဉ်ကျေးစွာဆင်နွှဲကြဖို့လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ