အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန်၌ (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန်၌ (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်

 

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရပ်နားထားခဲ့ရသော ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းတို့၏ ဦးဆောင်လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ၏ ပူးပေါင် ပါဝင်မှုဖြင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်တွင် နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည် ဆောင်ရွက်နိုင်ခဲ့သည်။

 

အဆိုပါ အစားထိုးခွဲစိတ်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ခွဲစိတ်ကုသမှုဆောင်ရွက်သူများ၊ လူနာနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လူနာအတွက် အလှူ ငွေကျပ် (၁၀) သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)ကို ပေးအပ်ခဲ့သည်။

 

mdn

 

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန်မြို့တွင် လူနာမခင်ညိုညိုထွေး၊ အသက် (၂၃) နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး၊ အသက် (၂၅) နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ ၂၉ ရက်၊ နံနက် (၈) နာရီ (၄၅) မိနစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် အထူးကြပ်မတ် ကုသဌာန၌ထားရှိ၍ စောင့်ကြည့်ကုသမှု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀ ) - ရန်ကုန် မြို့မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ် ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှု ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသား သွေးဌာန - ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန - ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး (ရောဂါဗေဒ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့တို့က အငြိမ်းစားဆေး ပညာရှင်များဖြစ်သည့် ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာဘုန်းမြင့်၊ ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခဒေါက်တာ ကြည်ကြည်စန်း၊ ကျွမ်းကျင်သူနာပြုများ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မှစတင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀) ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ် အောင်မြင်စွာခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်