အထက်မြက်ဆုံးလက်နက်သည် စုပေါင်းအင်အား

၇  ဇန်နဝါရီ

 

ယနေ့ကာလသည် တိုင်းရင်းသားပြည်သူများ၊ နိုင်ငံသူ နိုင်ငံသားများ၏ ငြိမ်းချမ်းပျော်ရွှင်မှုအပေါင်းကို စုစည်းဖော်ထုတ်ပြသသည့် အချိန်ကာလဟု ဆိုနိုင်သည်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းသည့် အချိန်ကာလ၌ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သည့် နှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့တို့ကို ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးဖြစ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နိုင်ငံတစ်ဝန်းတွင် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲကျင်းပကြသည်။

 

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးများသည် သက်ဆိုင်ရာ တိုင်းရင်းသားဒေသအသီးသီးကို ကိုယ်စားပြု၍ နိုင်ငံတစ်ဝန်းတွင် အတူလက်တွဲကာ ပျံ့နှံ့နေထိုင်လျက်ရှိနေခြင်းသည် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း ညွှန်းဆိုပြသနေခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို နိုင်ငံတစ်ဝန်းတွင် လွတ်လပ်ပျော်ရွှင်စွာဖြင့် ဖော်ထုတ်ပြသခွင့် ရရှိကြသည်မှာလည်း တစည်းတလုံးတည်းအင်အားရှိသော ပြည်ထောင်စုကြီးအဖြစ် ဖော်ညွှန်းပြသခြင်းပင် ဖြစ်သည်။

 

ယင်းနှင့်ပတ်သက်၍ “ယခုကဲ့သို့သောကောင်းမြတ်သည့် ဓလေ့စရိုက်များသည် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရန်အတွက် တန်ဖိုးကြီးလှသော အရင်းအမြစ်များဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် အချိန်အခါသမယမှာ တိုင်းရင်းသားအားလုံး၏ တစ်ဦးချင်း၊ တစ်ဦးချင်းအရည်အသွေး၊ စိတ်ဓာတ်တို့သည် များစွာအရေးကြီးလှပါသည်။ အားလုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် နိုင်ငံကာကွယ်ရေး၊ လုံခြုံရေးအတွက် အထက်မြက်ဆုံးလက်နက် ဖြစ်ပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အတွက်ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

 

ကရင်တိုင်းရင်းသား ဘိုးဘေးဘီဘင်များ၏ ကောင်းမြတ်သော လက်ဆင့်ကမ်းအမွေမှာ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ သစ္စာရှိခြင်း သန္နိဋ္ဌာန်ဖြင့် တိကျပြတ်သားစွာလုပ်ကိုင်တတ်ခြင်းနှင့် ပေါင်းစည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စည်းလုံးခြင်း၊ အနာဂတ်အတွက် ကောင်းမွန်စွာမျှော်လင့်ခြင်းတို့ဖြစ်ရာ ယင်းစိတ်ဓာတ်နှင့်အရည်အသွေးတို့ဖြင့် တစ်နိုင်ငံလုံးတွင် ပျော်ရွှင်စွာဆင်နွှဲကြခြင်းသည် ပြည်ထောင်စုနိုင်ငံအတွက် တန်ဖိုးကြီးသောအားအင်များပင် ဖြစ်သည်။ အလားတူပင် အခြားသော တိုင်းရင်းသားလူမျိုးအသီးသီး တို့သည်လည်း နိုင်ငံတစ်ဝန်းတွင် ၎င်းတို့၏ ကောင်းခြင်းလက္ခဏာများကို ထုတ်ဖော်ပြသနိုင်ကြပေသည်။

 

ယင်းသည် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ တစုတစည်းတည်း ပျော်ရွှင်စွာ နေထိုင်ကြသည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ ထိုသို့စုစည်းညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် အထက်မြက်ဆုံး လက်နက်ဖြစ်သည်။ ထိုလက်နက်ဖြင့်ပင် ပြည်ထောင်စုကြီးကို နှစ်ပေါင်းထောင်ချီ စုစည်းတည်ဆောင်နိုင်ခဲ့ပြီး လွတ်လပ်သောနိုင်ငံတော်အဖြစ် ဖန်တီးနိုင်ခဲ့သည်။

 

တိုင်းရင်းသားပြည်သူများ ပြည်ထောင်စုကြီးအတွင်း ဤကဲ့သို့ လွတ်လပ်ပျော်ရွှင်စွာဖြင့် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များကို ဖော်ထုတ်နိုင်သော်လည်း ပြည်တွင်းစစ်၏ဆိုးကျိုးများကို ခံစားနေကြရသော တိုင်းရင်းသား ပြည်သူများအတွက် ကိုယ်ချင်းစာမိမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိုမဖြစ်မနေရယူရန် လိုအပ်သည်ဟု လေးနက်စွာ နားလည်ယုံကြည်ကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်သော ကရင်တိုင်းရင်းသားများ၏ စွမ်းရည်သတ္တိကဲ့သို့ အားလုံးသော တိုင်းရင်းသား အပေါင်းတို့ကလည်း ထုတ်ဖော်နိုင်ကြလိမ့်မည်ဟု ယုံကြည်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး နှစ်ပေါင်း ထောင်ချီကမ္ဘာတည်သရွေ့ ရေတွက်၍မရနိုင်သော မျိုးဆက်များ စိတ်ချမ်းသာ၊ ကိုယ်လုံခြုံစွာရှိစေရေးအတွက် ဘိုးဘွားများ ချမှတ်ခဲ့သည့် မွန်မြတ်သော အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း အထက်မြက်ဆုံး လက်နက်ဖြစ်သည့် စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ကြပါရန် ဆန္ဒပြု ပါကြောင်း။ ။

 

ကြေးမုံ