“အ”သုံးလုံးအဖွဲ့ဝင်များ ဒုတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ ကျင်းပမည်

နေပြည်တော် ၄ ဇွန် 

မြန်မာနိုင်ငံ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ (“အ”သုံးလုံး အဖွဲ့)၏ ဒုတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်နယ်မြေ ဝိဇ္ဇာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေပေးအပ် လှူဒါန်းပွဲသည် တက္ကသိုလ်၊ ကောလိပ်ကျောင်းပေါင်းစုံ “အ”သုံးလုံးအဖွဲ့ဝင်ဟောင်းများမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ၁၉၆၄-၁၉၈၈ တက္ကသိုလ် ကောလိပ်သိပ္ပံကျောင်းပေါင်းစုံရှိ လုပ်အားပေးအဖွဲ့ဝင်ဟောင်းများ၊ မျက်မှောက်ခေတ် စာတတ်မြောက်ရေး လုပ်အားပေးမျိုးဆက်သစ်များ အပါအဝင် အလှူရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
    
စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၃)ခုရှိ မြို့နယ်နှင့် ကျေးရွာပေါင်း (၈၀)ကျော်သို့ သွားရောက်၍ ပြည်သူလူထုအား အခမဲ့ဆေးကုသပေးခြင်း၊ ကျေးလက်ဆေးပေးခန်းများသို့ ဆေးဝါးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး၊ စာပေပညာဗဟုသုတ ဖွံ့ဖြိုးရေးနှင့် လူထုကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ အိမ်တွင်းမှုပညာများ သင်ကြားပေးခြင်း၊ နွမ်းပါးချို့တဲ့သူများအတွက် အဝတ်အစားများလှူဒါန်းခြင်း စသည့် စေတနာ့ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း အမှုဆောင်အဖွဲ့မှ သိရသည်။

မောင်လူမော်