အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

အသံကုန်အောင် အာခေါင်ခြစ်အော်ခြင်၊ အပူ အအေးမမျှတခြင်းနဲ့ အအေးမိတာတွေကြောင့် အသံဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အသံဝင်မယ်ဆိုရင် စကားသေချာ မပြောနိုင်ဘဲ စိတ်ညစ်ရမှာပါ။ ဒီလိုမျိုး စိတ်ညစ်ရတာတွေ မဖြစ်စေဖို့အတွက် အသံဝင်တဲ့အခါ စားရမယ့် အစားအစာနဲ့ ရှောင်ရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

 

စားသုံးရမယ့် အစားအစာများ

အသံဝင်နေပြီဆိုရင်တော့ ပြန်လည်ကောင်းလာဖို့အတွက် ရေဓါတ်များများ လိုအပ်ပါတယ်။ တစ်နေ့ကို ရေ ဖန်ခွက်နဲ့ ရှစ်ခွက်လောက် သောက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓါတ်များတဲ့ အသီးတွေ၊ အရွက်တွေလည်း စားပေးဖို့ လိုပါတယ်နော်။ ခရမ်းချဉ်သီး၊ သခွားသီးတွေ အပြင် ပန်းသီး၊ စပျစ်သီးတွေကလည်း ရေဓါတ်ပါတာမို့ အသံဝင်တာကို သက်သာစေပါတယ်။

 

ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း အသံဝင်တာ သက်သာနိုင်ပါတယ်။ ဗီတာမင် အေ ဟာ တစ်ရှူးတွေကို ပျော့ပြောင်းစေတာမို့ လည်ချောင်းနာတာတွေ မဖြစ်စေနိုင်ပါဘူး။ ဥ အမျိုးမျိုးနဲ့ အသားတွေ စားပေးလို့ ရတယ်နော်။ လိမ္မော်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တွေ စားဖို့ မမေ့နဲ့နော်။

 

ဖျော်ရည်အနေနဲ့ တစ်ခုခု သောက်ချင်တယ်ဆိုရင်တော့ ပန်းသီးဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပါ။ ပန်းသီးဖျော်ရည်မှာ ရေဓါတ်(၉၀) ရာခိုင်နှုန်းလောက် ပါဝင်တာမို့ အသံဝင်တာတွေ သက်သာစေနိုင်မှာပါ။ ဂျင်းပြုတ်ရည်ကတော့ အသံဝင်တဲ့လူတိုင်းအတွက် အကောင်းဆုံး အစားအစာဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ဂျင်းကို ရေသေသေချာချာဆေးပြီး ပါးပါးလေးတွေ လှီးကာ ရေဆူဆူထဲ ထည့်ပြီး ပြုတ်သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်းကို ပါးပါးလေးတွေ လှီးပြီး ရေနွေးထဲ ထည့်စိမ်ကာ သောက်နိုင်ပါတယ်နော်။ ဂျင်းက ပေးတဲ့ အပူဓါတ်က လည်ချောင်းရှင်းစေပြီး အသံဝင်တာတွေ သက်သာစေနိုင်ပါတယ်။

 

ရှောင်စားရမယ့် အစားအစာများ

အသံဝင်နေတဲ့အချိန်မှာတော့ ရေခဲမုန့်စားတာကို ရှောင်လိုက်ပါ။ ရေခဲမုန့်မှာ သကြားနဲ့ Lactose ပမာဏ များများ ပါဝင်တာကြောင့် အသံကို ပိုဝင်စေနိုင်ပါတယ်။ ဝက်သားခြောက်ကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ရမှာပါ။ အသံဝင်နေချိန်မှာတော့ ဝက်သားခြောက်ကို ရှောင်ရမယ်နော်။ ဘာလို့လဲဆိုတော့ ဝက်သားခြောက်မှာ ဆားများများ ပါဝင်ပြီး ရေဓါတ်ဆုံးရှုံးတာတွေ ဖြစ်စေတာကြောင့်ပါ။ အကယ်လို့ ဝက်သားခြောက် စားချင်တယ်ဆိုရင်တော့ ဆားလျှော့ရမှာပါ။ နွားနို့ အပါအဝင် နို့ထွက် ပစ္စည်းတွေက လည်ချောင်းကို ချွဲတွေပိုထစေတာမို့ အသံဝင်တာ သက်သာချင်ရင်တော့ မစားပါနဲ့ဦး။ Citrus အက်ဆစ်များတဲ့ အသီးတွေလည်း မစားပါနဲ့ဦး။ ဒီအသီးအနှံတွေဟာ ခြောက်သွေ့စေတာမို့ အသံဝင်ခြင်းကို မသက်သာစေနိုင်ပါဘူး။ ကဖင်းနဲ့ အရက်လည်း ဘယ်လောက်ပဲ ကြိုက်ကြိုက် အသံဝင်နေချိန်မှာတော့ ရှောင်ရပါမယ်။ ကဖင်းဓါတ်များတဲ့ အစားအစာတွေဟာ အသံကို ထိခိုက်စေပြီး လည်ချောင်းကြွက်သားတွေ တင်းမာခြင်းနဲ့ ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ ကြွက်သားတွေ တင်းမာနေပြီး အသံထွက်မရတာမျိုး ဖြစ်နိုင်ပါတယ်။ အသံဝင်တာတွေ မြန်မြန်ပျောက်ဖို့ဆိုရင်တော့ စားရမယ့် အစားအစာလေးတွေပဲ ရွေးစားပါနော်။