နေပြည်တော်၊ ဇန်နဝါရီ ၂၉
တပ်မတော်တွင် ပဉ္စမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု (တတိယနေ့) ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုတွင် လူနာဦးဉာဏ်ထွန်းနှင့် ဇနီးဖြစ်သူ အသည်းအလှူရှင် ဒေါ်စန္ဒာအောင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်း အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၄ နာရီခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယခင်ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းအလှူရှင်နှစ်ဦးနှင့် အသည်းလက်ခံ လူနာနှစ်ဦးတို့၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


