အသက်ရှည်ကျန်းမာရေးအလေးထား

mdn

နေပြည်တော် ၁၄ နိုဝင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချို သွေးချိုရောဂါဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ် အဆိုပါရောဂါနှင့်ဆက်စပ်၍ သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိသည်ဟု သိရသည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိလူ လေးသန်းကျော်သည် ဆီးချို၊ သွေးချိုရောဂါကို အကြောင်းပြု၍ သေဆုံးရသည့်သဘော ရှိနေသည်။

 

ကမ္ဘာပေါ်တွင် လူဦးရေ ခုနစ်ဘီလီယံကျော်ရှိရာ လူဦးရေတစ်ဝက် နီးပါးသည် ဆီးချို၊ သွေးချိုရောဂါရှိနေ၍ ကမ္ဘာ့ပြည်သူများ အသက်ရှည် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေဆုံးသူ ၁၅၀၀ ကျော်ရှိသည်။ သေဆုံးသူများ၏ ၉၄ ရာခိုင်နှုန်းသည် ရောဂါအခံကြောင့် သေဆုံးရခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ရောဂါအခံရှိသူများတွင် ဝေဒနာ ပိုမိုပြင်းထန်ကာ အသက်ဆုံးရှုံးနိုင်ခြေများသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး သေဆုံးသူများ၏ ၃၆ ရာခိုင်နှုန်း၌ ဆီးချို၊ သွေးချိုရောဂါရှိနေပြီး ၃၀ ရာခိုင်နှုန်းတွင် သွေးတိုးရောဂါရှိကာ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါနှစ်မျိုးစလုံးဖြစ်ပွားနေသူမှာ ၁၉ရာခိုင်နှုန်းရှိသဖြင့် သေဆုံးသူအားလုံး၏ ၈၅ ရာခိုင်နှုန်းသည် ဆီးချို၊သွေးချို၊ သွေးတိုးရောဂါများ ရှိသောကြောင့် သေဆုံးမှုနှုန်း များခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါသည် ကမ္ဘာပေါ်ရှိလူတိုင်းတွင်အဖြစ်များပြီး ဖြစ်ပွား လျှင်လည်း အသက်အန္တရာယ်ရှိသည်ကို သတိပြုရမည်ဖြစ်သည်။

 

လူတို့၏ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာသောကြောင့် ကမ္ဘာပေါ်တွင် အဆိုပါရောဂါများဖြစ်ပွားမှုမှာ ဖြစ်ပွားနှုန်းပိုများလာသည်။ ထို့ကြောင့် ထိုရောဂါများသည် အရေးကြီးသော ကျန်းမာရေးပြဿနာ ဖြစ်သည့် အတွက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ သဘောတူဆုံးဖြတ်ချက်အရ ၂၀၀၆ ခုနှစ်မှစတင်၍ နိုဝင်ဘာလ ၁၄ ရက်နေ့ကို ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ယခုနှစ် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့၏ ခေါင်းစဉ်မှာ “ဆီးချိုကာကွယ်ဖို့ သူနာပြုစွမ်းအား အလေးထားစို့” ဖြစ်၍ ဆီးချို၊ သွေးချိုကာကွယ်ကုသရေးအပိုင်းတွင် သူနာပြုများနှင့် အခြေခံကျန်းမာရေး ပညာရှင်များ၏ အရေးပါသောကဏ္ဍကို ဖော်ညွှန်းထားသည်။

 

ဆီးချို၊ သွေးချိုရောဂါသည် လူတို့အသက်ရှည်ကျန်းမာရေးကို ထိခိုက် အန္တရာယ်ပေးနိုင်သောရောဂါဖြစ်ပြီး ပျောက်ကင်းရန်မလွယ်ကူဘဲ အစားအသောက် အနေအထိုင် အမြဲဆင်ခြင်ရသောရောဂါ ဖြစ်သည်။ ဆီးချို၊ သွေးချို ရောဂါဖြစ်ပွားသောကြောင့် ခြေလက်များ ထိခိုက်ပျက်စီးခြင်း၊ အမြင်နှင့် အကြားအာရုံ ထိခိုက်ပျက်စီးခြင်း၊ နှလုံးနှင့် သွေးကြောရောဂါများ၊ ကျောက်ကပ်ရောဂါ၊ အာရုံကြောရောဂါ စသည့်နောက်ဆက်တွဲရောဂါများ ဖြစ်ပွားတတ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်သော အစီရင်ခံစာ အရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အရွယ်အတွင်း ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွား သူသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိနေပြီး ဆီးချို၊ သွေးချိုရောဂါ အကြိုအဆင့် ဖြစ်ပွားသူ ၁၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆီးချို၊ သွေးချို ရောဂါအန္တရာယ်ကို အထင်အရှားသိလာကြပြီး အမှန်တကယ်တွင် လူတို့၏နေထိုင်စားသောက်မှု ပုံစံမမှန်သောကြောင့် အစောပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာသည်။ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ပြုလုပ်ခြင်း၊ အချိုလွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ခြင်းအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုတို့ကို ပုံမှန်ပြုလုပ် ပေးရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်း ရေးနေ့ ခေါင်းစဉ်ပါအတိုင်း ပြည်သူများ အသက်ရှည်ကျန်းမာရေးအတွက် လူတို့၏ နေ့စဉ် နေထိုင်စားသောက်မှုပုံစံများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးကြရမည်ဖြစ်ရာ သူနာပြုများနှင့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၏အခန်းကဏ္ဍကို အလေးထားရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ