အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသူများနှင့် တွေ့ဆုံမေးမြန်း

ဘူးသီးတောင် ၁၃ နိုဝင်ဘာ 

ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ကျေးရွာများမှ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်းကို နိုဝင်ဘာ ၇ ရက်မှ စတင်ကာ ဘူးသီးတောင်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

ဦးထွန်းလှိုင် (မြို့နယ်မှူး၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန)

mdn

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဘူးသီးတောင်မြို့နယ်မှာ အရင်က အမျိုးသားတွေအတွက် ဆိုင်ကယ်စက်ပြင်သင်တန်း နှစ်ကြိမ်ဖွင့်ခဲ့ပါတယ်။ အခုကတော့ ဘူးသီးတောင်မြို့နယ် အတွင်းမှာရှိတဲ့ ရွာတွေက အမျိုးသမီးလေးတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့အတွက် အပ်ချုပ်သင်တန်းဖွင့်လှစ်တာပါ။ သင်တန်းသူတွေကို မနက်မှာ လက်ဖက်ရည် တိုက်တယ်။ နေ့လယ်မှာ ထမင်းကျွေးပါတယ်။ နေတာကတော့ ဘူးသီးတောင် မြို့ပေါ်မှာရှိတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ အိမ်မှာပဲနေကြပါတယ်။ သင်တန်းကို နှစ်ကြိမ်လုပ်ထားပါတယ်။ အခြေခံသင်တန်းကို ရက်၂ဝ အဖြစ် သတ်မှတ်ထားတယ်။ တစ်ပတ်နားပြီး မွမ်းမံသင်တန်း ရက် ၂ဝ ထပ်ဖွင့်မယ်။ စုစုပေါင်းသင်တန်းကာလ ရက်လေးဆယ် သင်ပြပေးသွားပါမယ်။ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက်လည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးရဲ့အစီအစဉ်နဲ့ စစ်တွေမြို့မှာရှိတဲ့ အပ်ချုပ်စက်ရုံတွေမှာ အလုပ်အကိုင်ရရှိဖို့အတွက် ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ သင်တန်းက နောက်ထပ် ဆက်ဖွင့်သွားဖို့ ရှိပါတယ်။ အပ်ချုပ်သင်တန်းပြီးသွားရင် အမျိုးသားတွေအတွက် ဆိုင်ကယ်ပြင်သင်တန်းနဲ့ အင်ဂျင်ကိုင်တဲ့ သင်တန်းတွေ နောက်ထပ်ဖွင့်လှစ်သွားဖို့ရှိပါတယ်။

ဒေါ်အိစံပယ် (အပ်ချုပ်သင်တန်းနည်းပြ၊ မြင်းလွတ်ကျေးရွာ မောင်တောမြို့နယ်)

mdn

အရင်က မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာမှာနေတယ်။ အိမ်မှာ အပ်ချုပ်ဆိုင်ဖွင့်ထားတယ်။ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို ကြောက်လို့ မြင်းလွတ်ကနေ ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးလာတာပါ။ ဘူးသီးတောင်မှာ အိမ်ငှားပြီးနေပါတယ်။ အခုလို ဘူးသီးတောင်မှာ အိမ်ငှားနေရတော့ အလုပ်ကလည်းမရှိ၊ စားဝတ်နေရေးကလည်းရှိတော့ ဒီကျေးလက်ရုံးမှာ အပ်ချုပ်သင်တန်းဖွင့်မယ်ကြားပြီး ဆရာမတစ်ယောက် လိုတယ်ကြားလို့ အလုပ်လျှောက်လိုက်တာပါ။ အပ်ချုပ်သင်တန်းနည်းပြပါ။ သင်တန်းမှာက တချို့မိန်းကလေးတွေကျတော့ ဘာသာစကားအခက်အခဲ အနည်းငယ်ရှိသူတွေ ပါသလို တချို့ကျတော့လည်း သင်ပြရတာလွယ်ပါတယ်။ သေချာသင်ပြပေးတော့ လိုက်နာကြပါတယ်။ ဒီသင်တန်းမှာတော့ ခေါင်းအုံးစွပ်၊ အမျိုးသမီးအင်္ကျီ၊ ကလေးအင်္ကျီ၊ အမျိုးသားဝတ်ရှပ်အင်္ကျီ၊ ထဘီ၊ စကတ်အမျိုးမျိုး သင်ပေးရပါတယ်။ တချို့သင်တန်းသူတွေကတော့ သင်တန်းပြီးရင် ရွာမှာပြန်အလုပ်လုပ်လို့ ရအောင်ထိ ရည်မှန်းထားကြပါတယ်။

မဇင်မာဦး(သင်တန်းသူ၊ ကန်ပြင်ကျေးရွာ ဆည်တောင်အုပ်စု ဘူးသီးတောင်မြို့နယ်)

mdn

ကျေးရွာအုပ်ချုပ်ရေးမှူးက ဘူးသီးတောင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးမှာ အပ်ချုပ်သင်တန်း ဖွင့်မယ်လို့ပြောတာနဲ့ စာရင်းပေးပြီး လာတက်တာပါ။ သင်တန်းက ထမင်းမနက်စာတစ်နပ်ကျွေးပြီး ညနေစာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားရပါတယ်။ နေတာကတော့ မြို့ပေါ်က ဆွေမျိုးအိမ်မှာနေပါတယ်။ သင်တန်းဆင်းပြီးသွားရင်တော့ ကိုယ့်ရွာမှာ ကိုယ်ပြန်ပြီး အပ်ချုပ်လုပ်ငန်း လုပ်ကိုင်မှာပါ။ အခုသင်တန်းမှာ ရွာက သူငယ်ချင်းတစ်ယောက်လည်း ပါပါတယ်။

မနုအေးခိုင် (သင်တန်းသူ၊ သိမ်းတောင်ပြင်ကျေးရွာ ဘူးသီးတောင်မြို့နယ်)

mdn

ဘူးသီးတောင်မြို့နယ် ဆင်တော်ပြန်ရွာက လာပြီးတက်တာပါ။ ဒိုင်းနက်လူမျိုးပါ။ အသက်က (၁၈) နှစ်ရှိပါပြီ။ ရွာကအုပ်ချုပ်ရေးမှူးက ဒီမှာအပ်ချုပ် သင်တန်းရှိတယ်ဆိုလို့ စိတ်ဝင်စားလို့ သင်တန်းလာတက်တာပါ။ ရွာက ဒီသင်တန်းလာတက်တာ နှစ်ယောက်ပါ။ ရွာမှာက အပ်ချုပ်တဲ့သူနည်းတယ်။ မိန်းကလေးတွေအတွက်လည်း အလုပ်ကရှားတယ်။ သင်တန်းပြီးရင်တော့ ရွာမှာ အပ်ချုပ်အလုပ် ပြန်လုပ်ကိုင်မှာပါ။ ဒီလိုသင်တန်းမျိုးတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ပေးတဲ့အတွက် ကျွန်မတို့လို ကျေးလက်ဒေသနေ အမျိုးသမီးတွေအတွက် အလွန်အကျိုးရှိပါတယ်။ ကျွန်မတို့လို နယ်စပ်ဒေသက မိန်းကလေးတွေအတွက် ထပ်ပြီးဖွင့်လှစ်ပေးဖို့လည်း မျှော်လင့်မိပါတယ်။

တွေ့ဆုံမေးမြန်း-သတင်းအဖွဲ့
ဓာတ်ပုံ-ဟန်လင်းနိုင် (စစ်တွေ-ကိုယ်ပွား)