အသက်(၂)အောက် ကလေးငယ်များအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်

ဘားအံ ၂၄ မေ


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၈-၂၀၁၉ ခု  ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ (၅)ခုအတွက်  ထောက်ပံ့ငွေကျပ် ၃၃၀၈၁၀ဝ၀ (သိန်းသုံးရာသုံးဆယ်ရှစ်သောင်းတစ်ထောင်ကျပ်) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် (၆)သိန်းကျပ်နှုန်းဖြင့် ကျောင်းပေါင်း (၄၀)ကျောင်းအတွက် ငွေကျပ် နှစ်ရာ့လေးဆယ်သိန်းကို လည်ကောင်း၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၃၅ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းဝယ်ယူရန် ထောက်ပံ့ငွေကျပ် သုံးဆယ်ငါးသိန်းကိုလည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ကရင်ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၁၆၁၃၁ ဦးနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ် ၁၀၂၃၉ ဦး စုစုပေါင်း ၂၆၃၇၀ ဦးအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ကျပ် ၁၁၀၅၆၅၀ဝ၀ဝ (သိန်းတစ်သောင်းတစ်ထောင် ငါးဆယ်ခြောက်သိန်းငါးသောင်းကျပ်) ကို လည်ကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးစောချစ်မြင့်လေးက ဘားအံမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၄၁၅၈)ဦးနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်(၂၉၇၁)ဦး စုစုပေါင်း ၇၁၂၉ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၄၃၅၀ဝ၀ (သိန်းသုံးထောင် လေးသိန်းသုံးသောင်း ငါးထောင်ကျပ်)ကို လည်ကောင်း ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂)ဦး နှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁)ဦးတို့အား ထောက်ပံ့ငွေများပေးအပ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှု ဝန်ထမ်းရုံး၌ MCCT လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကွန်ပျူတာလက်တော့(၄)လုံးအား ထောက်ပံ့ပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မင်းက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)