အသိပညာပေးဟောပြောခြင်းနှင့် (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကနီ ၂ ဇူလိုင်


ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့်ဆက်စပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများ သိရှိနိုင်ရေးတို့အတွက် ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ် သလင်းကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ  ကနီမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ရခြင်းအကြောင်း၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းအကြောင်း၊ (OSS)ရုံး၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က မှုခင်းကျဆင်းရေးအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း၊ သက်ငယ်မုဒိမ်းအကြောင်း ရှင်းလင်းဟောပြောခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးကိုက လယ်ယာမြေနှင့်ပတ်သက်၍ ပုံစံ(၇)အကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ ရောင်းခြင်းဝယ်ခြင်း၊ ပေါင်ခြင်းများအား တရားဝင်စာချုပ်စာတမ်းများနှင့် ချုပ်ဆိုမှတ်ပုံတင်ရန်၊ သတ်မှတ်ထားသည့် အခွန်တံဆိပ်များကပ်ရန်နှင့် စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်ရန်တို့ကို ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးဝင်းက စိုက်ပျိုးရေးအကြောင်း၊ မိုးစပါးအကြောင်းနှင့် မြေပဲစိုက်ပျိုးနည်းများ ရှင်းလင်းပြောကြားခြင်း၊ မျိုးကောင်း မျိုးသန့်နှင့် ပိုးသတ်ဆေးများအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊   မြို့နယ် လဝက ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး တင်ဝင်းက မွေးတိုးနှင့် သေစာရင်းများ အိမ်ထောင်စုဇယားတွင် ဖြည့်ပေးခြင်း၊ နုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထိန်လင်းထွန်က မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးမပေါ့ဆရေး ဟောပြောခြင်း၊ မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးချစ်စမ်းကျော်က ၂၀၂၀ ရွေးကောက်ပွဲအတွက် လူဦးရေအတိအကျဖြစ်ရေး ပြည်သူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ မြို့မကျန်းမာရေးမှူး ဦးဟန်ဝင်းအောင်က H1N1 ရောဂါအကြောင်းနှင့် သွေးလွန်တုပ်ကွေးအကြောင်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်ပြောကြားခြင်း၊ မြို့နယ်တိ/မွေးကုဌာနမှ ဒေါက်တာထွန်းလင်းက အိမ်မွေးတိရစ္ဆာန်များ ကာကွယ်ဆေးထိုးခြင်းအကြောင်း ရှင်းဟောပြောခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က သစ်တောသစ်ပင်များ မခုတ်ကြရန်နှင့် သစ်ပင်များ စိုက်ခြင်းဖြင့် သဘာဝဘေးကိုကာကွယ်ကြရန် ဟောပြောခြင်း၊ တောအုပ်ကြီး ဦးအုန်းမော်သန်းကလည်း သစ်ပင်များထိန်းသိမ်းကြရန်၊ မိမိယာမြေထဲတွင်ရှိသော သစ်ပင်များအား ပြုစု၍ ရှင်သန်ကြီးထွားစေရန် ဆောင်ရွက်ပေးရန်၊ သဘာဝအလျောက် ပေါက်သော သစ်ပင်များအား ပြည်သူအားလုံးက ဝိုင်းဝန်းကာကွယ်ပေးကြရန် ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေး စာတတ်သူတိုင်းစာဖတ်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး စသည်တို့ကို အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။


ခင်ဝင်းကြည်(ပြန်/ဆက်)