အသေးစား ငွေရေးကြေးရေးလုပ်ငန်း

၂၉ ဧပြီ

 

မြန်မာနိုင်ငံတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ (The Microfinance Law) ကို ၂၀၁၁ ခုနှစ်၌ စတင်ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေပြဋ္ဌာန်းပြီးနောက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းစုံတို့က မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ အသေးစား ငွေရေးကြေးရေး လုပ်ငန်းပေါင်း ၁၇၆ ဖွဲ့အထိ ရှိပြီဖြစ်ပါသည်။ ထိုအဖွဲ့ ၁၇၆ ဖွဲ့တွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO)  ငါးဖွဲ့၊ အစိုးရမဟုတ်သော  (NGO) ၂၂ ဖွဲ့၊ ပြည်ပကုမ္ပဏီ ၃၉ ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၁၀၇ ဖွဲ့၊ အစုစပ် ကုမ္ပဏီသုံးဖွဲ့တို့ ပါဝင်ပါသည်။

 

အသေးစား ငွေရေးကြေးရေးလုပ်ငန်း၏ အဓိကရည်ရွယ်ချက်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ဖြစ်ပါသည်။ ဤကဲ့သို့ ရည်ရွယ်ချက်ကောင်းများ ရှိသော်လည်း အသေးစား ငွေရေးကြေးရေး လုပ်ငန်း၏ ပင်မအခက်အခဲမှာ ပမာဏသေးငယ်သော ချေးငွေတို့ကို အရေအတွက်များပြားသော ဆင်းရဲချို့တဲ့သည့် ပြည်သူတို့ထံ ဖြန့်ဝေထုတ်ချေးရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အသေးစား ငွေရေးကြေးရေး လုပ်ငန်းတို့၏ လုပ်ငန်းလည်ပတ်စရိတ်သည် ကြီးမားပါသည်။ ဤသည်၏ နောက်ဆက်တွဲရလဒ်မှာ အသေးစား ချေးငွေတို့၏ အတိုးနှုန်းမြင့်မားခြင်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အသေးစား ချေးငွေတို့၏ ပျမ်းမျှဝန်ဆောင်ခ အပါအဝင် အတိုးနှုန်းသည် ၃၇ ရာခိုင်နှုန်းခန့်ရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အသေးစား ချေးငွေဖြင့်လုပ်ကိုင်သော လုပ်ငန်းတို့၏ အကျိုးအမြတ်သည် ဝန်ဆောင်မှု အပါအဝင် အတိုးနှုန်းထက် လျော့နည်းပါက ချို့တဲ့သော ပြည်သူတို့သည် ပို၍ပို၍ ချို့တဲ့လာမည် ဖြစ်ပါသည်။ တစ်ဖက်၌လည်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းတို့သည် ချေးငွေရယူသူ ပြည်သူတို့ကို မစစ်ဆေး၊ မကြီးကြပ်နိုင် ဖြစ်ကြပါသည်။ ဤသို့သော အခြေအနေတို့ကြောင့် ယခုနောက်ပိုင်းကာလတွင် အသေးစား ချေးငွေတို့ကို အရေအတွက် များများပေးနိုင်ရေးထက် အသေးစားချေးငွေဖြင့် လုပ်ကိုင်သော လုပ်ငန်းငယ်တို့ ရေရှည်တည်တံ့ ခိုင်မြဲရေးအပေါ် ပိုမိုအာရုံစိုက် ဆောင်ရွက်လာကြပါသည်။

 

အသေးစား ငွေရေးကြေးရေးလုပ်ငန်းတို့၏ တခြားသော ပြဿနာတစ်ရပ်မှာ လုပ်ငန်းလည်ပတ်စရိတ် မြင့်မားမှုကြောင့် ဆက်သွယ်သွားလာရေး လွယ်ကူသောဒေသများ၌သာ စုပြုံချေးငွေထုတ်ပေးခြင်း ဖြစ်ပါသည်။ ဤသည်၏ အကျိုးဆက်မှာ ပုဂ္ဂိုလ်တစ်ဦးတည်းကိုပင် အဖွဲ့ပေါင်းများစွာက အပြိုင်အဆိုင် ထုတ်ချေးကြခြင်း ဖြစ်ပါသည်။ အလွယ်တကူရသော ချေးငွေတို့ကို လက်ခံမိ၍ အဆုံးသတ်၌ ဤသို့သော ပုဂ္ဂိုလ်တို့သည် ချေးငွေတို့ကို ပြန်မဆပ်နိုင် ဖြစ်ကြပါသည်။ တခြားတစ်ဖက်၌လည်း အမှန်တကယ် ချေးငွေလိုအပ်သော နေရာများသို့ ချေးငွေတို့ မရောက်ဖြစ်ရပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့ရသော အဆိုပါ ပြဿနာတို့ကို မြန်မာနိုင်ငံ၌လည်း ကြုံတွေ့ရပါသည်။

 

မကြာမီဖွဲ့စည်းမည့် ခရက်ဒစ်ဗျူရိုသည် အသေးစား ငွေရေးကြေးရေးလုပ်ငန်းတို့၏ ပြဿနာတချို့ ဖြေရှင်းနိုင်ရေးကို အထောက်အပံ့ ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ ထို့အပြင် အသေးစား ငွေရေးကြေးရေး လုပ်ငန်းအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်ရေးကို ပိုမိုပံ့ပိုး ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ အောင်မြင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် လေးစားစွာ နှိုးဆော်တင်ပြအပ်ပါသည်။    ။


(မြန်မာ့အလင်း)