ASEAN MAKERTHON 2017 COMPETITION တွင် ဒုတိယဆုရှင်များနှင့် အမေးအဖြေကဏ္ဍ

နေပြည်တော် ၂ ဇန်နဝါရီ

မလေးရှားနိုင်ငံ Cyber Java Selangar ၌ စက်တင်ဘာ ၈ မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် ASEAN Makerthon 2017 Competition တွင် အာဆီယံနိုင်ငံများအပါအဝင် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက ဒုတိယဆုရရှိခဲ့သည်။ မြန်မာလူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကျအတုယူနိုင်ကြစေရန် ဆုရရှိခဲ့ကြသူ သတင်းအချက်အလက်နှင့်  နည်းပညာတက္ကသိုလ် (UIT) ပဉ္စမနှစ်ကျောင်းသား မောင်မင်းခန့်လင်း၊ မောင်ပြည့်ဖြိုးပိုင်တို့ကို  တွေ့ဆုံ မေးမြန်းထားသည်။

 

မေး။   ။ သွားခဲ့တဲ့နိုင်ငံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲ အကြောင်းကို သိချင်ပါတယ်။

 

မောင်မင်းခန့်လင်း။        ။ ကျွန်တော်တို့ သွားရောက်ခဲ့တဲ့ပြိုင်ပွဲကတော့ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ASEAN Makerthon 2017 ကို ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။   အချိန် ၂၈ နာရီအတွင်းမှာ သူတို့ပေးတဲ့ ခေါင်းစဉ် အောက်က Product တစ်ခုကို ထုတ်လုပ်ခိုင်းတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

 

မေး။   ။ မလေးရှားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ဖို့ကို ဒီနိုင်ငံမှာ ပဏာမအနေနဲ့ ဘယ်လို ရွေးချယ်ခဲ့တယ် ဆိုတာကိုလည်း ပြောပြပေးပါအုံး။

 

မောင်ပြည့်ဖြိုးပိုင် ဖြေ။          ။ ဒီပြိုင်ပွဲအကြောင်းကို ကျွန်တော်တို့ကျောင်းမှာ ဆရာမက ပြောပြခဲ့တာပါ။ မလေးရှားနိုင်ငံက ဦးဆောင်ပြီး အာဆီယံနိုင်ငံတွေ အပါအဝင် တရုတ်နဲ့ ကိုရီးယားတို့ပါဝင်ပါတယ်။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကို ဆက်သွယ်တယ်။  အဲဒီကတစ်ဆင့် ကျွန်တော်တို့  မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေကို အကြောင်းကြားတာဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်တွေက အဖွဲ့တွေနဲ့ ပြည်တွင်းပြိုင်ပွဲလေးတွေ လုပ်ပါတယ်။  ၃ ယောက်အဖွဲ့က ငါးဖွဲ့၊ ၂ ယောက်အဖွဲ့က သုံးဖွဲ့လောက်ပါတယ်။  ကိုယ်ရဲ့ စိတ်ကူး၊ ပရောဂျက်ကို အရင် Presentation လုပ်ခိုင်းပါတယ်။အမှတ်ပေးပြီး ပထမ၊ ဒုတိယ နှစ်သင်းရွေးတယ်။  UCSY က ၃ ယောက်တစ်ဖွဲ့နဲ့  UIT က ၂ ယောက်တစ်ဖွဲ့ ။ ပထမ နဲ့ ဒုတိယကို မလေးရှားနိုင်ငံကို စေလွှတ်တာဖြစ်ပါတယ်။ 

 

မေး။   ။ မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်ဖြစ်ခဲ့ပုံကို ရှင်းပြပေးပါ။

 

မောင်ပြည့်ဖြိုးပိုင်။          ။ ASEAN Makerthon လို့ ခေါင်းစဉ်တပ်ထားပေမယ့် အာဆီယံနိုင်ငံတွေအပြင် တရုတ်နဲ့ တောင်ကိုရီးယားကိုလည်း ဧည့်သည်အနေနဲ့ ဖိတ်ခေါ် ပြိုင်ပွဲဝင်ခိုင်းခဲ့ပါတယ်။  အာဆီယံနိုင်ငံတွေ ထဲမှာ လာအိုနိုင်ငံကတော့ လေ့လာရေးအနေနဲ့ပဲ လာရောက်ခဲ့တာဆိုတော့ ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

မေး။   ။ ဆုတွေကို ဘယ်နိုင်ငံတွေက ရခဲ့တာလဲ ။

 

မောင်မင်းခန့်လင်း။        ။ အဓိက သူတို့ပေးတဲ့ ခေါင်းစဉ်ကတော့ Internet of Things (IOT) အင်တာနက်နဲ့ ချိတ်ဆက်ပြီးသုံးလို့ရတဲ့ ပစ္စည်းတစ်ခု လုပ်ခိုင်းပါတယ်။ Agriculture ၊ Health Care နဲ့ Smart City ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့က Smart City ကို ရွေးချယ်ခဲ့တာပါ။ Smart City ဆိုတာ နိုင်ငံတကာမှာတော့ အသုံးဝင်နေတယ်။ ဒီမှာတော့ သိပ်ပြီး သုံးလေ့မရှိသေးဘူး။  တချို့နေရာ တွေမှာ အိမ်ရာအကြီးတွေ ၊ ကွန်ဒိုတွေမှာ ကားတစ်စီးဝင်သွားတယ်။  ID တစ်ကတ်ပေးတယ်၊ ဝင်ချိန်၊ ထွက်ချိန် မှတ်ထားတယ်။ လူအစောင့်ထားစရာမလိုဘူး။ အဲဒီပုံစံနဲ့ သဘောတရားတူတယ်။ ကျွန်တော်တို့ အခုပရောဂျက် Smart Home မှာဆိုရင် ပြတင်းပေါက်တွေ ဖွင့်တာ၊ ပိတ်တာမျိုးကို ကိုယ်တိုင်လုပ်စရာ မလိုတော့ဘူး။

 

Smart Home System Control ကို သုံးမယ်ဆိုရင် တစ်ကမ္ဘာလုံး ဘယ်ကိုရောက်နေပါစေ ။ အင်တာနက်ရှိမယ်ဆိုရင် ဖုန်းကနေတစ်ဆင့် မက်ဆေ့လှမ်းပို့ပြီး ဖွင့်ချင်တယ်၊ ပိတ်ချင်တယ် ၊ မီးအဖွင့်အပိတ်၊ တံခါး၊ ခန်းဆီးလိုက်ကာ ၊ အဲကွန်းအဖွင့်အပိတ်တွေကို  ထိန်းချုပ်လို့ရတယ်။ အိမ်ရဲ့ အပူချိန်၊ စိုထိုင်းစတွေ ကိုလည်း ဖုန်းကနေ လှမ်းကြည့်လို့ရတယ်။  မီးလောင်နိုင်လောက်တဲ့ အပူချိန်မျိုး ရှိတယ်ဆိုရင်  အဲဒီဖုန်းကနေ မက်ဆေ့ လှမ်းပို့နိုင်ပါတယ်။ အဲဒီလို Functions မျိုးတွေ ထည့်ထားတယ်။ 

 

ပထမဆုကို တရုတ်နိုင်ငံက ရရှိသွားခဲ့တာဖြစ်ပါတယ်။ သူတို့က ဟင်းသီးဟင်းရွက်တွေကို အွန်လိုင်းက ဝယ်ရင် လတ်၊ မလတ် မသိရဘူး။ အဲဒီလို ဖြစ်တာကို ကာကွယ်တဲ့အနေနဲ့ ရေခဲပုံးတွေမှာ Sensor တွေတပ်ပြီး ဒီ ဟင်းသီးဟင်းရွက်တွေက  အအေးချိန်နဲ့ ဘယ်လောက်ကြာရင် လတ်ဆတ်မှု ဘယ်လောက်ရှိတယ်။  မှာလိုက်မယ်ဆိုရင် ဘယ်လောက်ကြာမယ်၊ လတ်ဆတ်မှုဘယ်လောက်ရှိမယ်ဆိုတာကို တွက်ချက်ပြီး အင်တာနက်စာမျက်နှာမှာ တစ်ခါတည်းတင်ပေးထားတယ်။ သူတို့က အဲဒီ System နဲ့ ပြိုင်တာဖြစ်ပါတယ်။  ဒုတိယကို ကျွန်တော်တို့ မြန်မာနဲ့ တတိယကို     အိမ်ရှင် မလေးရှားနိုင်ငံက ရပါတယ်။

 

သူတို့ကတော့ အပင်တွေ၊ အဖူးတွေ၊ အပွင့်တွေကို ဒရုန်းနဲ့ အပေါ်ကနေ ကင်မရာနဲ့ ရိုက်တယ်။  လူမထားတော့ဘူး။ အဖူး ဘယ်နှခုရှိတယ်။  နောက်နေ့မှာ အရောင် ဘယ်လိုပြောင်းသွားတယ်။  Image Processing နဲ့ ဖမ်းထားတယ်။ အပွင့်တွေနည်းနေရင်ရေလောင်းမယ်၊ မြေသြဇာကျွေးမယ်၊ အဲဒီလို စနစ်နဲ့ ထည့်ရေးထားတယ်။  ကားအသေးလေးနဲ့ လူကိုယ်တိုင် လျှောက်ကြည့်စရာ မလိုတော့ဘူး။  ဒရုန်းကနေ စိုက်ကွင်း တစ်ခုလုံးကို ထိုင်လျက်နဲ့ ကြည့်နိုင်အောင် လုပ်ထားတယ်။

 

မေး။   ။ ပြိုင်ပွဲအတွက် ဘယ်လိုတွေ ပြင်ဆင်သွားခဲ့တာလဲဆိုတာကိုလည်း ရှင်းပြပေးပါအုံး။

 

မောင်ပြည့်ဖြိုးပိုင်။          ။ ဒီပြိုင်ပွဲမဝင်ခင်မှာ ကျွန်တော်တို့ ကျောင်းတွင်းပြိုင်ပွဲတစ်ခုရှိခဲ့တယ်။  UIT Open Campus ပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့က ပရောဂျက်လေးတွေ လုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်ဆိုတော့ အဲဒီက အတွေ့အကြုံတွေလည်း ရှိပါတယ်။  ကျွန်တော်တို့အနေနဲ့က ကိုယ်လုပ်ထားတဲ့ အတွေ့အကြုံနဲ့ပဲ  ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်၊

 

မေး။   ။ပြိုင်ပွဲအတွက် ပစ္စည်းတွေ ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ခဲ့တယ်ဆိုတာကိုလည်း သိချင်ပါတယ်။

 

မောင်မင်းခန့်လင်း။        ။ အဲဒီပြိုင်ပွဲအတွက် ကိုယ်လိုမယ်ထင်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြီး ဝယ်လာ ခိုင်းပါတယ်။  ဒီဇိုင်းတွေ၊ စိတ်ကူးတွေလည်း စဉ်းစားခိုင်းပါတယ်။  ကျွန်တော်တို့က ဒီမှာ အဲဒီ ပရောဂျက်က လုပ်လက်စ၊ အရင် Open Campus မှာ ပြဖူးတယ်။  အဲဒီ ဒီဇိုင်းကိုပဲ အထဲမှာ Circuit တွေ ပြန်ပြင်တယ်။  အာဆီယံအဆင့် သွားပြိုင်ရမယ်ဆိုတော့ ပြန်စဉ်းစားတယ်။ ဟိုမှာ သူတို့ ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေ ရှိသလို လိုတဲ့ ပစ္စည်းတွေကို ဒီကနေ ထပ်ဝယ်သွားတယ်။  အိမ်ပုံစံလေးဆောက်လုပ်တယ်။

 

မေး။   ။ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲရှိရင်လည်း ပြောပြပေးပါအုံး။

 

မောင်ပြည့်ဖြိုးပိုင်။          ။ သူတို့က အချိန် ၂၈ နာရီအတွင်းမှာပဲ ဆောင်ရွက်တာ ဖြစ်စေချင်တယ်။ ပစ္စည်းတွေ ကြိုဝယ်လာလို့ ရတယ်ဆိုပေမယ့်လည်း ကြိုဆင်လာတာတို့၊  အိမ်တန်းဆောက်လာတာတို့တော့ မရပါဘူး။ အဓိက အခက်အခဲက ပေးတဲ့ပစ္စည်းတွေမှာ ကျွန်တော်တို့ လိုအပ်တဲ့ ပစ္စည်း မရှိတာမျိုးတွေ ဖြစ်တတ်တယ်။  အဲဒီလို မရှိလို့ ကျွန်တော်တို့ ပရောဂျက်မှာ မထည့်လိုက်ရတာတွေလည်း ရှိခဲ့တယ်။  အဲဒီတော့ လိုတာကို ကျွန်တော်တို့ ဒီမှာကတည်းက ကြိုစဉ်းစားမှရမယ်။  တချို့ပစ္စည်းတွေ ဆိုရင် ကျွန်တော်တို့ ပျက်သွားတာ မျိုးရှိတွေ ရှိတယ်။  အဲဒီအခါ ဘယ်လို ပြန်ပြီး အစားထိုးမလဲ။  ဘယ်လိုလုပ်လို့ ရနိုင်မလဲဆိုတာ စဉ်းစားရ တာတွေ ရှိတယ်။  အဲဒီလို အခက်အခဲတွေတော့ရှိတယ်။ ဒီမှာ ကျွန်တော်တို့ သုံးထားတဲ့စက်နဲ့ သူတို့ ထောက်ပံ့ပေးတဲ့ပစ္စည်းတွေနဲ့ မကိုက်တာတို့ အဲဒီလို အခက်အခဲတွေတော့ရှိပါတယ်၊

 

မေး။   ။ ဒီလို ပြိုင်ပွဲတွေကနေ မိမိအတွက် ၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်၊ နိုင်ငံအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိခဲ့ပါသလဲ။ 

 

မောင်မင်းခန့်လင်း။                  ။ အဓိကရတဲ့ အကျိုးကျေးဇူးက အာဆီယံ အဆင့်တွေက လာပြိုင်တယ်ဆိုတော့ သူတို့နိုင်ငံတွေက ဘယ်လိုနည်းပညာတွေနဲ့ လာပြိုင်သလဲ။  သူတို့နိုင်ငံတွေက နည်းပညာအဆင့် အတန်းကို သိရပါတယ်။  ကိုယ့်နိုင်ငံနဲ့ဘယ်လောက်ကွာသလဲ ယှဉ်ကြည့်လို့ရတယ်။  သူတို့ဆီမှာ ဘယ်လောက်ဖွံ့ဖြိုး တိုးတက်နေသလဲ။  တရုတ်နိုင်ငံက ကျောင်းသားတွေဆိုရင် နည်းပညာအပိုင်းမှာ တကယ့်ကို ပရော်ဖက်ရှင်နယ် အဆင့်နီးပါးလောက်ကို  ဖြစ်နေတယ်။  သူတို့ သုံးတဲ့ Deviceအချို့ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြင်တောင် မမြင်ဖူးဘူးဆိုတော့ အခြားနိုင်ငံက နည်းပညာတွေကို ကျွန်တော်တို့ လေ့လာခွင့် ရခဲ့ပါတယ်။

 

မောင်ပြည့်ဖြိုးပိုင်။          ။ ပထမဆုံး အနေနဲ့ကတော့ ကိုယ်တိုင် အကျိုးရှိပါတယ်။  နိုင်ငံခြားသွားရတယ်၊  သူများတွေ ဘယ်လိုလုပ်သလဲ သိနိုင်ပါတယ်။  အခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်သလဲ၊ ကိုယ်က ဘယ်အဆင့် လောက်ရှိနိုင်မလဲ၊   အခြားနိုင်ငံတွေက နည်းပညာတွေကို လေ့လာခွင့်ရတယ်၊ အတွေ့အကြုံတွေ အများကြီး ရပါတယ်၊

 

မေး။   ။ ရှေ့ဆက်လက်ပြီးတော့ ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာလည်း သိရှိလိုပါတယ်၊

 

မောင်မင်းခန့်လင်း။       ။ ကျွန်တော်တို့ အခုလို ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ဆုတွေရတယ်ဆိုတော့ ကျွန်တော်တို့ ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ ရှေ့ဆက်ဖို့လည်း အားအင်ပိုဖြစ်လာပါတယ်။ နောက်ပိုင်းလည်း အဲဒီလိုပြိုင်ပွဲ တွေက နှစ်တိုင်း ရှိနေမှာပါ။ မြန်မာနိုင်ငံမှာလည်း နည်းပညာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေကို ကျောင်းတိုင်းက ဝင်ပြိုင်ဖို့ တိုက်တွန်းလာကြပြီ။  တက်ကြွလာကြပြီဆိုတော့ တိုးတက်ဖို့ အခြေအနေပေးနေပါပြီ။  နိုင်ငံတော်က လည်း အခုလို ဆုရတဲ့ ကျောင်းသားလူငယ်တွေကို ဆုတွေပေးတယ်ဆိုတော့ ကျွန်တော်တို့လည်း ကြိုးစားဖို့ အားတွေ ရှိလာပါပြီ။

 

မောင်ပြည့်ဖြိုးပိုင်။          ။ ကျွန်တော်တို့ အခုလို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြည့်တယ်။  ပထမဆုံး ပြိုင်ပွဲဆိုတော့ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။  အတွေ့အကြုံရအောင်ဆိုပြီး ဝင်ပြိုင်ကြည့်တယ်။  ပြည်တွင်းပြိုင်ပွဲ လေးတွေမှာ အတွေ့အကြုံတွေ စုစုပြီး အခုလို နိုင်ငံတကာပွဲတွေမှာ သွားပြိုင်တဲ့အခါ အများကြီး အထောက်အကူ ရပါတယ်။

 

မေး။   ။ အခုလို နိုင်ငံတကာပွဲတွေ ဝင်ပြိုင်တဲ့အခါ အရေးကြီးဆုံးအချက်က ဘာဖြစ်မယ်ထင်ပါသလဲ။

 

မောင်မင်းခန့်လင်း။       ။ အရင်တုန်းက ကွန်ပျူတာအကြောင်း၊ နည်းပညာအကြောင်းလို့ ပြောလိုက်ရင် လူတွေက ဘာမှန်းမသိကြဘူး။  အခုလို ပြပွဲ၊ ပြိုင်ပွဲတွေ လုပ်တယ်ဆိုတော့ လူငယ်တွေက နည်းပညာဆိုတာ ဘာလဲဆိုတာ သိလာကြတယ်။  အရင်တုန်းကဆိုရင် သူများနိုင်ငံက တီထွင်တာကို ကျွန်တော်တို့ ယူသုံးနေရတယ်။  ကိုယ့်နိုင်ငံက တီထွင်နိုင်တဲ့ နည်းပညာကို ပိုင်ဆိုင်မှ  နိုင်ငံက တိုးတက်မှာ။ ဒါကြောင့် နောက်လာမယ့် လူငယ်တွေက သူများထွင်တာကို သုံးဖို့ထက် ကိုယ်တိုင်ထွင်နိုင်ဖို့ ကြိုးစားရမယ်။

 

မောင်ပြည့်ဖြိုးပိုင် ။          ။ နိုင်ငံခြားမှာ သွားပြိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ဝမ်းစာကို အရင်ဖြည့်ရမယ်။  ပြည်တွင်း ပြိုင်ပွဲတွေမှာ ဝင်ပြိုင် ၊ အတွေ့အကြုံစုပေါ့ ။ ပြီးရင် English စာတို့ ၊ Presentation Skill တို့ကလည်း လိုအပ်ပါတယ်၊ လေ့လာထားရပါမယ်။  ကိုယ်တီထွင်ထားပေမယ့်လည်း ကိုယ်လုပ်ထားတာကို ကုန်အောင် မပြောနိုင်ဘူး ဆိုရင် အများနားလည်မှာ ၊ သိမှာမဟုတ်ပါဘူး၊

 

မောင်မင်းခန့်လင်း။        ။ အခုပြိုင်ပွဲမှာဆိုရင် Presentation လုပ်ဖို့ကို သူတို့က ၃ မိနစ်ပဲ အချိန်ပေးတယ်။  ၃ မိနစ် အတွင်းမှာ ကုန်အောင်ပြောနိုင်ရမယ်။  အဲဒီမှာ ပထမဆုရသွားတဲ့  တရုတ်နိုင်ငံက ၃ယောက်အဖွဲ့ဆိုရင် တစ်ယောက်က ကောင်မလေး၊ အဲဒီကောင်မလေးက Presentation ပြောဖို့ သီးသန့် ပြင်ဆင်လာတယ်။ ပြီးတော့ အင်္ဂလိပ်လို ပြောတာလည်း တော်တော်ကျွမ်းကျင်တယ်။  ကျန်တဲ့ယောကျာၤလေး နှစ်ယောက်က ဒီဇိုင်းတွေ ဆွဲတယ်၊ Circuit တွေဆင်တယ်၊ သူတို့က လူညီကြတယ်။  ဒီဇိုင်းပိုင်းတစ်ယောက်၊ Circuit ပိုင်းတစ်ယောက်၊ Presentation လုပ်ဖို့ တစ်ယောက် လူစုပြီးလာကြတာတော့ သူတို့က ပြည့်စုံသွားတာပေါ့။

 

မေး။   ။နောက်နှစ်တွေမှာ ဝင်ပြိုင်မယ့် ညီငယ်၊ ညီမငယ်တွေကို ဘာများ အကြံပြုပြောချင်ပါသလဲ။

 

မောင်မင်းခန့်လင်း ။        ။ ကျွန်တော်တို့ နှစ်ယောက်ဆိုရင် Circuit ပိုင်းက နှစ်ယောက်ပေါ့။  အဲဒီလို မဟုတ်ဘဲနဲ့  ဒီဇိုင်းကျွမ်းကျင်တဲ့သူ၊ Circuit  ကျွမ်းကျင်တဲ့သူ၊ Presentation ကျွမ်းကျင်တဲ့သူတွေစုပြီး အသင်းဖွဲ့ဖို့ တိုက်တွန်းချင်တယ်။ အဲဒါမှ Perfect ဖြစ်မှာပေါ့။

 

မောင်ပြည့်ဖြိုးပိုင်။      ။ သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်တဲ့သူတွေ စုမယ်ဆိုရင်တော့ ပိုပြီးအဆင် ပြေပါမယ်။ ကိုယ်လုပ်မယ့် ပရောဂျက်မှာ လိုအပ်မယ့် ပစ္စည်းတွေကိုလည်း သေချာစဉ်းစား ပြင်ဆင်သွားဖို့ လိုပါတယ်။  ကိုယ့်နိုင်ငံ မဟုတ်တော့ ဘယ်နေရာ ဘာဝယ်ရမယ်ဆိုတာ မသိဘူးပေါ့။ ဥပမာ ကျွန်တော် Sensor တစ်ခုပျက်သွားတယ်။  သူတို့ဆီက Sensor က ကျွန်တော်တို့နဲ့ မကိုက်ဘူး ဖြစ်နေတယ်။  ကံကောင်းတာက အပိုတစ်ခုပါလာတယ်။  အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ ဝင်ပြိုင်တဲ့ အိမ်မှာ အပူချိန်တိုင်းတဲ့ ကိရိယာတစ်ခု လျော့သွားပြီး အပူချိန်ကို မသိတော့ဘူး ဖြစ်မှာပေါ့။ အဓိက ပြောချင်တာက ကိုယ်လိုအပ်မယ့် ပစ္စည်းတွေကို ပိုပိုသာသာယူသွားဖို့ အကြံပြုချင်ပါတယ်၊

 

မေး။   ။ မျိုးဆက်သစ်လူငယ်မောင်မယ်တွေကို စကားလက်ဆောင်ပါးပေးပါအုံး။

 

မောင်မင်းခန့်လင်း ။        ။ မျိုးဆက်သစ် လူငယ်မောင်မယ်တွေကို ပြောချင်တဲ့စကားက ကြိုးစားကြပါ။  ကြိုးစားမှလည်း နိုင်ငံကတိုးတက်မှာပါ။  အခုခေတ်မှာ တော်တော်များများက တက္ကသိုလ်ရွေးမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းကို ကြည့်တာများကြတယ်။  ကျွန်တော်တို့ မေဂျာ Circuit ပိုင်းက ဒီနိုင်ငံမှာ မဖွံ့ဖြိုးသေးဘူးပေါ့။  ကျောင်းသားတွေ တော်တော်များများက ဒီမေဂျာကို ယူလိုက်ရင် အဆင်ပြေပါ့မလား၊ အလုပ်အကိုင်ရော ရပါ့မလား တွေးကြတယ်။  ကိုယ်သာတော်ရင် အလုပ်က ကိုယ့်ဆီရောက်လာမှာပါလို့ ပြောချင်ပါတယ်။

 

မောင်ပြည့်ဖြိုးပိုင် ။          ။ ကျွန်တော့်အနေနဲ့ပြောချင်တာက မွေးကတည်းက တော်လာတယ်ဆိုတာ ဘယ်သူမှ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ထူးချွန်တယ်လို့သာ အများသတ်မှတ်နေပေမယ့် ကိုယ့်ကိုကိုယ် အဲဒီလို မယူဆထားပါဘူး။  ကျွန်တော်တို့ လေ့လာစရာတွေ ၊ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။  နည်းပညာဆိုတာ ရပ်နေတာမဟုတ်ဘူး၊ အမြဲတမ်းသွားနေတာဆိုတော့ လိုက်နေရမှာပါ။  အဓိကကတော့ ကြိုးစားဖို့ ၊ ကိုယ်စိတ်ဝင်စားတာကို ပိုင်နိုင်သေချာအောင် လုပ်ဖို့၊ အခုခေတ်ဆိုရင် လေ့လာရတာ အတော် လွယ်ပါတယ်။  ဘာကိုမဆို အင်တာနက်က ရိုက်ပြီး ရှာလို့ ရပါတယ်။  ကိုယ်ရှာနိုင်သလောက် ရတဲ့ခေတ်မှာ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

 

 

 

မေး။   ။ပြိုင်ပွဲမှာ ဆုရရှိတယ်လို့  ကြေညာတော့ ရင်ထဲမှာ ဘယ်လိုဖြစ်သွားပါသလဲ၊ နောက်ပြီး ပြိုင်ပွဲမှာ အမှတ်တရတွေ ရှိရင်လည်း သိချင်ပါတယ်။

 

မောင်မင်းခန့်လင်း။        ။ ဆုတွေကို မကြေညာခင်မှာ ပျော်စရာကောင်းအောင်  ဆုအသေးလေးတွေ အရင် စပြီး ကြေညာပါတယ်။  မြန်မာတော့ မပါသေးဘူးပေါ့။  ကျွန်တော်တို့ ရင်တော့ခုန်နေပါတယ်။ သူတို့က တတိယဆုကို အရင်စပြီးကြေညာပါတယ်။ မလေးရှားပေါ့၊ အိမ်ရှင်နိုင်ငံက ရသွားပါတယ်။  ကျွန်တော်တို့ ဒုတိယလေးများ ရမလားဆိုပြီး ရင်တော့ခုန်နေပါတယ်။ အဲဒီအချိန်မှာ ဆုမကြေညာခင်မှာ ခန့်မှန်းလို့ရအောင် သဲလွန်စလေးတွေ ပေးပါတယ်။  အဲဒီအဖွဲ့ နိုင်သွားတယ်ဆိုပြီး အိမ်ပုံစံလေးကို သဲလွန်စပေးပါတယ်။  အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်ထားတဲ့ ပရောဂျက်ဆိုပြီး သိတော့နေပြီပေါ့။  ဆုကြေညာတဲ့အချိန်မှာ တော်တော်ကို ဝမ်းသာပါတယ်။   မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နည်းပညာနဲ့ သွားပြိုင်တယ်ဆိုတော့ ကျွန်တော်တို့ မှန်းတော့ မထားပါဘူး။  အကောင်းဆုံးတော့ပြင်ဆင်သွားတယ်။  ဒါပေမယ့် မြန်မာနိုင်ငံက နည်းပညာပိုင်းမှာ မဖွံ့ဖြိုးသေးတဲ့အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နောက်ကျမှာကို စိုးရိမ်မိပါတယ်။  ဒါပေမယ့် အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး အခုလို ဒုတိယဆု ရခဲ့တဲ့အတွက် အတော့်ကို ပျော်ရွှင်မိပါတယ်။

 

မေး။   ။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ထပ်ဖြည့်ပြောစရာရှိရင်လည်း ဖြည့်စွက်ပြောကြားပေးပါအုံး။ ကျေးဇူးတင်ထိုက် သူတွေရှိရင်လည်း ပြောပြပေးပါ။

 

မောင်မင်းခန့်လင်း ။        ။ ဒီနှစ်မှာ ကျွန်တော့်တို့ နိုင်ငံက ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တယ်၊ ဆုလည်းရခဲ့တယ်။ အာဆီယံအဆင့်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက အဆင့်တစ်ခုရှိတယ်။ အခြားနိုင်ငံတွေကို ယှဉ်နိုင်တယ်ဆိုတော့ ဂုဏ်ယူလို့ရပါတယ်။  နောက်ပြိုင်ပွဲတွေမှာလည်း အခုလို ဂုဏ်ယူခွင့်ရအောင် ဝင်ပြီး ပြိုင်စေချင်တယ်။  အဲဒီလို ပြိုင်ဖို့ နိုင်ငံအနေနဲ့ရော ကျောင်းတွေကပါ ကူညီပံ့ပိုးပေးနိုင်ဖို့ တိုက်တွန်းချင်ပါတယ်၊

 

မောင်ပြည့်ဖြိုးပိုင် ။         ။ ကျွန်တော်တို့ အခုလို ပရောဂျက်တွေ လုပ်ဖို့ဆိုတာ ငွေကုန်ကြေးကျ အတော်များပါတယ်။  တစ်ဖွဲ့မှာ ခြောက်ယောက်ရှိတယ်ဆိုရင် တစ်ယောက်ကို တစ်သောင်းထည့်ပြီး လိုအပ်တဲ့ပစ္စည်း လေးတွေ ဝယ်ရပါတယ်။  ဒါပေမယ့် အခုလို ပြိုင်ပွဲကြီးတွေအတွက်ဆိုရင် ကောင်းတဲ့ပစ္စည်းတွေကို သုံးမှ ရမှာပေါ့။  သေးသေးလေးလည်း မဖြစ်ဘူး။  အဲဒီအခါ သုံးရမယ့် ကုန်ကျစရိတ်က အတော်များပါတယ်။  အဲဒါမျိုးတွေကို နိုင်ငံတော်က ၊ ကျောင်းက ထောက်ပံ့ပေးနိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။  အခုဒီပြိုင်ပွဲမှာ ကျွန်တော်တို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့နဲ့ အသုံးစရိတ်တွေကို  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကူညီတာ ဖြစ်ပါတယ်။

 

နိုင်ငံတော်အနေနဲ့ လုပ်မယ်ဆိုရင် ဒီထက်ပိုကြီးတာ ရနိုင်ပါတယ်။  ကျွန်တော်တို့ ကျောင်းသားဘဝမှာ အမြဲတမ်းကြားနေရတာတစ်ခုက အချို့ကျောင်းတွေဆိုရင် Lab ခန်းဆို ပေးမဝင်ဘူး။  ပစ္စည်းတွေက တန်ဖိုးကြီးတော့ နှမြောတာတွေလည်း ရှိနိုင်တာပေါ့။  မသုံးရဘူးဆိုပြီးတော့လည်း ရှိပါတယ်။  အဲဒါမျိုးတွေကို နည်းနည်းတော့ လျော့စေချင်တယ်။  ဘာဖြစ်လို့လဲဆိုတော့ လုပ်မှကိုင်မှ တတ်မှာပါ။  ကျွန်တော်တို့ ကျောင်းမှာကတော့ K Lab လာဖွင့်ထားတော့ အဲဒီမှာ စိတ်ကြိုက် သုံးခွင့်ပေးတယ်။  ပျက်ရင်လည်း ဘာမှ မဖြစ်ဘူး ။  အဲဒီလိုရှိတော့ ကျွန်တော်တို့က လုပ်တတ်၊ ကိုင်တတ်လာတာပေါ့။  ကျွမ်းကျင်လာတယ်။  အဲဒီလို ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ နိုင်ငံခြားမှာသွားပြိုင်တော့ ပိုပြီး အဆင်ပြေတာဖြစ်ပါတယ်။

 

မောင်မင်းခန့်လင်း ။        ။ ကျွန်တော်တို့ကို ကျောင်းမှာ Open Campus   ပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေချင်တယ်။ ပရောဂျက်တွေ လုပ်စေချင်လို့ ဖိအားတွေပေးတဲ့ ကျွန်တော်တို့ ဆရာမ ဒေါ်ခင်ထားနွယ်ကိုလည်း ကျေးဇူးတင် ပါတယ်။  အဲဒီအတွက် ကျွန်တော်တို့လည်း ဝင်ပြိုင်ဖြစ်တယ်၊ အတွေ့အကြုံတွေ ရခဲ့တယ်။  ကျောင်းမှာလည်း အခြားနိုင်ငံတွေက ပညာရှင်တွေ ဖိတ်ခေါ်ပြီး Seminar တွေ အများကြီးလုပ်ပေးတဲ့ ပြိုင်ပွဲတွေ ဖိတ်ခေါ်ပေးတဲ့ ကျွန်တော်တို့ ပါမောက္ခချုပ်  ဒေါ်စောစန္ဒာအေး ကိုလည်း ကျေးဇူးတင်ပါတယ်။  ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီ ပေးခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။  ကျွန်တော်တို့ အခုလုပ်တဲ့ ပရောဂျက်အစအဆုံး လိုအပ်တဲ့ပစ္စည်တွေကို K Lab က ပေးတာဖြစ်ပါတယ်။ ဒါကြောင့် K Lab ကိုလည်း ကျေးဇူးတင်ပါတယ်။