နေပြည်တော် မတ် ၃

အရင်း၊ အတိုး ပေးဆပ်ရန်ပျက်ကွက်သော ချေးငွေ (Non-Performing Loans) ဖြေရှင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ Training Centre ၌ ကိုဗစ် - ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ်များ၊ ငွေရေးကြေးရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။ 

အဆိုပါ Workshop တွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံတကာ၌ Non-Performing Loans (NPLs) အဓိပ္ပါယ် သတ်မှတ်ချက်နှင့် NPLs ဖြေရှင်းဆောင်ရွက်သည့် ဗဟိုဘဏ်များ၏ မူဝါဒဆိုင်ရာ နည်းလမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ၏ NPLs ပြောင်းလဲမှုနှင့် ယင်းချေးငွေများကို ပုဂ္ဂလိကဘဏ်များက ဖြေရှင်းရမည့် နည်းလမ်းများနှင့် Restructuring နှင့် Rescheduling ဆောင်ရွက်လျက်ရှိရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။ 

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တာဝန်ရှိသူများက NPL ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပြီးဖြစ်သည့် အကြံပြုချက်များ နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများက ဌာနအလိုက်၊ ဘဏ်အလိုက် NPL ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ဆွေးနွေး အကြံပြုကြသည်။ ယင်းနောက် မြန်မာချေးငွေ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau) ဥက္ကဋ္ဌက ဘဏ်များ၏ ချေးငွေသတင်းအချက်အလက် ပေးပို့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဥက္ကဋ္ဌက ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စေရန်နှင့် ပုဂ္ဂလိက ဘဏ်များ၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်