အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်

ကမမောင်း  ၇  မေ

 

ကရင်ပြည်နယ် ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက် ဇီဇဝါလမ်းနေ ဦးဘရွှေက ၎င်း၏ နေအိမ်သို့ သားဖြစ်သူ ဇင်မင်းထိုက် (ခ)တာတီးဖိုးမှာ မူးယစ်ရမ်းကားနေကြောင်း မေ ၅ ရက် ည ၉ နာရီခွဲခန့်တွင် တိုင်ကြားသဖြင့် စခန်းမှူး ရဲအုပ်ထွန်းထွန်းလင်း ဦးစီးသောတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းခဲ့ရာ မူးယစ်ရမ်းကားနေသော ဇင်မင်းထိုက်(ခ) တာတီးဖိုး(၄၀နှစ်)က ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူကြီးများအား ပြန်လည်ခုခံပြီး ၉၁ အမျိုးအစား ဖျူ့စ်ပါ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာပေါက်ကွဲမှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်များက လုံးထွေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မပေါက်ကွဲသောလက်ပစ်ဗုံးကို နယ်မြေခံတပ်မှ တာဝန်ရှိသူများမှ အခင်းဖြစ်သောနေရာကို အတားအဆီးများ ပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၆ နာရီ်တွင် လာရောက်ရှင်းလင်း ပေးခဲ့သည်။

 

အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သော ဇင်မင်းထိုက် (ခ)တာတီးဖိုး (၄၀နှစ်)ကို နယ်မြေခံစခန်းမှူး ရဲအုပ် ထွန်းထွန်းလင်းက တရားလိုပြုလုပ်၍ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လင်းသန့်(ပြန်/ဆက်)