အရိုင်းစံပယ်

အောင်လင်း

၁၆-၁-၂၀၂၃ ရက်မှအဆက်

မွန်က ဦးကျော်ဒင်အား ဆေးထိုးရန်ပြင်လိုက်မှ ဦးကျော်ဒင်သည် မျက်လုံးကို အသာဖွင့်လိုက်သည်။

“သမီးရဲ့ဆေးပညာစွမ်းနဲ့ ဖေဖေ့အသက်ကို မကယ်နိုင်တော့ပါဘူးကွယ်...”

မွန်သည် သူ့နှုတ်ခမ်းကိုကိုက်၍ထားရင်း စိတ်ကိုတင်းထားရသည်။

ဦးကျော်ဒင်၏အခြေအနေကား စော‌စောကနှင့် မတူတော့ချေ။ စကားများပင် လေး၍လာသည်။

“ဒီဆေးက ဒက်ဒီ့အတွက် သက်သာပါတယ် ဒက်ဒီ။ မနာပါဘူး”

မွန်က ပြောပြောဆိုဆို ဆေးတစ်လုံးထိုး၍ပေးလိုက်သည်။ ဦးကျော်ဒင်က မသိမသာ ပြုံးလိုက်သည်။

ဦးကျော်ဒင်၏ အက်ကွဲသောအပြုံးသည် ‘မ’ ရင်ကို သိမ့်သိမ့်တုန်စေတော့သည်။ ဦးကျော်ဒင် ပြုံးလိုက်သောအပြုံးကား ...

“မင်းတို့ဘယ်လိုပြောပြော ငါ့အကြောင်း ငါသိပါတယ်ကွာ” ဟု စိတ်ထဲမှ ကျိတ်၍ပြောလိုက်သော အပြုံးမျိုးဖြစ်သည်။

ဦးကျော်ဒင်သည် လေသံသဲ့သဲ့ဖြင့် စကားကို တစ်လုံးချင်းပြောလိုက်ပြီးလျှင် မျက်လုံးကို ပြန်၍ မှိတ်ထားလိုက်တော့သည်။ စကားများကား မပီသတော့ချေ။ စဉ်းစား၍သာ အဓိပ္ပာယ်ကောက်ရတော့သည်။

‘မ’ သည် ဦးကျော်ဒင်ခေါင်းရင်းမှ ပုဆစ်ဒူးတုပ်ထိုင်ရင်း ဆီမန်းမန်းသလို ရွတ်နေတော့သည်။

ခဏကြာလျှင် မွန်၏ဆရာဆိုသော ဒေါက်တာဝင်၍လာသည်။ ဒေါက်တာနှင့်မွန်တို့ ကပ်၍ တိုးတိုး ပြောကြသည်။ ဒေါက်တာက ဦးကျော်ဒင်ကို အနည်းငယ် စမ်းသပ်၍ကြည့်လိုက်သည်။

စမ်းသပ်ပြီးလျှင် မွန်နှင့် တိုးတိုးပြောကြပြန်သည်။ အတန်ကြာလျှင် မွန့်ကိုနှုတ်ဆက်၍ ဒေါက်တာပြန်သွားတော့သည်။

‘မ’ က မွန့်မျက်နှာကို အားကိုးတကြီးဖြင့် လှမ်း၍ကြည့်လိုက်မိသည်။မွန်၏မျက်နှာကား သွေးမရှိတော့ချေ။

မွန့်မျက်နှာကိုမြင်လိုက်မှ ‘မ’ မှာ တအားလျှော့မိသည်။ မွန်သည် ဦးကျော်ဒင်၏ လက်တစ်ဖက်ကို တစ်ချက်တစ်ချက် သွေးစမ်းကြည့်ရင်း အပေါ်သို့ သာ စိုက်ကြည့်နေသည်။

ထိုအတွင်း မော်၏ရှိုက်သံ မပွင့်တပွင့်ကို ကြားရသည်။ ဒေါ်ခင်မျိုးသန့်က မော့်ကို လှမ်း၍တားလိုက်သည်။ မော်က သူ့ပါးစပ်ကို လက်ကိုင်ပဝါဖြင့် ပိတ်လိုက်သည်။

သို့ပိတ်ထားသော်လည်း ရှိုက်သံများက တစ်ချက်တစ်ချက် ဆောင့်၍ထွက်လာသည်။

မွန်သည် ခုတင်ဘေးမှ ထ၍သွားလိုက်ပြီးလျှင် ပြတင်းပေါက်နားသို့ ခဏမျှရပ်၍ သူ့မျက်နှာကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်၏။ ပြီးမှ ပြန်လာသည်။

မွန့်မျက်နှာတစ်ခုလုံးကား နီ၍နေတော့သည်။ မွန်သည် ဦးကျော်ဒင်၏လက်ကို အသာဆွဲ၍ စမ်းလိုက်သည်။ သည်တစ်ကြိမ်တွင် အတန်ကြာအောင်ပင် စမ်း၍နေလိုက်သည်။

သို့စမ်းနေရင်းမှ မွန်သည် ဦးကျော်ဒင်၏ ခုတင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ ပြီးမှ ဦးကျော်ဒင်၏ လက်တစ်ဖက်ကိုကိုယ်ပေါ်သို့ အသာတင်လိုက်သည်။

နောက်တစ်ဖက်ကိုလည်း အသာဆွဲတင်လိုက်ပြီးလျှင် လက်ချင်းယှက်၍ ထားလိုက်တော့သည်။ နောက်ဆုံး၌ မွန်သည် ဦးကျော်ဒင်၏ကိုယ်ပေါ်တွင် မှောက်၍ ငိုလိုက်တော့သည်။

မော်သည် နေရာမှထ၍ ဦးကျော်ဒင်၏ခုတင် ခြေရင်းတွင် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုလိုက်သည်။

ဒေါ်ခင်မျိုးသန့်၏ အော်ဟစ်ငိုလိုက်သောအသံသည် အားလုံးကို လွှမ်းသွားတော့သည်။

‘မ’ သည် မျက်စိရှေ့တွင်မြင်ရသောအရာများ အားလုံးကို အိပ်မက်မက်သလို ကြောင်၍ကြည့်နေ ရာမှ သတိလည်လာသည်နှင့်တစ်ပြိုင်နက် ကိုဘခက်၏ရင်တွင်းသို့ မျက်နှာအပ်ကာ မဆုံးနိုင်သော ငိုခြင်းဖြင့် ငိုလိုက်မိတော့သည်။

‘မ’ အတွက်ကား ပြန်၍ပေါ်လာနိုင်မည်မဟုတ်တော့၊ မဟာရွှေမြင်းမိုရ်တောင်ကြီး ပြိုကွဲသွားခြင်းပင် မဟုတ်လော။

ကိုဘခက်တို့ကားကလေးသည် ‘မ’ တို့အိမ်ရှေ့ ဆင်ဝင်အောက်သို့ ထိုးဆိုက်လိုက်သည်။ ‘မ’ သည် ဧည့်ခန်းမှ အပြေးထွက်လာပြီးလျှင် သံတံခါးကို ဖွင့်ပေးလိုက်သည်။

ကားတွင်းမှ ကိုဘခက်နှင့်အတူ အသက်ငါး ဆယ်ခန့် တည်ကြည်ခံ့ညားသော လူကြီးတစ် ယောက်ကိုလည်း တွေ့ရသည်။

‘မ’ က ကိုဘခက်ကို ခရီးဦးကြိုပြုရင်း ဧည့်ခန်းတွင်းသို့ ဝင်ခဲ့သည်။

ဧည့်ခန်းတွင်း၌ကား လူစုံရှိနေကြသည်။ ဒေါ်ခင်မျိုးသန့်၊ ဗစ်တာ၊ မော်တို့ အားလုံးက ကိုဘခက်ကို တအံ့တသြ ကြည့်နေကြသည်။ ကိုဘခက်ကလည်း ဧည့်ခန်းတွင်းမှ လူအားလုံးကို တစ်ယောက်စီ မသိမသာ အကဲခတ်ကြည့်လိုက်သည်။

အားလုံးမျက်နှာများမှာ အရင်ကလိုမဟုတ်တော့ချေ။ မာန်မာနလျော့ကျနေပြီဟု ထင်ရသည်။

နောင်တတရားရနေသည်ဟု ထင်ရသည်။ လွန်ပြီးသောအမှားကို နောက်ထား၍ အမှန်ကို မျှော်ကြည့်နေသလို ထင်ရသည်။

မော်၏မျက်နှာပင်လျှင် သိသိသာသာ ပြောင်းလဲ၍နေတော့သည်။ အပူခံပန်းကလေးလို နွမ်း၍နေသည်။

ကိုဘခက်က အားလုံးနှင့် တစ်ယောက်ချင်း မိတ်ဆက်၍ပေးလိုက်သည်။

“ဖေဖေ...ဟောဒါက ‘မ’ ရဲ့မေမေ ဒေါ်ခင်မျိုးသန့်၊ ဟောဒါက ‘မ’ ရဲ့အစ်မအကြီးဆုံး မွန်၊ သူက ဒေါက်တာ။ သူကတော့ မွန့်ရဲ့ခင်ပွန်း အင်ဂျင်နီယာကြီးပေါ့။ သူက အငယ်ဆုံး မော်ဆိုတာ။ ဥပစာတန်းမှာပဲ” 

ကိုဘခက်သည် ‘မ’ တို့တစ်အိမ်သားလုံးနှင့် မိတ်ဆက်၍ပေးလိုက်သောအခါ အားလုံးကပင် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြသည်။

ပြီးမှ သူ့ဖခင်နှင့် အားလုံးကို ပြန်၍မိတ်ဆက် ပေးလိုက်လေသည်။
 
“ဒေါ်ဒေါ်... မိုးကုတ်က ကျွန်တော့်ဖခင် ဦးစိန်ခက် ဆိုတာပါပဲ။ ကျွန်တော်နဲ့ ‘မ’ ကို မိုးကုတ်အလည် ခေါ်ရအောင် လိုက်လာတာပါခင်ဗျာ”

ဗစ်တာသည် ဦးစိန်ခက်ကို အကဲခတ်သလိုကြည့် လိုက်ရင်း မွန့်ကို ခပ်တိုးတိုး လှမ်း၍ပြောလိုက်သည်။

သည်တော့မှလည်း မွန့်မှာ မျက်လုံးကလေး ကြောင်တောင်တောင်ဖြင့် ဦးစိန်ခက်ကို ငေး၍ ကြည့်နေမိသည်။

သို့ကြည့်နေရင်းမှ အိမ်ရှေ့တွင်ဆိုက်ထားသော ကားကိုလှမ်း၍ ခိုးကြည့်လိုက်မိသည်။

ဒေါ်ခင်မျိုးသန့်၏မျက်နှာကား ပျားရည်ထက်ပင်ချိုမည်ဟု ထင်ရသည်။

“ကြားဖူးပါတယ်ရှင်၊ ထိုင်ပါ...ထိုင်ပါ၊ ရောက်တာ ကြာပြီလား” 

“ငါးရက်လောက်ပဲ ရှိပါသေးတယ်ခင်ဗျာ၊ သူတို့ကို ခေါ်ဖို့ဟာ ဝမ်းနည်းဖို့အကြောင်းနဲ့ လာဆုံနေ တော့ စောင့်နေရတာပေါ့”

ဒေါ်ခင်မျိုးသန့်သည် ကိုဘခက်ကို ရင်းရင်းနှီးနှီး ပြုံး၍ကြည့်လိုက်သည်။

“မောင်ဘခက်ကကွယ်...တခြားမှာ ဘာလို့ အတည်းခံရတာလဲ။ ဒီမှာပဲ တည်းရောပေါ့။ အားနာ စရာ ရှိတာမှမဟုတ်ဘဲဟာ”

“ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ဒီအချိန်မျိုးမှာ ဒီမှာတည်းဖို့ကလည်း အားနာစရာမို့ တခြားမှာပဲ လွတ်လွတ် လပ်လပ်တည်းပါတယ်ခင်ဗျာ။ ကဲ...‘မ’ ရေ သွားဖို့ ပြင်ပေတော့၊ ‘မ’ အဝတ်အစားတွေတော့ အားလုံးပါတယ်”

‘မ’သည် ဒေါ်ခင်မျိုးသန့်အနားသို့ ကိုယ်ကို ညွှတ်၍ လျှောက်သွားသည်။

ပြီးမှ ဒေါ်ခင်မျိုးသန့်ရှေ့တွင် ကျုံ့ကျုံ့ယုံ့ယုံ့ထိုင် လိုက်သည်။ 

ဒေါ်ခင်မျိုးသန့်က ‘မ’ကို ဆို့နစ်သော မျက်လုံးများဖြင့် တွေတွေကြီး စိုက်ကြည့်နေတော့သည်။

“သမီးပြန်လာမယ့်ရက်ကျတော့ သံကြိုးရိုက်လိုက်နော်။ မေမေတို့ သမီးအတွက် အိမ်ကြီးကို အားလုံးပြင်ဆင်ထားမယ်”

ဒေါ်ခင်မျိုးသန့်၏လေသံကား အားနည်းလှသည်။ ကြေကွဲသံလည်း အပြည့်ပါသည်။

‘မ’ သည် နားထောင်ရင်း စိတ်ကို မထိန်းနိုင်ရှာတော့ချေ။ ပါးပြင်ပေါ်တွင် မျက်ရည်ကြောင်းများက တစ်ကြောင်းပြီးတစ်ကြောင်း ထပ်၍ စီးကျလာတော့သည်။

“သမီးပြောပါရစေ မေမေ၊ ဆပ်မကုန်အောင် ကြီးမားလှတဲ့ မိဘတွေဆီက သမီးပစ္စည်းတို့ ငွေတို့ ဆိုတဲ့ အမွေမျိုးကို မလိုလားပါဘူးမေမေ။ ဒီလိုအမွေမျိုးထက် တန်ဖိုးမဖြတ်နိုင်တဲ့မေတ္တာပဲ ခံယူပါရစေ။ ဒီပစ္စည်းတွေရလို့လည်း မိဘရဲ့မေတ္တာနဲ့ ကင်းဝေးရင် သမီးဘဝဟာ မလန်းဆန်းနိုင်ပါဘူး။ မိဘရဲ့မေတ္တာ ကိုသာခံယူရရင် ဒီပစ္စည်းတွေမရလည်း သမီးဘဝဟာ မညှိုးငယ်ပါဘူးမေမေ။ သမီးမှာ အပြစ်ရှိခဲ့ရင် သမီးရဲ့အပြစ်ဟာ မလိမ္မာလို့ တစ်ခါမိုက်မှားတဲ့ အပြစ်ပါလားဆိုတဲ့အနေနဲ့ ခွင့်လွှတ်ပြီး သမီးအပေါ် မှာ အရင်လိုပဲ မေတ္တာထားမယ်ဆိုရင် သမီး ဝမ်းသာလှပါပြီမေမေ။ သမီးကိုခွင့်လွှတ်ပါနော်”

‘မ’က ရှိုက်သံကလေးဖြင့် တစ်ခွန်းချင်း တောင်းပန်လိုက်ရင်း နဖူးနှင့် ဒေါ်ခင်မျိုးသန့်၏ ခြေအစုံကိုထိအောင် ကန်တော့လိုက်လေသည်။

‘မ’ ၏မျက်ရည်များသည် ဒေါ်ခင်မျိုးသန့်ခြေဖမိုးပေါ်မှ ကြမ်းပြင်ပေါ်သို့ တလိမ့်လိမ့် စီးဆင်း၍သွားတော့သည်။

သည်တော့မှလည်း ဒေါ်ခင်မျိုးသန့်က ‘မ’ ကို ကလေးတစ်ယောက်လို ပွေ့ထူ၍ တအားဖက်ထား လိုက်မိတော့သည်။

‘မ’ ကလည်း ဒေါ်ခင်မျိုးသန့်ကို ပြန်၍ဖက်ထားရင်း ပါးချင်းကပ်ထားလိုက်သည်။

မျက်ရည်များသည် နှစ်ဦးစလုံးပါးပြင်ကို အလူးလူးအလိမ်းလိမ်း ပျံ့၍သွားတော့သည်။

“သမီးအပြစ်ချည်း မဟုတ်ပါဘူး သမီးရယ်။ မေမေတို့အပြစ်လည်း ပါပါတယ်”
ဆက်လက်ဖော်ပြပါမည်။