အရိုင်းစံပယ်

 

အင်းလျားလမ်းရှိ အမှတ် (...) ကျွန်ုပ် အိမ်နှင့်မြေ ကို ကျွန်ုပ်၏သမီးအငယ် မော်အားပေးရန်လည်းကောင်း၊ ဘဏ်တွင်ရှိ ကျွန်ုပ်ပိုင် ငွေရှစ်သောင်းငါး ထောင်ကို အောက်ပါအတိုင်း ခွဲဝေပေးရန်။

 

သမီးအလတ် ‘မ’ အား  နှစ်သောင်းငါးထောင် ပေးရန်၊ သမီးအငယ် မော်အား နှစ်သောင်းငါးထောင်၊ ဇနီး ဒေါ်ခင်မျိုးသန့်အား သောင်းငါးထောင်၊ သမီး အကြီး မွန်အား နှစ်သောင်းပေးအပ်ရန်။ ကျွန်ုပ်ပိုင် ဘောက်ထော်က အမှတ် (...) ကို ကျွန်ုပ်၏ဇနီး ဒေါ်ခင်မျိုးသန့်အားလည်းကောင်း ပေးအပ်ရန်။

 

“တော်ပြီ တော်ပြီ ဒါပဲ။ ဒီစာတမ်းကို အများက ကျေနပ်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်”

 

ဦးကျော်ဒင် စကားမဆုံးခင် ဒေါ်ခင်မျိုးသန့်က ဝင်၍ဖြတ်လိုက်သည်။  “ရှင် ကောင်းတယ်ထင်သလို  လုပ်ပါ။ ဒါပေမဲ့ ကျုပ် အားလုံးရှေ့မှာ တစ်ခုတော့ပြောချင်တယ်”

 

ဦးကျော်ဒင်က သူ့လက်တစ်ဖက်ကို အားယူ၍ မြှောက်လိုက်ရင်း ဒေါ်ခင်မျိုးသန့်ကို လှမ်း၍တား လိုက်သည်။ “ငါ့မှာ စကားပြောချိန် နာရီပိုင်းလောက်ပဲရှိမယ်။ များများလည်း မပြောနိုင်ဘူး။ ဒီအိမ်ကြီးမှာ မင်းခြယ်လှယ်ချင်သလို ခြယ်လှယ်ခဲ့ပြီးပြီ။ မဖြစ်တန်တာတွေလည်း ဖြစ်ခဲ့ပြီးပြီ။ ငါရှိစဉ်မှာတော့ အကြောင်းမဟုတ်ဘူး။ ငါမရှိခဲ့ရင် ဒီထက် ဒုက္ခ ရောက်ကုန်မှာစိုးရတယ်။ ဒီတော့ အားလုံးအတွက် အသင့်မြတ်ဆုံးနဲ့ တရားနည်းလမ်း အကျဆုံး စဉ်းစားပြီးမှလုပ်တာ။ မင်းအတွက် ကားတစ်စီးနဲ့ ဖဲရိုက်စရာငွေရှိရင် တော်ပြီပေါ့။ မွန့်အတွက်တော့ ငါ့သမီးမှာ အိမ်ရှိပြီ။ ကိုယ့်ဆေးတိုက်နဲ့ ကိုယ်ထောင်ချင်ရင် ဒီနှစ်သောင်းဆိုတာ လုံလောက် ပါတယ်။ ကံဆိုးတဲ့ ငါ့သမီးနှစ်ယောက်ကို ဖေဖေ ပိုပေးတာ တရားပါတယ်ကွယ်။ မင်းတို့ ကျေနပ်ကြမှာပါ”

 

ဦးကျော်ဒင်သည် ပြောရင်း မောဟန်ဖြင့် အသာ ရပ်၍ထားလိုက်သည်။ ပြီးမှ မှိန်း၍နေလိုက်ပြန် သည်။

သည်တော့လည်း တစ်ခန်းလုံး ငြိမ်၍သွားတော့သည်။ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။ ကိုဘခက်ကမူ ‘မ’ ကို အကဲခတ်ရင်း တစ်ချက်လှမ်း ကြည့်လိုက်သည်။ ကိုဘခက်ကြည့်လိုက်သော အဓိပ္ပာယ်ကိုလည်း ‘မ’ က နားလည်ပြီး ဖြစ်သည်။

 

“သမီး ဒီအိမ်ကြီးကို မယူပါရစေနဲ့။ မေမေ့ကိုပဲ ပေးပါ ဖေဖေ။ ငွေလည်း ဖေဖေ ပေးတဲ့အတိုင်း...”

 

‘မ’ စကားကို ဒေါ်ခင်မျိုးသန့်က ကြားဝင်၍ ဖြတ်လိုက်သည်။

 

“အံမယ် ... အလွမ်းသယ်မနေစမ်းပါနဲ့။ ညည်း ဒီလိုပလီပလာတွေ များလွန်းလို့လည်း ညည်းအဖေ က ညည်းကို ပိုပြီးရက်ရောနေတာပေါ့”

 

‘မ’ သည် ပြောမည့်စကားကို ရှေ့မဆက်နိုင်ဘဲ ဒေါ်ခင်မျိုးသန့်ကိုသာ ငေးကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။ စေတနာကို ဝေဒနာဖြစ် သည့်အတွက် ဝမ်းနည်းမိလေသည်။

 

“ကိုယ်မွေးထုတ်တဲ့သမီးအကြောင်းကို နားလည်ဖို့ ကောင်းပါတယ် မေမေ၊ သမီး ဒါတွေသာမက်မောရင် ခုလိုမနေပါဘူး”

 

ဒေါ်ခင်မျိုးသန့်သည် တစ်ချက်မျှ မဲ့မဲ့ရွဲ့ရွဲ့ကြည့် လိုက်ပြီးလျှင် မွန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မွန်က ဒေါ်ခင်မျိုးသန့်ကို ပြန်၍ကြည့်လိုက်ပြီးလျှင် တမင်တကာပင် အရေးမစိုက်ဟန်လုပ်၍ ခပ်ငေါ့ငေါ့ ပြောလိုက်သည်။

 

“တွက်ကတ်ရာကျပါတယ် မာမီ၊ ပြောမနေပါနဲ့။ ဒီလောက်ပစ္စည်းနဲ့ ငွေလောက်ကို မာမီ့အတွက် အရေးလုပ်စရာမလိုပါဘူး။ သူတို့ ခုလိုအခြေအနေလေး ရှိသွားတာပဲ ဝမ်းသာရမှာပဲ။ နို့မို့ရင် သူတို့ အတွက် ကိုယ်ကဝင်ပြီး ရှက်နေရမှာ”

 

မွန်၏ တင်စီးလှသောစကားကို နားထောင်ရင်း ‘မ’ သာမက ကိုဘခက်ပါ မခံမရပ်နိုင်အောင် ရှိတော့သည်။

 

ထို့ကြောင့်လည်း ကိုဘခက်သည် မွန့်ကို ခပ်တင်း တင်းစိုက်၍ ကြည့်လိုက်သည်။ သို့ကြည့်လိုက်သည့်တိုင်အောင် မွန်ကမူ ကိုဘခက်ကို အလျဉ်းဂရုစိုက်ဟန် မရှိချေ။ ကိုဘခက်သည် မွန့်ကို ကြည့်နေရာမှ ဦးကျော်ဒင် ဘက်သို့ မျက်နှာလွှဲလိုက်သည်။ ဦးကျော်ဒင်သည် မျက်လုံးကို မှေးထားရာမှ တဖြည်းဖြည်း ဖွင့်လိုက်သည်။ ယခုလို တစ်ဖက်စီးနင်းနိုင်လှသော စကားများကို ကြားရပြန်တော့လည်း ကိုဘခက်စိတ်ထဲ၌ အမောက် ထောင်ပြလိုက်ချင်သည်။

 

ဦးကို ကျွန်တော် တစ်ခုတောင်းပန်ပါရစေ၊ ‘မ’ အတွက်ရော ကျွန်တော်တို့နှစ်ယောက်အတွက်ပါ ဦးပေးတဲ့ အခွင့်အရေးဟာဖြင့် နတ်သိကြားမလို့ရတဲ့ အခွင့်အရေးလောက် ကျေးဇူးကြီးလှပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးဟာ ကျွန်တော်တို့နဲ့ မထိုက်တန်ပါဘူး။ ယူလည်း မယူလိုပါဘူး။ ဒီအခွင့်အရေး ကို မယူဘဲ အရာရာ မညှိုးငယ်အောင်ထားဖို့ ကျွန်တော် ကတိပြုပါတယ်။ ‘မ’ ကို မိဘလက်ထဲမှာ ထားတဲ့ အဆင့်အတန်းထက် မနိမ့်ကျအောင်ထားဖို့ ကျွန်တော် ကတိပြုပါတယ်”

 

ဒေါ်ခင်မျိုးသန့်နှင့် မွန်တို့သည် ကိုဘခက်စကား ကို နားထောင်ရင်း အချင်းချင်း လှမ်းကြည့်လိုက်သည်။ မော်က တစ်ချက်မျှ မဲ့လိုက်သည်။ ဦးကျော်ဒင်၏မျက်နှာကား ရုတ်ခြည်းပင် လန်းဆန်းလာသည်ဟု ထင်လိုက်ရသည်။

 

“မောင်ဘခက်ရဲ့စေတနာ ဦး သာဓုခေါ်ပါတယ်။ ဒါပေမဲ့ ဦးဆုံးဖြတ်ချက်ကိုတော့ မပြင်ဘူးမောင်ရယ်၊ ပြင်ဖို့လည်းအချိန်မရဘူး။ သမီးသုံးယောက်ရှိတဲ့အနက် အကြီးကို စိတ်ချရသလောက် အငယ်နှစ် ယောက်အတွက် စိတ်မအေးနိုင်ဘူး။ အငယ်မအမိုက်အတွက် သာပြီးစိုးရိမ်သေးတယ်။ ‘မ’ အတွက်တော့ လူအနေနဲ့စိတ်ချတယ်။ မောင်ဘခက်ရဲ့ စိတ်ဓာတ်ကိုလည်း ယုံကြည်တယ်။ ဒါပေမဲ့ သင်းတို့နှစ်ယောက် ပင်ပန်းမှာ၊ ဆင်းရဲမှာ စိုးရိမ်တယ်။ မော့်အတွက်တော့ နည်းနည်းမှ စိတ်မချရဘူး။ မင်းတို့ အကြီးနှစ်ယောက်က သူ့ဇွဲမျိုးကိုခံပြီး ဆုံးမပေးကြပါ။ ဒီကလေး နောက်တစ်ကြိမ်မမှားဖို့ဟာ မင်းတို့နှစ်ယောက်ရဲ့ တာဝန်ပဲ။ ပြီးတော့လည်း မင်းတို့သားအမိလေးယောက် စည်းစည်း လုံးလုံးနေတာ ငါကြည့်ချင်တယ်။ ငါသေမှ ငိုကြတာထက် မသေခင် ငါ့လိုလားမှု ဖြည့်စွမ်းတာက ငါ့အတွက် စိတ်ချမ်းသာတယ်။ ဒီလိုမှ မဟုတ်ရင် တော့ ငါဟာ မင်းတို့အတွက် သက္ကာယဒိဋ္ဌိမီးတောက် ပြီး အပါယ်လေးပါးကို ဆင်းရတော့မှာပဲ”

 

ဦးကျော်ဒင်၏စကားကို နားထောင်ရင်း ‘မ’ သည် ရင်ထဲ၌ အလိုလို ဆို့နင့်လာတော့သည်။ ‘မ’ ကို သာမက ဦးကျော်ဒင်၏စကားများသည် အားလုံး၏ စိတ်ကို လွှမ်းမိုးထိခိုက်စေသည်။ အမှန်၌ ဦးကျော်ဒင်၏ ဆန္ဒသည် ဒေါ်ခင်မျိုးသန့်နှင့် မွန်၊ မော်တို့အတွက် လိုက်လျောရန် လွယ်ကူ လှမည်မဟုတ်ချေ။

 

အထူးသဖြင့် သူတို့ကိုယ်တိုင် ရွံမုန်းသော ‘မ’ နှင့် ပြန်လည်သင့်မြတ် ချစ်ခင်ရမည်ဆိုသည်မှာ သူတို့အတွက် အစဉ်းစားရခက်သော အလုပ်တစ်ခု ဖြစ်စေလိမ့်မည်။

 

သို့သော် ဦးကျော်ဒင်၏ဆန္ဒသည် ဤတစ်ကြိမ် နောက်ဆုံးဖြစ်မည်ကို နားလည်ထားကာ မငြင်း ရဲအောင် ရှိတော့သည်။ ‘မ’ ကမူ ဖခင်ကြီး စိတ်ချမ်းသာမှုအတွက် ရှေ့ဆုံး မှ ကတိပေးလိုက်သည်။

 

“ဖေဖေ့ဆန္ဒအတိုင်း တစ်သဝေမတိမ်း လိုက်နာပါ့ မယ်။ ဖေဖေ သမီးအပေါ်မှာ အပြစ်ရှိတယ်ထင်ရင် လည်း သမီး မကျေကျေအောင် တောင်းပန်ပြီး သင့်မြတ်အောင် နေထိုင်ပါ့မယ်ဖေဖေ။ ဖေဖေကြီး ကိုလည်း သမီးမှာ အပြစ်ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ အကြိမ်ကြိမ် ရှိခိုးတောင်းပန်ပါတယ် ဖေဖေ”

 

‘မ’ သည် မျက်ရည်ပေါက်ပေါက် စီးကျလာသော်လည်း ငိုသံမပါအောင် ကြိုးစား၍ပြောလိုက်ရင်း ဦးကျော်ဒင်အား လက်အုပ်ချီ၍ ကန်တော့လိုက် သည်။

 

“သာဓု...သာဓု...သာဓု ငါ့သမီး ချမ်းသာကြီးပွား ပါစေ”

 

‘မ’ က ရှေ့မှ ကတိပေးလိုက်တော့လည်း အားလုံး မနေနိုင်ကြတော့ပေ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ခုတစ်ကြိမ်တွင် ဦးကျော်ဒင်၏ဆန္ဒကို လွန်ဆန် ရန်မသင့်ကြောင်း အားလုံးက နားလည် ထားကြသည်။

 

ထို့ကြောင့်လည်း ဒေါ်ခင်မျိုးသန့်ကအစ မော်အထိ သုံးယောက်စလုံးပင် ဦးကျော်ဒင်၏ လိုလားမှု အတိုင်း စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ် ရှိပါစေ မည်ဆိုသော ကတိပေးကြသည်။ သည်တော့မှလည်း ဦးကျော်ဒင်၏ မျက်နှာသည် အနည်းငယ် လန်း၍လာသည်။ ဦးကျော်ဒင်သည် ပြောချင်သောစကားကို ပြောပြီး၍ အားလျှော့လိုက်၍လားမသိ။ သို့မဟုတ် မော၍လာသောကြောင့်လား မသိ။ မျက်လုံးမှေး၍ မှိန်းနေတော့သည်။

 

ဦးကျော်ဒင်က မှိန်းနေဟန်ရှိသော်လည်း အားလုံး က သူ့အနားမှ မခွာနိုင်ကြချေ။ ဦးကျော်ဒင်၏ အရိပ် အခြည်ကိုသာ စိုးရိမ်တကြီး အကဲခတ်၍နေကြ သည်။ မွန်ကမူ လက်မှနာရီကိုသာ မကြာခဏကြည့်ရင်း ဆေးထိုးရမည့်အချိန်ကို သတိနှင့် စောင့်နေတတ်သည်။ အခန်းတွင်းရှိ လူအားလုံးကား မလှုပ်မယှက် ငြိမ်သက်လျက်ရှိတော့သည်။ တိတ်ဆိတ်နေသော အခန်း၌ကား တချက်ချက် မြည်နေသော နာရီစက်သံကလွဲ၍ ဘာသံမှမကြားရချေ။

 

မွန်က လက်မှနာရီကို ကြည့်လိုက်ပြီးလျှင် အပြင်သို့ ထွက်သွား၏။ ခဏကြာလျှင် ဆေးကို အသင့် ထည့်ထားသော ဆေးထိုးအပ်ကိုကိုင်၍ ဝင်လာသည်။

 

ဆက်လက်ဖော်ပြပါမည်။