အရိုင်းစံပယ်

အောင်လင်း

၁၁-၁-၂၀၂၃ ရက်မှအဆက်


‘မ’  အခန်းတွင်းသို့ဝင်၍   အဝတ်လဲ လိုက်သည်။ ကိုဘခက်က တိုင်တွင်ချိတ် ထားသောအင်္ကျီကို   ယူ၍ဝတ်လိုက်ပြီး လျှင် အပေါက်ဝမှ ‘မ’ ကို ရပ်၍ စောင့် နေသည်။
‘မ’ ထွက်လာသောအခါ   နှစ်ယောက် သား အိမ်ထဲမှ ခပ်သုတ်သုတ်ထွက်လာခဲ့ ကြသည်။
ကိုဘခက်က     လမ်းတွင်တွေ့သော ဆိုက်ကားတစ်စီးကိုငှား၍   အမြန်သာ နင်းခိုင်းရတော့သည်။
‘မ’ သည် ဘုရားကိုသာ အာရုံပြုရင်း တထိတ်ထိတ်နှင့် လိုက်ခဲ့ရသည်။ 
“ဘုရား  သိကြားမလို့  ဖေဖေကြီး ကျန်းမာချမ်းသာပါစေ” 
အိမ်နှင့် မလှမ်းမကမ်းတွင် ဆိုက်ကား ကို ထိုး၍ရပ်လိုက်လေသည်။ 
ကိုဘခက်က ဆိုက်ကားခပေးနေစဉ် ‘မ’ သည် အိမ်နောက်ဖေးဆီသို့ ခပ်သုတ် သုတ် လျှောက်ခဲ့သည်။
ကိုဘခက်သည် ဆိုက်ကားခကိုပေးပြီး လျှင် ‘မ’ ကို အမီလိုက်ခဲ့သည်။ 
အိမ်ကြီးအရိပ်အခြည်ကို ကြည့်လိုက် ရင်း ‘မ’ သည် နောက်ဖေးပေါက်မှ အိမ်ကြီးဆီသို့ လျှောက်ခဲ့ပြန်သည်။
နောက်ဖေးဆောင်တွင် အသင့်စောင့် နေသော မောင်အေးကိုတွေ့ရသည်။
မောင်အေးသည်  လေသံတိုးတိုးဖြင့် တံခါးဖွင့်ထားပြီးဖြစ်ကြောင်း    ပြော လိုက်သည်။
ကိုဘခက်က သူနေခဲ့သော အခန်း ပေါက်ကို အရင်ဖွင့်လိုက်ပြီး ‘မ’ ကို ရှေ့မှ ဝင်စေသည်။ ကိုဘခက်က နောက်မှဝင်၍ တံခါးကို ပိတ်သည်။ 
တံခါးပေါက်မှ ဧည့်ခန်းကို ကြည့်လိုက် ပြန်တော့လည်း   ဧည့်ခန်းတွင်  လူရိပ် လူခြည်မျှပင် မမြင်ရချေ။
‘မ’ က ကိုဘခက်၏ လက်တစ်ဖက်ကို ဆွဲ၍   ဧည့်ခန်းကို  အပြေးဖြတ်လိုက် သည်။
အပေါ်ထပ်      လှေကားရင်းဆီသို့ ရောက်သောအခါ ကိုဘခက်ရော ‘မ’ ပါ ခြေလှမ်းများ  တုံ့၍သွားတော့သည်။ အပေါ်ထပ်လှေကားကွေ့ချိုးမှ ကြည့်နေ သောမွန့်ကို  တန်းတန်းမတ်မတ်  သွား၍ တွေ့တော့သည်။
အစ၌ ‘မ’ သည် ခြေလှမ်းတုံ့၍သွား သော်လည်း သူ့စိတ်ကို ပြန်၍တင်းလိုက် ပြီးလျှင်  အပေါ်ထပ်သို့  ဣန္ဒြေမပျက် တစ်လှမ်းချင်း တက်ခဲ့သည်။ 
မွန်ရပ်နေသော အကွေ့သို့ရောက်သော အခါ ‘မ’ သည် မွန်နှင့် မျက်နှာချင်းဆိုင် ရပ်မိလျက်သား ရှိတော့သည်။
မွန်သည်  မမြင်လိုသူ  မတွေ့လိုသူ တစ်ယောက်အား  တွေ့မြင်နေရသလို ‘မ’ ကို စိမ်းစိမ်းကားကား စိုက်၍ကြည့်နေ သည်။   မွန်၏အကြည့်မှာ   မာကြော ခက်ထန်လှသည်။
‘မ’ သည် မွန့်ကိုရှောင်၍ အပေါ်ထပ် သို့တက်ရန် လှမ်းလိုက်သည်။ 
မွန်က ‘မ’ ရှေ့မှ ဆီးကာလိုက်သည်။
“ဒက်ဒီအတွက်   မျှော်လင့်ချက်မရှိ တော့ဘူး။ မင်းသွားလည်း ဘာမှအကျိုး ထူးမှာမဟုတ်ဘူး။   ဒက်ဒီကို   မင်း အနှောင့်အယှက်မပေးပါနဲ့” 
‘မ’ သည်   ဘာမျှပြန်မပြောနိုင်ဘဲ ကြောင်တောင်တောင်ငေး၍ ကြည့်နေ မိသည်။
ခံစားချက်နှစ်မျိုးကိုလည်း    ရင်နင့် အောင်  ရောထွေး၍  ခံစားလိုက်ရသည်။
မျှော်လင့်ချက်မရှိတော့သော ဖခင်၏ အဖြစ်ကို    သိလိုက်ရ၍   မဆုံးနိုင်သော ကြေကွဲခြင်းဖြင့် ကြေကွဲမိသည်။
သေအံ့ဆဲဆဲဖခင်ကိုပင်    တွေ့ခွင့် မပေးသောမွန့်ကိုလည်း  မခံရပ်နိုင်အောင် ဒေါသဖြစ်မိသည်။
“ဖေဖေကြီးကို စိတ်အနှောင့်အယှက် ပေးတာက မင်းတို့တစ်တွေလား၊ ငါလား ဆိုတာ မင်းစဉ်းစားပြီးပြောပါမွန်”
“ဘာမှစဉ်းစားစရာမလိုဘူး၊    မင်း ခုဆင်းသွားရင်   ကောင်းမယ်။  ဒီအိမ် ပေါ်မှာ  မင်းတို့နှစ်ယောက်ရဲ့မျက်နှာကို ကြည့်ချင်တဲ့သူ    တစ်ယောက်မှမရှိ ဘူးဆိုတာ နားလည်ထားပါ”
“အေး...မင်းတို့မကြည့်ချင်ဘူးဆိုတာ ကိုယ်နားလည်ပါတယ်   မွန်။   ဒါပေမဲ့ တစ်သက်မှာ   တစ်ခါပဲရနိုင်တဲ့အခွင့်မို့ ဖေဖေကြီးကိုတော့  ကိုယ်ကန်တော့ရ လိမ့်မယ်။  ကိုယ့်မှာ လွန်ကျူးသမျှအပြစ် ကို သေရာမှာပါမသွားအောင် ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်။ ဒါကို မင်းမတားပါနဲ့”
‘မ’ သည် ပြောပြောဆိုဆို မွန့်ကိုတွန်း ဖယ်၍ အပေါ်ထပ်သို့ တက်မည်ပြုလိုက် သည်။
မွန်က ‘မ’ ၏လက်မောင်းတစ်ဖက်ကို ဆွဲ၍ ပြန်ချလိုက်သည်။ ပြီးမှ မဲ့မဲ့ရွဲ့ရွဲ့ ပြုံးလိုက်ပြီး စကားနာထိုးလိုက်သည်။
“ဪ ... မင်းက ခုမှ လိမ္မာနေပြီကိုး။ ခုမှ မင်းအပြစ်ကို ခွင့်လွှတ်ဖို့ တောင်းပန် တဲ့သဘောက ဘာသဘောလဲ။ ဒက်ဒီဆီ က မင်းအတွက် ရဖို့အခွင့်အရေးများ မျှော်လင့်နေသလား”
ဒီမှာ မွန်၊ ကိုယ့်အကြောင်းကို မင်း အသိဆုံးပါ။ အမွေလိုချင်လို့လာတာ မဟုတ်ဘူး။ ဖေဖေကြီးကို တွေ့ချင်လို့ လာတာ။ လောကမှာ မင်းတို့လို ပစ္စည်းနဲ့ ငွေလောက်ပဲ မက်မောပြီး မေတ္တာတရား ခေါင်းပါးတဲ့ မိန်းမစားမျိုး မဟုတ်ဘူးဆို တာ မြဲမြဲမှတ်ထားပါ”
“အေး...လူလိုသူလိုနေချင်ရင် ဒါတွေ မက်ရတာပဲ။ မင်းလိုတော့ ပြာပုံကို မတိုး ဘူး။ မင်းပြောတဲ့အတိုင်း ဘာမှမလိုချင် ဘူးဆိုရင် တို့အိမ်ရိပ်ကို မနင်းလာပါနဲ့။ ဒက်ဒီ့ကိုလည်း မင်း တွေ့စရာမလိုဘူး။ ဒါဟာ ဒေါက်တာတစ်ယောက်အနေနဲ့ ငါပြောတာ။   ဒက်ဒီ့ရောဂါအခြေအနေ ဆိုးနေတဲ့အချိန်မှာ  လူမွေးလူတောင်မှ မပြောင်တဲ့  မင်းရုပ်ကို ဒက်ဒီနဲ့ အတွေ့ မခံနိုင်ဘူး။ ငွေလိုချင်ရင် မင်းအတွက် စဉ်းစားပြီးပေးလိုက်မယ်”
‘မ’ သည် မွန့်ကို မျက်တောင်မခတ် စိုက်၍ကြည့်နေရင်းမှ    မျက်ရည်များ တလိမ့်လိမ့်    စီးကျလာတော့သည်။ နှုတ်ခမ်းကလေးများမှာ   တဆတ်ဆတ် တုန်နေသည်။
“မင်း ဘယ်လိုတားပေမယ့် အလကား ပဲ မွန်။ ဘာပဲဖြစ်ဖြစ် မင်းတို့လို ကိုယ် လည်း သမီးတစ်ယောက်ပဲ။ တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ ဒီအခွင့်မျိုးကို အဆုံး မခံနိုင်ဘူး”
‘မ’ သည် ပြောပြောဆိုဆို မွန့်ကိုတွန်း ဖယ်၍   အပေါ်သို့  ပြေးတက်သွားတော့ သည်။
ကိုဘခက်က ‘မ’ နောက်မှ လိုက်၍ သွားသည်။
မွန်မှာ   လှေကားလက်ရန်းပေါ်တွင် ယိုင်လဲ၍     ကျန်ရစ်ခဲ့တော့သည်။ 
ဦးကျော်ဒင်အခန်းသို့     ဝင်မိလျှင် အားလုံးက ‘မ’ နှင့် ကိုဘခက်ကို လှမ်း၍ ကြည့်ကြသည်။
အားလုံး၏မျက်နှာများမှာ ‘မ’ ရောက် လာသည်ကို ကျေနပ်ပုံမရချေ။ 
‘မ’ နှင့် ကိုဘခက်ကို မြင်လျှင်မြင်ချင်း မျက်နှာထားများက    ပြောင်းသွားကြ သည်။
‘မ’ ကမူ သူတို့ကို ဂရုမစိုက်နိုင်။
ဦးကျော်ဒင်    ခုတင်ဘေးတွင်သာ ပုဆစ်ဒူးတုပ်ထိုင်၍     အကဲခတ်ရင်း ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။
“ဖေဖေကြီး ... ဖေဖေကြီး”
ဦးကျော်ဒင်သည် မျက်လွှာကို အနိုင် နိုင်ပင့်၍  တင်လိုက်ပြီးလျှင် ‘မ’ ကို ငဲ့၍ ကြည့်လိုက်သည်။
ငဲ့၍ကြည့်သည်ဆိုသော်လည်း ခေါင်း က ပေါ့ပေါ့ပါးပါးမလှည့်နိုင်တော့ချေ။
မျက်လုံးကလေးကိုသာ ထောင့်ကပ် ၍ကြည့်ရင်း    အက်ကွဲသောအပြုံးဖြင့် မပွင့်တပွင့် ပြုံးလိုက်သည်။
“မောင်ဘခက်ရော ရှိရဲ့လား”
ဦးကျော်ဒင်သည်     တစ်လုံးချင်း မေးလိုက်လျှင်ပင်     ကိုဘခက်သည် ဦးကျော်ဒင်၏  ခုတင်ခေါင်းရင်းတွင် ဒူးထောက်၍ ထိုင်လိုက်သည်။ 
“ကျွန်တော်    ရှိပါတယ်ဦး၊  ဦးနေမ ကောင်းဘူးဆိုတာ     ကြားကြားချင်းပဲ ကျွန်တော်လာတာ”
ဦးကျော်ဒင်၏     မျက်လုံးများသည် ကိုဘခက်နှင့်  ‘မ’ ဆီသို့သာ တလည် လည် ရှိနေတော့သည်။
ဦးကျော်ဒင်၏မျက်နှာတွင်    ကြေကွဲ ခြင်းနှင့်   ဝမ်းသာခြင်း   ခံစားမှုနှစ်ရပ် ပေါင်းလျက်ရှိနေတော့သည်။
“မင်းတို့မလာလည်း     အခေါ်လွှတ် မလို့ပဲ။ ခုတော့အတော်ပဲ။ ကဲ ... အားလုံး ရှေ့မှာ စကားပြောချင်တယ်။ ငါ့သမီးကို ခေါ်ပါကွယ်” 
‘မ’ က   ခုတင်ခြေရင်းတွင်   မလှုပ် မယှက်ထိုင်နေသော   မော်နှင့် ဒေါ်ခင် မျိုးသန့်ကို မရဲတရဲ လှမ်း၍ကြည့်လိုက် သည်။
“မော်ရေ ... မွန့်ကိုလှမ်းခေါ်လိုက်ပါ ကွယ်။ မေမေ...ဖေဖေကြီးက အနားလာ ပါတဲ့”
ဒေါ်ခင်မျိုးသန့်သည်    ဦးကျော်ဒင်၏ ခုတင်စောင်းတွင်    အသာထိုင်လိုက် သည်။ မော်က  မွန့်ကို  အပေါ်ထပ်မှ လှမ်း၍ခေါ်လိုက်သည်။
ဦးကျော်ဒင်က လူစုံအောင်စောင့်ရင်း ပြောမည့်စကားကို    စဉ်းစားနေဟန်ရှိ သည်။  ခဏကြာလျှင်   မွန်နှင့် မော်တို့ အနားသို့ရောက်လာသည်။ 
“သမီးကြီးမွန်က    ဖေဖေ့ခေါင်းအုံး အောက်က သော့ကိုယူပြီး မီးခံသေတ္တာ သော့ထဲကစာချုပ်တွေ ထုတ်ယူခဲ့ပါ”
မွန်သည်     ဦးကျော်ဒင်ပြောသည့် အတိုင်းပင် စာချုပ်များကိုယူ၍ ဦးကျော်ဒင် ၏လက်နားသို့   အသာချလိုက်သည်။ အားလုံးက   ဦးကျော်ဒင်ကိုသာ   စိုက် ကြည့်နေကြသည်။ ဦးကျော်ဒင်ပြောမည့် စကားကိုသာ    နားထောင်နေကြသည်။
“ဒီစာတမ်းကို   ငါ့မိတ်ဆွေ   ဝတ်လုံ တော်ရ   ဦးဘသောင်းကို   သက်သေ တရားဝင်ပြုပြီး   ရေးထားတာ။ နောက်မှ မင်းတို့ဖတ်ရရင် မကျေမနပ်ဖြစ်မှာစိုးလို့ ခုတည်းက  အသိပေးခဲ့မယ်။  သမီးကြီး ကပဲဖတ်ပြလိုက်ပါကွယ်” 
မွန်သည် ဦးကျော်ဒင်ဘေးမှ စာတမ်း ကိုယူ၍ တုန်ယင်သောအသံကလေးဖြင့် တစ်လုံးချင်း ဖတ်ပြလိုက်သည်။
အမွေပိုင်ဆိုင်ခွင့် ခွဲဝေပေးရေး
ဤစာချုပ်စာတမ်းအရ    ကျွန်ုပ်ပိုင် ပစ္စည်းအားလုံးကို   ကျွန်ုပ်၏   ဝတ်လုံ တော်ရ ဦးဘသောင်းက ခွဲဝေပေးရန်ဖြစ် ကြောင်း။    ကျွန်ုပ်ပိုင်   ကုက္ကိုင်းလမ်းရှိ ခြံအမှတ် ( ... ) နှင့် အိမ်ကို ကျွန်ုပ်၏သမီး လတ် ‘မ’ အားပေးရန် ...။
မွန်သည်    စာကို    ဆက်မဖတ်ဘဲ ရပ်လိုက်ပြီးလျှင်    ဒေါ်ခင်မျိုးသန့်အား လှမ်း၍ကြည့်လိုက်သည်။
ဒေါ်ခင်မျိုးသန့်၏မျက်နှာသည် သိသိ သာသာ  ပျက်၍နေတော့သည်။ အတန် ကြာမှ မွန်သည် သူ့စိတ်ကိုသူ ထိန်း၍ စာကိုဖတ်လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။