အရိုင်းစံပယ်

အောင်လင်း

၉-၁-၂၀၂၃ ရက်မှအဆက် 

“အဲဒီတုန်းမှာပဲ ဂီတပြိုင်ပွဲကြော်ငြာကိုတွေ့လို့ ရန်ကုန်ကို ဆင်းလာတာ။ အားလုံးကို အဆုံးရှုံးခံပြီးထွက်လာတဲ့ လူတစ်ယောက်ဟာ ပြိုင်ပွဲကျတော့လည်း မတရားရှုံးရတော့ ကျုပ်သည်းမခံ နိုင်တော့ဘူး။ တယောကို ရိုက်ခွဲလိုက်မိတယ်။

“ဒါပေမဲ့ ခုတော့ မတရားအရှုံးပေးတဲ့ လူကြီးတွေကိုပဲ ကျေးဇူးတင်လို့ မဆုံးတော့ဘူး။ တကယ်တမ်းကျတော့ သူတို့ပြိုင်ပွဲက တံဆိပ်တွေဟာ အနုပညာကို ပြုစုတဲ့နေရာမှာ အရာမဝင်ပါဘူး။ သူတို့ဆီက ရွှေတံဆိပ်ကို ဆုံးရှုံးပေမယ့် ကိုယ့်ဘဝမှာ နောက်ထပ် မမျှော်လင့်ရဲတဲ့ ‘မ’လို အဖိုးတန် မိန်းကလေးတစ်ယောက်ကို တွေ့ရတဲ့အတွက် ကြည်နူးလို့မဆုံးတော့ဘူး”
ကိုဘခက်က သူ့စကားကို အဆုံးသတ်လိုက်တော့မှလည်း ‘မ’ မှာ သက်ပြင်း ကလေးကို အသာချလိုက်မိရင်း ကိုဘခက်ကို တအားဖက်ထားလိုက်မိတော့သည်။

ကိုဘခက် ပြောသောစကားကို နားထောင်ရသည်မှာ အလွမ်းရုပ်ရှင် ကားကောင်းတစ်ကားကို ကြည့်နေရသလို ရှိတော့သည်။ တစ်လျှောက်လုံး ရင်မနေရသည်။

ဘာများဖြစ်ဦးမလဲဆိုသည်ကို ရင်တဖိုဖို စောင့်နေရသည်။ ဇာတ်သိမ်းခန်းတွင် အရွှင်ကလေးနှင့် ပေါင်း၍သိမ်းလိုက်တော့မှ စိတ်အေးရတော့သည်။ 
ခုလည်း ကိုဘခက်က ကြေကွဲ နာကြည်းစရာကောင်းသော မြှုပ်ကွက် ကလေးတစ်ကွက်ကို  ကရားရေလွှတ်သလို မနားဘဲ ပြောချလိုက်သည်။
‘မ’ မှာ ရင်မ၍ နားထောင်နေရသည်။ နောက်ဆုံး ကိုဘခက်က သူနှင့် ‘မ’တို့ ဇာတ်လမ်းဖြင့် ခပ်ရွှင်ရွှင် အဆုံးသတ်လိုက်မှ သက်သာရာရတော့သည်။

ကိုဘခက်၏စကားကို နားထောင်ရင်း ‘မ’ မှာ ချစ်သူ၏ပင်ပန်းမှုအတွက် အစားကူ၍ ဝမ်းနည်းကြေကွဲမိတော့သည်။ သည်တော့လည်း ဘဝတစ်လျှောက်လုံးတွင် ပင်ပန်းဆင်းရဲ ကြေကွဲနာကြည်းခဲ့ရသော ချစ်သူကို ပို၍ ယုယကြင်နာမည် ဆိုသောအသိက အလိုလို တဖွားဖွားပေါ်လာတော့သည်။

“‘မ’အတွက်ကြောင့်ဖြင့် မောင့်မှာ နောက်ထပ် မဆင်းရဲစေရပါဘူးမောင်။ မောင့်အတွက်ဆိုရင်ဖြင့် အရာရာလည်း စွန့်လွှတ်ဖို့အသင့်ပါပဲ။ တွေ့သမျှ အနှောင့် အယှက်အခက်အခဲအားလုံးကို ကျော်လွန်ဖို့အသင့်ပါပဲ။ မောင့်ဆီကို လိုက်လာက တည်းက ‘မ’ ရဲ့ဘဝဟာ မောင့်ယုံကြည်ချက်ကို အတူတွဲပြီးရပ်ဖို့ရယ်၊ မောင့် စိတ်ချမ်းသာမှု ကျေနပ်မှုကို ဖြည့်တင်းဖို့ ရယ်ကလွဲလို့ တခြားဘာမှမရှိပါဘူး မောင်”

ကိုဘခက်သည်  မဖော်ပြနိုင်သော ကြည်နူးမှုဖြင့် ‘မ’ တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားလိုက်သည်။ ပြီးမှ သူ့စိတ်ထဲတွင်ရှိသည့် အတိုင်း လှိုက်လှဲသောအသံကြီးဖြင့် တစ်လုံးချင်း ပြောလိုက်လေတော့သည်။

“ဒီတစ်ကြိမ် ‘မ’ကိုသာဆုံးရှုံးရင်တော့ ကိုယ့်ဘဝမှာ ဘာကိုမှ မျှော်မှန်းချက် မထားတော့ဘူး။ တွယ်တာစရာလည်း မရှိတော့ဘူး။ အရင်တစ်ကြိမ် ဆုံးရှုံးခဲ့တုန်းက ပတ်ဝန်းကျင် အယောင်အဆောင် အားလုံးကို စွန့်လွှတ်ခဲ့တယ်။ ခုတစ်ကြိမ် ဆုံးရှုံးရင်တော့ ကိုယ့်မှာ စွန့်လွှတ်စရာ ဘဝပဲရှိတော့တယ်ဆိုတာ ‘မ’ ယုံစေချင်တယ်”ကိုဘခက်သည် သူ့နာမည်တပ်ထားသော စာအိတ်ပေါ်မှ လက်ရေးကို မြင်လိုက်လျှင်ပင် မအံ့သြဘဲမနေနိုင်အောင် ရှိတော့သည်။ သူ့လိပ်စာနှင့် နာမည်သစ်ကို မည်သို့မည်ပုံ သိသွားသည်ကိုလည်း စဉ်းစား၍မရအောင် ရှိတော့သည်။ စာကို မဖောက်ခင် ‘မ’ အရိပ်အခြည်ကို လှမ်း၍ကြည့်သည်။ 

‘မ’ သည် နောက်ဖေးချောင်တွင် အလုပ်များနေဟန်ရှိသည်။  သည်တော့မှလည်း ကိုဘခက်သည် စိတ်အေးလက်အေးဖြင့် စာကိုဖောက်၍ဖတ်လိုက်သည်။

မောင်ဘခက်...

မင်း  အိမ်ကထွက်သွားသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ။ မင်း၏ စိတ်ဝေဒနာကို ကုစားရန် ထွက်သွားခြင်းဖြစ်၍ ဖေဖေခွင့်လွှတ်ထားခဲ့တယ်။ မင်းနဲ့ ကွဲကွာနေရသောအချိန်မှာ ကြာမြင့်လာတော့လည်း ဖေဖေ စိတ်ပူမိသည်။ မင်းလိုပင် ငါလည်း ငယ်စဉ်က တစ်ယူသန်ခဲ့ဖူးသည်။ သို့သော် မိဘဆိုသည်မှာ သားသမီးအပေါ်တွင် မပြတ်နိုင်သော သံယောဇဉ်ဖြင့် အမြဲတစေ တွယ်တာခဲ့ကြရသည်ကို မင်းကိုယ်တိုင် သားသမီးများ၏ ဖခင်ဖြစ်လာသောအခါ ကိုယ်ချင်း စာမိလိမ့်မည်။

မင်းသတင်းကို လူလွှတ်၍ စုံစမ်းခိုင်းခဲ့သည်မှာ သုံးလကျော်မျှရှိပြီ။ ယခု မင်းသတင်းကို သီချင်းစာအုပ်များမှ လည်းကောင်း၊  ငါလွှတ်ထားသော လူများမှလည်းကောင်း သိရသည်။ အစဉ်မင်းအတွက် ရင်ထုမနာဖြစ်မိသည်။
မင်းအပေါ် ပတ်ဝန်းကျင်က အထင်သေးအမြင်သေးဖြင့် ပြုမူဆက်ဆံပုံကိုလည်း ခံပြင်းမိသည်။ နောက်ဆုံး မင်းလိုလားမှုအတိုင်း  အောင်မြင်သည်ကို သိရ၍ အတိုင်းမသိ ဝမ်းမြောက်မိသည်။

ခုအချိန်သည် မင်းအတွက် ရှေ့ဆက်၍ အဆင်းရဲခံနေစရာမလိုသော အချိန်ဖြစ် သည်ဟုလည်း ဖေဖေထင်သည်။ အကြောင်းမဲ့ မင်းအဆင်းရဲခံလိုသော်လည်း မင်းအပေါ်တွင် ဖြူစင်သော မေတ္တာဖြင့် အနစ်နာခံ၍နေရရှာသော မိန်းကလေးအတွက် တရားရာကျမည်ဟု မထင်။ နောင်ရလာမည့် သားသမီးများ အတွက်လည်း တရားရာကျမည်မထင်။ သို့အတွက် ဖေဖေကိုယ်တိုင် ရန်ကုန်သို့ တစ်ပတ်အတွင်း လိုက်လာမည်။

မင်းအတွက်ကြောင့် မစားနိုင်၊ မအိပ် နိုင်ရှိနေရှာသော မင်းမိခင်သည် ဂုဏ်သရေရှိ ပညာတတ် ရုပ်ချော၊ သဘော ထားပြည့်ဝသော ဇနီးကောင်းကိုရရှိ နေသည်ဆိုသော မင်းသတင်းကိုကြားရ၍ ဝမ်းမြောက် ရွှင်လန်းနေရှာသည်။ ကွဲကွာနေသောသားနှင့် မတွေ့ဖူးသော သမီးကို မြင်လိုသောဆန္ဒ ပြင်းပြနေကြသည်။

ဖေဖေ ရန်ကုန်ဆင်းလာလျှင် ဖေဖေနှင့်အတူ အိမ်သို့ ခေတ္တခဏဖြစ်စေ ပြန်၍လိုက်ခဲ့ကြစေလိုသည်။ နောင်အခါ ရန်ကုန်ကို ပြန်၍နေလိုလျှင် တင့်တင့် တယ်တယ် ပြည့်ပြည့်စုံစုံနှင့် နေထိုင်ရန် ဖေဖေတာဝန်ယူသည်။
သားနှင့်သမီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

စိန်ခက်

ကိုဘခက်သည် စာကို ဆုံးအောင်ဖတ် ပြီးသည်အထိ မည်သို့မျှ မဆုံးဖြတ်ရသေးချေ။ သို့မဆုံးဖြတ်ရသေးသည့်တိုင်အောင် ယခုတစ်ကြိမ်တွင်မူ မိဘ၏ဆန္ဒကို ငြင်းဆန်မသင့်ကြောင်းကိုကား စဉ်းစားမိလေသည်။

ထိုအတွင်းမှာပင် အိမ်ရှေ့မှ ကားတစ်စီး ဆိုက်သံ ကြားလိုက်ရသည်။ ရုပ်ရှင် ကုမ္ပဏီမှ ကားမှတ်၍ လမ်းဘက်သို့ လှမ်းကြည့်လိုက်၏။ ရပ်ထားသော ကားကလေးကို မြင်လိုက်ရသောအခါ ကိုဘခက်မှာ  ထိတ်လန့်အံ့သြနေမိသည်။

အိမ်ရှေ့တွင် တစ်ရှိန်ထိုးရပ်လိုက်သော ကားကလေးမှာ ဦးကျော်ဒင်၏ အိမ်မှ ကားကလေးဖြစ်နေသည်။

“ဟဲ့ ... မောင်အေး၊ ဘာဖြစ်လာတာလဲ”

“မမလေးရော ဆရာ၊ မမလေး ဘယ်သွားလဲ”

“ရှိပါတယ်ကွ ... အထိတ်တလန့်၊ ‘မ’ ရေ ‘မ’ ... မောင်အေးလာတယ်ဟေ့”

‘မ’ သည် နောက်ဖေးမှ ပြန်၍ထူးရင်း ပြေးထွက်လာသည်။ 

“ဟင် ... မောင်အေး၊ လာထိုင်လေ၊ ဖေဖေကြီးက လွှတ်လိုက်လို့လား...”

“မထိုင်တော့ဘူး မမလေး၊ ဘဘကြီး တစ်ယောက် အသည်းအသန်ဖြစ်နေတယ်။ မော်နဲ့ ကိုခင်မောင်ကြည်တို့ အစီအစဉ်ပျက်သွားကတည်းက စိတ်ထိခိုက် ပြီးလဲတာဟာ ခုထက်ထိ မထနိုင်တော့ဘူး”

“ကိုခင်မောင်ကြည်နဲ့ မော်တို့ကိစ္စက ဘာဖြစ်လို့”

“ကိုခင်မောင်ကြည်က ပက်ဂီကြိုင်နဲ့ လက်ထပ်သွားပြီ။ ဒီသတင်းကို ဖုံးပေမယ့် နောက်ဆုံး ဘဘကြီးသိတော့ စိတ်ထိခိုက်ပြီး လဲတာပဲ။ မနေ့ညကစပြီး အတော်လေးဆိုးတယ်။ အစက မွန်ကိုယ်တိုင်ကုနေတာ။ ညကတော့ မွန့်ဆရာ ကုလားဒေါက်တာကြီးတစ်ယောက် သွားခေါ်ရတယ်” 

‘မ’ မျက်နှာတွင် သွေးမရှိတော့ချေ။ ရင်ထဲ၌ တလှပ်လှပ်ဖြစ်လာသည်။ မျက်ရည်ကလေးများပင် လည်၍လာတော့သည်။

ကိုဘခက်က ‘မ’ ပခုံးကလေးကို အသာဖေး၍ ကိုင်ထားလိုက်သည်။ 

“ဒီလိုဆို ‘မ’ တစ်ခါတည်းလိုက်ခဲ့မယ်။ ကားပါတယ်မဟုတ်လား’ 

မောင်အေးသည် ရုတ်တရက်တော့ ဘာမျှပြန်၍မပြောနိုင်ဘဲ ‘မ’ ကိုသာ ကြောင်၍ ကြည့်နေမိသည်။

မောင်အေးမျက်နှာမှာ ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်၍နေသည်။

“ကားတော့ပါတယ် အစ်မလေး၊ ဒါပေမယ့် ကားနဲ့လိုက်ရင် ကျွန်တော် အဆူခံထိနေလိမ့်မယ်။ ဘဘကြီးက အစ်မလေးကို တွေ့ချင်ပုံရတယ်။ ဒါပေမဲ့ တစ်အိမ်လုံးက အစ်မလေးကို ဘဘကြီးနဲ့ မတွေ့စေချင်ဘူး။ မေမေကြီးနဲ့ မမတို့ ခြယ်လှယ်နေကြတာပဲ”

‘မ’ သည် အောက်နှုတ်ခမ်း ပြတ်လုနီးပါး ကိုက်ထားလိုက်လေသည်။ 

ပြီးမှ အံကိုကြိတ်၍ နာကြည်းကြေကွဲ သောအသံဖြင့် ညည်းလိုက်ရှာသည်။

“ဪ ... ဒီလောက်တောင် ရက်စက်နိုင်ကြပြီကိုး။ ရှိပါစေတော့လေ... သူတို့ ဘယ်လိုပဲမတွေ့စေချင်ပေမယ့် ‘မ’တော့ ကိုယ့်အဖေမို့ မတွေ့ဘဲမနေနိုင်ဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့ တွေ့မှာပဲ။ မောင်အေးသွားနှင့်၊ ပြီး နောက်ဖေးပေါက်ကိုဖွင့်၊ ‘မ’ လာခဲ့မယ်”

“ဟုတ်ကဲ့ အစ်မလေး၊ ကျွန်တော် ဆရာကိုဘခက်အခန်းဘက်က အပေါက်ကို ဖွင့်ထားပါ့မယ်”

မောင်အေးသည် ကိုဘခက်နှင့် ‘မ’ ကို နှုတ်ဆက်၍ ခပ်သုတ်သုတ်ထွက်သွား လေသည်။

‘မ’ သည် ကိုဘခက်မျက်နှာကို အကဲခတ်သလို တစ်ချက်မျှကြည့်လိုက်သည်။

“ကဲ ... မောင်လိုက်မယ် မဟုတ်လား၊ သွားကြစို့”

“လိုက်မယ်လေ၊ မသွားလို့ ဘယ်ဖြစ်မလဲ” 

ဆက်လက်ဖော်ပြပါမည်။