အရိုင်းစံပယ်

အောင်လင်း

၂၅-၁၁-၂၀၂၂ ရက်မှအဆက် 

ဦးကျော်ဒင်သည် တစ်ဖက်သို့ငေး၍ ကြည့်နေရင်း သူ၏ထိခိုက်နေသော အတွင်းစိတ်ကို မပေါ်စေရန် အတတ်နိုင်ဆုံး ဟန်ဆောင်နေရဟန် ရှိသည်။

ပြီးမှ တံတွေးကို မျိုချလိုက်သည်။

“အေး...မိဘဝတ်ငါးပါးထဲမှာ ထိမ်းမြားခြင်းဆိုတဲ့ ဝတ္တရားတစ်ခုလည်း ပါတယ်ဆိုတာ သမီးလည်းသိတယ်နော်။ ဒါပေမဲ့ ဖေဖေဟာ ခေတ်ကို မေ့ထားတဲ့လူမျိုး မဟုတ်ပါဘူး။ သမီးတို့ စိတ်ကြိုက်ရွေးချယ်ဖို့လည်း လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ သမီးခု ဆုံးဖြတ်မယ့်ကိစ္စကတော့ မစောလွန်းပေဘူးလား။ ဒီလိုပြောလို့ သမီးရဲ့အလိုကို ဟန့်ထားတာမဟုတ်ဘူးနော်။ သမီးတွေထဲမှာ ဖေဖေဟာ ငါ့သမီးကို အချစ်ဆုံးပါ။ ဒါ သမီးအသိဆုံးနော်။ လောကဓမ္မတာအရ အိမ်ထောင်ကျလို့ ခွဲရမယ်ဆိုတောင် ငါ့သမီးကို ဖေဖေ မခွဲရက်ဘူး။ ဖေဖေဟာ ဒီထက်အရွယ်ကြီးလို့ အိုမင်းမစွမ်း ဖြစ်နေရင်တောင် ငါ့သမီးကို ဆေးပေးမီးယူ အနားမှာရှိစေပြီး သမီးရဲ့ စောင်းသံကလေး နားထောင်ရင်း သေခြင်းတရားကို ခဏတာဖြင့်မေ့ပျောက်ပြီး ကြည်နူးနေချင်တာပါကွယ်။ ဒါဟာ အရွယ်ကြီး ရင့်တဲ့သူတွေရဲ့ စိတ်ကူးယဉ်တာပေါ့ကွယ်။ ဒါပေမဲ့ ဖေဖေ ဒီအထိ ချုပ်ချယ်ဖို့ မရည်ရွယ်ပါဘူး။ ဘဝရေစက်ကြောင့် တွေ့ဆုံပေါင်းသင်းရခြင်းနဲ့ ကွေကွင်းခြင်းသဘောကို ဖေဖေနားလည်ပါတယ်။ တစ်နေ့သမီးတို့ဟာ အလျှိုအလျှို ခွဲထွက်သွားကြလိမ့်မယ် ဆိုတာလည်း ဖေဖေကြိုတင်နားလည်ပြီးသားပါ။ ခုကိစ္စမှာတော့ သမီး စဉ်းစားစေချင်တယ်။ ခြေလှမ်းမှားပြီး ပင်ပန်းမှာ ဖေဖေ စိုးရိမ်တယ်”

ဦးကျော်ဒင်သည် မည်မျှပင် ဟန်ဆောင်စေကာမူ သူ့အသံမှာ ကြေကွဲစရာ ကောင်းလှသည်။

‘မ’ သည် ခေါင်းကို ငုံ့ထားရင်းမှ တရှုပ်ရှုပ် ငိုနေတော့သည်။

“သမီးထိုက်နဲ့ သမီး ရှိပါစေတော့ ဖေဖေ။ သမီးဟာ တစ်သက်နဲ့တစ်ကိုယ် မိဘစကားကို မပယ်ရှားခဲ့ပါဘူး။ ခုတစ်ကြိမ်တော့ သမီးကို ခွင့်လွှတ်ပါတော့ ဖေဖေ”

‘မ’ သည် ပြောရင်း အသံထွက်အောင် ငိုချလိုက်သည်။ ပြီးမှ ဦးကျော်ဒင်အား သုံးကြိမ်သုံးလီ ရှိခိုးလိုက်သည်။ ဦးကျော်ဒင်သည် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရှိနေတော့သည်။

‘မ’ သည် တစ်သက်နှင့်တစ်ကိုယ် မခွဲဖူးသော ဖခင်ကို ကျောပေး၍ ထွက်လေသည်။

‘မ’ သည် သားရေသေတ္တာကိုဆွဲ၍ လှေကားမှ တစ်ထစ်ချင်း ဆင်းခဲ့လေသည်။

‘မ’ ခြေလှမ်းများသည် ယိုင်၍နေသည်။ တစ်ထစ်မှတစ်ထစ်သို့ ဆင်းလျှင် နောက်တစ်ထစ်မှ ရပ်၍နေသော ခြေထောက်က တဆတ်ဆတ်တုန်၍နေသည်။ ‘မ’ သည် လှေကားလက်ရန်းကို အသာမှီ၍ နေလိုက်ရသည်။

ပြီးမှ နောက်တစ်ထစ်သို့ ကြိုးစား၍ ဆင်းလိုက်ပြန်သည်။ 

‘မ’ ရင်တွင်း၌ကား မုန်တိုင်းဆင်လျက်ရှိသည်။ လှေကားမှ အောက်သို့ ကြည့်လိုက်သောအခါ အံ့သြငေးမောကြည့်နေသော မွန့်ကို ရှေးဦးစွာ မြင်ရသည်။ မွန့်ဘေးတွင် စက်ဆုပ်ရွံမုန်းသောအကြည့်ဖြင့် ကြည့်နေသော မော့်ကို တွေ့ရပြန်သည်။

အပေါက်ဝတွင် ကြီးမားသောမျှော်လင့်ချက်ဖြင့် စောင့်စားနေသော ကိုဘခက်ကို မြင်ရပြန်သည်။

“သမီးလေး ... ‘မ’ ...

ဦးကျော်ဒင်၏ ကြေကွဲစရာကောင်းလှသောခေါ်သံကြောင့် ‘မ’ တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ရှိတော့သည်။ ‘မ’ သည် အနိုင်နိုင် အားယူ၍ ဦးကျော်ဒင်အား လှည့်၍ကြည့်လိုက်သည်။

ဦးကျော်ဒင်၏ မျက်လုံးများသည် မျက်ရည်များ ပြည့်လျှံစီးကျ၍ နေတော့သည်။

ဦးကျော်ဒင်သည် အချိုသာဆုံးအသံ ဖြင့် ‘မ’ ကို တောင်းပန်လိုက်သည်။ 

“ဒီအတိုင်းပဲ ဆုံးဖြတ်တော့မလား သမီးရယ်၊ သမီးစိတ်ချမ်းသာဖို့အတွက် ဖေဖေ တာဝန်ယူပါတယ်။ အချိန်ယူပါဦး လားကွယ်”

ချစ်သူ၏ မေတ္တာဓာတ်သည် ‘မ’ နှလုံးသားကို အေးမြမာကျောစေသော်လည်း သံယောဇဉ်မီးဖြင့် တွေ့သောအခါ အရည်ပျော်ရပြန်သည်။ 

အောက်သို့ ကြည့်လိုက်ပြန်တော့လည်း မွန့်မျက်နှာ။ ပြီးတော့ ခက်ထန်လှသော မော့်မျက်နှာ။ နောက်ပြီးတော့လည်း မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေသော ချစ်သူမျက်နှာ။

နောက်သို့ ကြည့်ပြန်တော့လည်း ကျေးဇူးရှင်ဖခင်၏မျက်နှာ၊ ထောင့်ငါးရာနှင့် ငါးရာနှစ်ဆယ့်ရှစ် မေတ္တာလွန်ပွဲသည် အပြိုင်အဆိုင် ဆွဲကြလေပြီ။ ဤကြားဝယ် ‘မ’ လို နုနယ်သိမ်မွေ့သော မိန်းကလေးတစ်ယောက်သည် မည်သို့ ရပ်တည်နိုင်ပါအံ့နည်း။

သည်တစ်ကြိမ်တွင် ‘မ’ သည် ဖခင်၏ မျက်နှာကို ကြာကြာမကြည့်ရဲတော့ချေ။ ချစ်သောဖခင်၏ မျက်လုံးအိမ်အတွင်းမှ စီးဆင်းလာကုန်သော မျက်ရည်တို့သည် ‘မ’ ၏ရင်တွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်ကုန်သည်။ 

‘မ’ သည် မျက်လုံးကိုမှိတ်၍ ဖခင်ကို မျက်နှာလွှဲလိုက်သည်။ နောက် အောက်သို့ တစ်ချက်မျှ ဆင်းလိုက်ပြီးလျှင် အားယူ၍ မျက်လုံးကိုဖွင့်လိုက်ပြန်သည်။ ကိုဘခက်၏ တောက်ပသော မျက်လုံး နှင့် ‘မ’ ၏ ရီဝေသောမျက်လုံးတို့သည် တန်းတန်းမတ်မတ် ဆုံစည်းမိကြပြန်သည်။ ချစ်သူ၏ မျက်လုံးအိမ်အတွင်းမှ တောက်ပသောအရောင်သည် ‘မ’ ကို မျှော်လင့်နေခြင်းသာ အဓိပ္ပာယ်ရလေသည်။ ‘မ’ ရင်တွင်း၌ တိုက်ဆင်လျက်ရှိသော မုန်တိုင်းသည် လှိုင်းတံပိုးနှင့် မီးလျှံကို ပင့်၍ပေးသလိုနေတော့သည်။

အချစ်အတွက် တောက်လောင်ရသောမီးသည် မုန်တိုင်းနှင့် တွေ့သောအခါ တရှိန်ရှိန် ကြီးမား၍လာသည်။

သံယောဇဉ်အတွက် စီးဆင်းယိုဖိတ် လာကုန်သော ဖခင်၏မျက်ရည်သည် ‘မ’ ရင်တွင်းဝယ် မုန်တိုင်းနှင့်တွေ့သော ပင်လယ်လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လေတော့သည်။

ရေနှင့်မီးသည် ရေများကရေနိုင်၏။ မီးများက မီးနိုင်၏။ ယခုမူ ဘယ်အရာက ပို၍စွမ်းအားကြီးသည်ကို ဆုံးဖြတ်၍ မရပေ။ ဤစွမ်းအားနှစ်ခုကြားဝယ် ရပ်တည်နေရသော ‘မ’သည် တစ်ဖက် ဖက်သို့ပါမသွားလျှင် မည်သို့ ကြံ့ကြံ့ခံနိုင်ပါအံ့နည်း။

‘မ’ မျက်လုံးများသည် ဝေ၍လာသည်။ မြင်သမျှအရာတို့သည် ဝါး၍လာသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်၍လာသည်။ ရင်ထဲ၌လည်း တလှပ်လှပ်ခုန်၍ လာသည်။ လှေကားလက်ရန်းကိုကိုင်၍ ထားသော ‘မ’ လက်များသည် ပြုတ်၍ ကျသွားသည်။

‘မ’ သည် မုန်တိုင်း၏ဒဏ်ကြောင့် အောက်သို့ လွင့်စဉ်ကျသွားလေသည်။

မီးလျှံထဲတွင် လောင်ကျွမ်း၍သွား သလော၊ လှိုင်းတံပိုးအောက်တွင် နစ်မျော ၍သွားသလော ဆိုသည်ကိုကား ‘မ’ ကိုယ်တိုင်ပင် သိရှာလိမ့်မည် မဟုတ်ပေ။

ဦးကျော်ဒင်၏ အက်ကွဲသောအသံကြီးသည် ဧည့်ခန်းတစ်ခုလုံးကို ဟည်း၍ သွားလေသည်။

“သမီး...သမီး”

ဦးကျော်ဒင်၏ အသံနှင့်အတူ မော်၏ စူးရှသောအသံကိုလည်း ကြားလိုက်ရသည်။ ကိုဘခက် ရုတ်တရက်ကြောင်၍ နေရာမှလှေကားရင်းသို့ အပြေးသွား လိုက်သည်။ ‘မ’ သည် လှေကားအလယ် ဆင့်လောက်မှ အောက်သို့ ချာချာလည်၍ ကျလာသည်။ ကိုဘခက်သည် ‘မ’ ကို ဆီး၍ပွေ့လိုက်သည်။ 

ကိုဘခက်သည် ‘မ’ ကို အသာလှုပ်၍ ခပ်တိုးတိုးခေါ်လိုက်မိသည်။ 

‘မ’ ကား ပြန်၍မထူးနိုင်၊ ကိုဘခက် လက်ထဲ၌သာ ပျော့ခွေလျက်ရှိသည်။

ထိုအတွင်း မွန်သည် ကိုဘခက်ကိုတွန်းဖယ်၍ ကိုဘခက်၏လက်မှ ‘မ’ ကို ပွေ့ယူလိုက်သည်။ ကိုဘခက်ကမူ မွန်၏ အပြုအမူကို ဂရုမထားနိုင်။ ‘မ’ ကိုသာ စိုးရိမ်တကြီး ကြည့်နေမိသည်။ ‘မ’ ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ‘မ’ အနားသို့ အားလုံးဝိုင်း၍ နေကြသည်။

ကိုဘခက်က ‘မ’ ၏ လက်ကလေးကို ယောင်ယမ်း၍ ဆွဲကိုင်ထားလိုက်မိသည်။

မွန်သည် ‘မ’ လက်တစ်ဖက်ကို သွေးစမ်း၍ ကြည့်နေရာမှ ကိုဘခက်ကို ဒေါသဖြင့် စိုက်၍ကြည့်လိုက်သည်။

“ရှင် သွားရင်ကောင်းမယ်၊ ရှင့်ကြောင့် အားလုံး ဒုက္ခရောက်နေပြီ ... သိလား။ ရှင် စိုးရိမ်စရာမလိုဘူး၊ ရှင် ခုသွားရင် ကောင်းမယ်”

ကိုဘခက်သည် မွန့်ကို တစ်ခဏမျှ ကြည့်လိုက်ရင်း တယုတယကိုင်၍ထားသော ‘မ’ လက်ကလေးကို မလွှတ်ချင် လွှတ်ချင် လွှတ်လိုက်သည်။ 

နာကြည်းသော မျက်လုံးများဖြင့် အားလုံးကို အတန်ကြာမျှ စိုက်ကြည့် နေလိုက်သည်။ ပြီးမှ အံကိုကြိတ်၍ အက်ကွဲသောအသံဖြင့် ‘မ’ ကို နှုတ်ဆက်လိုက်၏။

“ကိုယ်သွားတော့မယ် ‘မ’ ရေ၊ ကိုယ့်နောက်ကိုလိုက်မယ့် ‘မ’ ကို ကိုယ် ထမ်းပြီးခေါ်သွားချင်ပေမယ့် ကိုယ့်မှာ ခေါ်ပိုင်ခွင့်မရှိဘူးမဟုတ်လား။ မခွဲချင်ပေမယ့် ကိုယ်တစ်ယောက်တည်းပဲ သွားရတော့မယ်။ ဒါပေမဲ့ ‘မ’ ကို ကိုယ် စောင့်နေပါ့မယ်ကွယ်”

ကိုဘခက်သည် ‘မ’ ကို နှုတ်ဆက်၍ နေရာမှ ထလိုက်သည်။ ပြီးမှ ဧည့်ခန်းဝဆီသို့ တစ်လှမ်းချင်း ထွက်သွားလေသည်။

ဦးကျော်ဒင်နှင့် မွန်သည် ‘မ’ကို အပေါ် ထပ်သို့ ပွေ့ယူသွားလေသည်။ 

ကိုဘခက် အပေါက်ဝသို့ရောက်သော အခါ နောက်မှ တံခါးပိတ်သံကို ကြားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက် သောအခါ သူ့အား ရွံမုန်းသောအကြည့်ဖြင့် ကြည့်နေသော မော့်မျက်နှာကို တံခါးကြားမှ မြင်လိုက်ရသည်။

မော်သည် ကိုဘခက်အား တစ်ချက်မျှ မဲ့ရွဲ့၍ကြည့်လိုက်ပြီးလျှင် နောက်သို့ ဝင်သွားလေသည်။

ကိုဘခက်သည် သံတံခါးကြားမှ ဧည့်ခန်းဆီသို့ ငေးကြည့်နေမိသည်။ တစ်ကြိမ်က ‘မ’ နှင့်သူသည် ဤလှေကားရင်း၌ပင် တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ယုယခဲ့ကြသည်။ ယခုမူ ‘မ’ အနားသို့ သွားရန်ပင် မလွယ်တော့ပေ။

ဆက်လက်ဖော်ပြပါမည်။