အရိုင်းစံပယ်

အောင်လင်း

၂၁-၁၁-၂၀၂၂ ရက်မှအဆက် 

‘မ’ သည် မျက်နှာထားတင်းတင်းဖြင့် မွန့်ကို ပြန်ကြည့်လိုက်သည်။ 

ကိုယ့်ထက်အကြီးလည်းဖြစ်၊ ကိုယ်တိုင်ကလည်း အထင်ကြီးသူဖြစ်၍ ပြောသမျှ ခေါင်းငုံ့ခံခဲ့သည်။ ယခုတော့ ‘မ’ သည် ခေါင်းငုံ့ခံ၍ မနေနိုင်တော့ပေ။

“အေးပေါ့လေ လောကမှာ မွန်တို့ပြောသမျှ လုပ်သမျှ အကောင်းပဲဖြစ်ရမှာပေါ့။ ကျန်တဲ့လူ လုပ်တာတွေကျတော့ အဆိုးကြီးပဲပေါ့။ တစ်ခုတော့ ရှိတယ်မွန်၊ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းစေချင်ကြတာချည်းပဲ။ သူများတွေထားတဲ့ စေတနာထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးထားကြတာပဲ။ မွန် တို့ဘဝအတွက် မွန်တို့ရွေးတဲ့လမ်းက မှန်ချင်မှန်ပေမယ့် ‘မ’ ဘဝအတွက် မှန်ချင်မှ မှန်မယ်။ မှန်တဲ့ တိုင်အောင် ‘မ’ က လျှောက်ချင်မှ လျှောက်နိုင်မယ်” 
ဒေါ်ခင်မျိုးသန့်သည် ‘မ’ ပြောလိုက်သောစကားကို နားမလည်ဟန်ဖြင့် ဆင့်၍မေးလိုက်သည်။

“နေစမ်းပါဦး ... ဒါဖြင့် ညည်းက မှန်းထားပြီးသား ရှိနေလို့လား” 

ထိုအမေးကို ‘မ’ က မဖြေနိုင်ခင် မော်က ဝင်၍ ဖြေလိုက်သည်။ 

“ရှိတယ် မာမီ ... ရှိတယ်၊ သမီးသိတယ်”

‘မ’ သည် မော့်ကို ဒေါသဖြင့်ကြည့်လိုက်ရင်း စကားဖြတ်လိုက်သည်။ 

“မင်း ဝင်ပြောစရာမလိုပါဘူး မော်၊ ငါကိုယ်တိုင် ပြောမှာပါ။ ဒါဟာ ဘာမှညာစရာမဟုတ်ပါဘူး။ ငါ ရည်းစားတစ်ယောက်ထားတာဟာ ကပွဲမှာ ယောက်ျားတကာနဲ့ တွဲတာထက်တော့ ရှက်စရာမရှိ ပါဘူး”

‘မ’ သည် မော့်ကိုပြောရာမှ ဒေါ်ခင်မျိုးသန့်ဘက်သို့ လှည့်၍ပြောလိုက်ပြန်သည်။

‘မ’ မျက်နှာသည် အရာရာကို ရဲရဲရင့်ရင့် ရင်ဆိုင်တော့မည်ကဲ့သို့ ပေါ်လွင်ပြတ်သားလျက်ရှိသည်။

“သမီးက မညာပါဘူးမေမေ။ သမီးမှာ ချစ်သူရှိတယ်။ သူကလွဲလို့ သမီး ဘယ်သူ့ကိုမှ ထပ်ပြီး ချစ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ သမီးချစ်တဲ့သူကို မေမေတို့ ဘယ်နည်းနဲ့မှ သဘောတူမှာမဟုတ်ဘူး။ မတူတဲ့အကြောင်းကတော့ တခြားမဟုတ်ဘူး၊ သမီး ချစ်သူမှာ မေမေတို့၊ မွန်တို့၊ မော်တို့ အထင်ကြီးလောက်တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးအဆောင်အယောင်တွေ မပါလို့ပဲ။ ဒါပေမဲ့ သူ့မှာ ဘွဲ့ထူး၊ ဂုဏ်ထူးမပါတာကလွဲလို့ ယောက်ျားတစ်ယောက်မှာရှိအပ်တဲ့ အရည်အချင်း၊ ပညာ၊ အကျင့်စာရိတ္တ အားလုံးရှိတယ်ဆိုတာ ပြောရဲတယ်” 

‘မ’ က ချစ်သူအတွက် ရှေ့နေကောင်းကြီးသဖွယ် လျှောက်လဲလိုက်သည်။

မော်သည် လှောင်ရယ်ကလေး ရယ်လိုက်သည်။

‘မ’ က အလျဉ်းဂရုမစိုက်။ သူ့စကားကိုသာ ဆက်၍ပြောချသည်။ 

“ဒီလူကို သိချင်သေးရင်လည်း ဘာမှဖုံးကွယ်နေ စရာမလိုဘူး။ အခု ထုတ်ပြောလိုက်မယ်”

“ဘယ်သူလဲ ပြောစမ်း”

ဒေါ်ခင်မျိုးသန့်က မအောင့်နိုင်တော့ဘဲ ထိတ်ထိတ်လန့်လန့်ဖြင့် မေးလိုက်သည်။

မော်က ဒေါသသံဖြင့် ဖြတ်ဝင်၍ ဖြေလိုက်သည်။

“ဘယ်သူရှိဦးမလဲ၊ မာမီတို့ ခေါ်ပြီးထားတဲ့ စန္ဒရားဆရာပဲရှိတာပေါ့။ မော် မပြောချင်လို့နေတာ။ သူများကျ တယ်ပြီးပြောချင်တယ်” 

ဒေါ်ခင်မျိုးသန့်သည် ‘မ’ ၏ပခုံးကို လှုပ်ယမ်း၍ ထပ်မေးလိုက်ပြန်သည်။

“ဟုတ်လားဟင်၊ မော်ပြောတဲ့အတိုင်း နင် ဒီကောင်နဲ့ဖြစ်နေသလား။ ငါ့ကို မလိမ်နဲ့နော်”

‘မ’သည် ဒေါ်ခင်မျိုးသန့်ကို မျက်တောင်မခတ် စိုက်၍ကြည့်လိုက်သည်။

အမှန်အတိုင်းဝန်ခံရမည်ဆိုသောစိတ်က ‘မ’ကို ရဲရင့်ပြတ်သားစေသည်။

ထို့ကြောင့်လည်း ‘မ’ သည် ဒေါ်ခင်မျိုးသန့်ကို မျက်တောင်မခတ် ကြည့်နေရင်း အမှန်အတိုင်း ဖြေချလိုက်သည်။

“ဟုတ်တယ်...မေမေ၊ သမီးလိမ်နေစရာမလိုပါဘူး။ သမီးချစ်တဲ့သူဟာ ဘီအေ၊ အမ်အေ ဟုတ်ချင်မှ ဟုတ်မယ်။ ပိုက်ဆံချမ်းသာချင်မှ ချမ်းသာမယ်။ မေမေ တို့နှစ်သက်တဲ့ အဆောင် အယောင်တွေ ပါချင်မှပါမယ်။ ဒါပေမဲ့ ချစ်တာဟာ ချစ်တာပဲ။  အချစ်ကို အဆောင်အယောင်နဲ့တိုင်းထွာပြီးမှ သမီးမချစ်တတ်ဘူး။ သမီး ... ဆရာကိုဘခက်ကိုချစ်တယ် မေမေ”

ဒေါ်ခင်မျိုးသန့်သည် ရုတ်တရက် ဘာမျှမပြောနိုင်ဘဲ အံ့သြငေးမောနေမိသည်။  အတန်ကြာမှ ဒေါသအိုးသည် ပေါက်ကွဲထွက်လာသည်။

“ဪ ... လက်စသတ်တော့ မွဲချင်တဲ့ခွေး ပြာပုံတိုးတာကိုး။ ခေါ်စမ်း သူ့အဖေကိုခေါ်စမ်း၊ ကိုကျော်ဒင် ... ကိုကျော်ဒင် ...”

ဒေါ်ခင်မျိုးသန့်၏အသံသည် တစ်အိမ်လုံးကို လွှမ်းမိုး၍သွားလေသည်။

မော်သည် အိမ်အပေါ်ထပ်သို့ အပြေးတက်သွားတော့သည်။ 

“သားရေပေါ်အိပ်...သားရေနားစား၊ မျက်နှာသာပေး ရွှေရေးပန်းကန်တက်၊ ဒီလိုလူယုတ်မာ မျက်နှာမျိုးကို ငါမကြည့်ချင်ဘူး”

‘မ’သည် မျက်ရည်များလျှံနေသော မျက်လုံးများဖြင့် သူ့မေမေကိုသာ ကြည့်နေရှာသည်။

ဦးကျော်ဒင် ဆင်းလာသောအခါ ဒေါ်ခင်မျိုးသန့် သည် ဆီး၍ ရန်တွေ့လိုက်လေသည်။

“ဒီမှာ... ရှင့်သမီးကို စောင်းသင်ခိုင်းတာလား၊ ယောက်ျားရှာခိုင်းတာလား...ဟင်။ စောစောစီးစီး သိပေလို့၊ သိများမသိရင် ဘယ်လိုစခန်းသွားနေကြမလဲ။ ရှင့်စောင်းဆရာကို အိမ်မှာမနေပါစေနဲ့။ ခုနှင်ထုတ်ပါ”

ဦးကျော်ဒင်သည် ဘာမျှမပြောဘဲ မလှုပ်မယှက် ရပ်နေသည်။ ဒေါ်ခင်မျိုးသန့်သည် ဦးကျော်ဒင်အား မကျေမနပ်ကြည့်နေသည်။ ထိုအတွင်းဝယ် မမျှော်လင့်သော အသံတစ်သံသည် ကိုဘခက်အခန်းဆီမှ ထွက်ပေါ်၍လာသည်။

“နှင်စရာမလိုပါဘူးဒေါ်ဒေါ်၊ ဒီအိမ်ကို ကျွန်တော် ရောက်လာစဉ်ကလည်း ဦးနဲ့အကြောင်းပြုပြီးမှ ရောက်လာတာပါ။ အလိုအလျောက်ရောက်ရတာ မဟုတ်ပါဘူး။ ခုလည်း ကျွန်တော်ကပဲ ဦးကို ခွင့်တောင်းပြီး ဆင်းမှာပါ။ ဒေါ်ဒေါ်နှင်စရာမလိုပါဘူး”

မော်က ကိုဘခက်ကို မဲ့ရွဲ့၍ကြည့်လိုက်ရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ကြီးကျယ်လိုက်တာ၊ သူ့ကိုယ်သူ ဘာများမှတ်နေတယ် မသိဘူး”

ဒေါ်ခင်မျိုးသန့်သည် မျက်နှာတစ်ခုလုံး နီရဲနေသည်။ ကိုဘခက်ရှိရာသို့ တစ်လှမ်းနှစ်လှမ်းမျှ လျှောက်သွားပြီးမှ မာန်ပါပါ ခါးကိုထောက်လိုက်သည်။

“အေး...နှင်ချစရာမလိုရင် လေကုန်သက်သာတာ ပေါ့ကွယ်။ မင်းလို သားရေပေါ်အိပ်၊ သားရေနားစားတဲ့လူမျိုးရဲ့မျက်နှာကို မကြည့်ချင်ဘူး”

ကိုဘခက်သည် ဒေါ်ခင်မျိုးသန့်ကို အလျဉ်းဂရုမစိုက်။ ဦးကျော်ဒင်ကို ကြည့်နေလိုက်သည်။

ကျွန်တော် ဦးလေးကို အားနာပါတယ်။ ဒါပေမဲ့ ကိစ္စတစ်ခုဟာ တစ်ဖက်တည်းတွေးလို့မရပါဘူး။ နှစ်ဖက်ကြည့်တွေးတာဟာ တရားပါတယ်။ ဒီကိစ္စမှာ တစ်ဖက်ကတွေးရင် ကြီးမားတဲ့အပြစ်ကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ကျန်တစ်ဖက်ကတွေးရင် ကြီးမားတဲ့ မေတ္တာစွမ်းအားကို မလွန်ဆန်နိုင်ပဲ ဖြစ်ကြရတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က အလွန်ပါပဲ။ ကျွန်တော် ဦးလေးကို တောင်းပန်ပါတယ်။ ဦးကျေးဇူးတွေဟာ ကျွန်တော့်အပေါ်မှာ မဖော်ပြနိုင်အောင် ကြီးမားပါတယ်။  ဒီကျေးဇူးတွေကို ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ် ပြန်ဆပ်ဖို့ မမေ့ပါဘူး။ ကျွန်တော့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အပြစ်ကြီး တစ်ခုလိုဖြစ်ခဲ့ရင်  ဦးညွှတ်ပြီး  တောင်းပန်ပါတယ်။ အားလုံးရဲ့ဆန္ဒအရ ကျွန်တော်ခုပဲသွားပါရစေ။

ဦးကျော်ဒင်သည်  ကိုဘခက်၏စကားကို နားထောင်ရင်း ငိုင်နေမိသည်။

ဒေါ်ခင်မျိုးသန့်က  နောက်ဆုံးတစ်ချက်လွှတ် အမိန့်ကို ထုတ်ဖော်လိုက်သည်။

“အေး မင်း ဘာပဲပြောပြော ငါပြန်လာရင် မင်း ဒီအိမ်မှာမရှိပါစေနဲ့။ ရှိနေရင်တော့ မင်းကို ကြည့်နေမယ်မဟုတ်ပါဘူး”

ဒေါ်ခင်မျိုးသန့်သည် ပြောပြောဆိုဆို အပြင်သို့ ထွက်သွားတော့သည်။

ဦးကျော်ဒင်တွင်  ပါးစောင်တွင်ခဲထားသော ဆေးတံကိုချွတ်ရင်း သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ဘာမှမပြောတော့ပါဘူး မောင်ဘခက်။ မင်းမှာ အစဉ်းစားဉာဏ်ရှိပါလိမ့်မယ်။ အားလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းကို စဉ်းစားပြီး ဆုံးဖြတ်ပေတော့”

ဦးကျော်ဒင်သည် လှေကားရင်းတွင်ရပ်နေရာမှ အပေါ်ထပ်သို့ တစ်လှမ်းချင်း တက်သွားလေသည်။

မွန်နှင့် မော်တို့သည် ဦးကျော်ဒင်၏စကားကို အားမလိုအားမရ ဖြစ်မိသည်။

ဦးကျော်ဒင်သည် ကိုဘခက်အား နာနာကြည်းကြည်း ပြောဆိုနှင်ချမည်ဟု မျှော်လင့်ခဲ့သည်။

ယခုမူ ဦးကျော်ဒင်၏ စကားများသည် လူကြီးဆန်လွန်းသည်။ လိမ္မာပါးနပ်လွန်းသည်။

ထို့ကြောင့်လည်း မွန်နှင့် မော်မှာ မကျေနပ်နိုင်အောင် ရှိတော့သည်။ သို့မကျေနပ်သည့်တိုင်အောင် သူတို့ကိုယ်တိုင်ကား ရုတ်တရက် ဝင်၍မပြောရဲကြချေ။

ကိုဘခက်၏ တည်ကြည်ခန့်ညား စူးရှရဲတင်း သောအကြည့်များက သူတို့ကို ရွံ့စေသည်။ ကိုဘခက်သည် မွန်နှင့်မော့်ကို တစ်ချက်မျှကြည့်လိုက်သည်။

ပြီးမှ ... သူ့မျက်လုံးများက ‘မ’ဆီသို့ ရောက်သွားသည်။ ‘မ’ သည် ကိုဘခက် ဆက်၍ပြောမည့် စကားကို စိုရိမ်တကြီး စောင့်စားနေဟန်ရှိသည်။

“ရှေးတုန်းက ကျွန်တော်တို့လို ပညာသည်တွေကို ရှင်ဘုရင်က  ခေါ်ယူမြှောက်စားတတ်ကြသည်။ ဒါပေမဲ့ ဒီလိုပညာသည်တွေဟာ နန်းတွင်းသူ တစ်ယောက်နဲ့ ဆက်သွယ်ရည်ငံမိရင် ရှင်ဘုရင်ရဲ့ အမျက်ထားခံရပြီး သတ်ရင်လည်း ခံရတယ်။ နန်းတွင်းက တခြားပြေးရင်လည်း ပြေးရတယ်။ ဒီအလေ့ဟာ ခုထိမပျောက်သေးဘူး။ အဲဒီလိုပါပဲ။ ကျွန်ပိုင်တွေက ကျွန်တွေကို ဈေးကောင်းကောင်းနဲ့ ရောင်းတဲ့စနစ်မျိုးဟာလည်း ခုထိရှိပါသေးတယ်။ ‘မ’ တို့ရဲ့အိမ်ကြီးဟာ နန်းတော်ကြီးတမျှ အဆောင်အယောင်တွေနဲ့ ပြည့်ဝပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို နေရာမျိုးမှာ အနုပညာသည်တွေဟာ ဖျော်ဖြေခစား ရုံကလွဲလို့ တခြားဘာမှမရှိဘူး။ ဒီလိုမှမဟုတ်ဘဲ သူတို့ ခြောက်ကပ်အက်ကွဲတဲ့ အသည်းနှလုံးနဲ့ တစ်စုံတစ်ယောက်ကိုများ မေတ္တာပွားမိရင် ဒီပညာသည်တွေဟာ ဒုက္ခလှလှကြီးတွေ့ရတာပဲ။ ဒါပေမဲ့ ဒီလိုနန်းတော်ကြီးတမျှ ခမ်းနားလှတဲ့ အိမ်ကြီးအတွင်းမှာရှိတဲ့ မိန်းမပျိုတွေဟာ တကယ်တမ်းကျတော့ ကျွန်တွေကို ဈေးကောင်းကောင်းနဲ့ရောင်းသလို အရောင်းခံနေကြရတာပါ။ နှလုံးသားမှာ တည်ရှိတဲ့ ချစ်မေတ္တာကိုသာ တန်ဖိုးထားရင် ‘မ’ တစ်ယောက် ဟာ အဲဒီလို အရောင်းမခံပါနဲ့ဆိုတာ ကျွန်တော် နောက်ဆုံးပြောခဲ့ပါတယ်” 

ဆက်လက်ဖော်ပြပါမည်။